မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဂျာမနီနိုင်ငံတွင် လူဦးရေ ၈ ရာခိုင်နှုန်းသာ ခရစ္စမတ်အကြိုနေ့၏ အရေးကြီးဆုံးကဏ္ဍကို ဘာသာရေးနှင့်ဆိုင်သည်ဟု ယူမှတ်ကြ၏။ ယင်းကိန်းဂဏန်းသည် ၁၉၈၀ ပြည့်နှစ်တွင် ၄၇ ရာခိုင်နှုန်းရှိခဲ့သည်။—TV NEWS CHANNEL N24, ဂျာမနီ။

“[အမေရိကန်နိုင်ငံ] သမိုင်းတွင် ပထမဆုံးအကြိမ်အနေနှင့် အရွယ်ရောက်သူအမေရိကန် ၁၀၀ တွင် တစ်ဦးထက်မကသည် ထောင်ကျနေ၏။ . . . တစ်နိုင်ငံလုံးတွင် ထောင်ကျသူဦးရေ ၁.၆ သန်းနီးပါးရှိ [သည်] ။” —နယူးယောက်တိုင်းမ်၊ အမေရိကန်။

“လေ့လာမေးမြန်းခံရသော စပိန်လူမျိုး ၁၀၀% ၏ကိုယ်ခန္ဓာတွင် အနည်းဆုံး ပိုးသတ်ဆေးတစ်မျိုး” ရှိကြောင်း လေ့လာမှုတစ်ခုက တွေ့ ရှိခဲ့သည်။ ယင်းသည် နိုင်ငံတကာအဆင့်သတ်မှတ်ချက်အရ လူတစ်ဦး၏ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်ခြေရှိ၏။​—UNIVERSITY OF GRANADA, စပိန်။

“နိုင်ငံများတွင် ရရှိထားသည့်အချက်အလက်များ အရ ဆေးလိပ်မှကောက်ခံရရှိသော အခွန်ငွေပမာဏသည် ဆေးလိပ်ထိန်းချုပ်ရေးအတွက် အသုံးပြုသည့်ငွေပမာဏထက် အဆပေါင်း ၅၀၀ ကျော်ပိုများသည်။” —ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဆွစ်ဇလန်။

အစ္စလာမ်ဘာသာဝင်အရေအတွက်သည် ရိုမန် ကက်သလစ်ဘာသာဝင်အရေအတွက်ကို ကျော်လွန်သွားပြီဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ကမ္ဘာ့လူဦးရေ၏ ၁၉.၂ ရာခိုင်နှုန်းရှိပြီး ရိုမန်ကက်သလစ်ဘာသာဝင်အရေအတွက်မှာ၁၇.၄ရာခိုင်နှုန်းဖြစ်သည်ဟုဆို၏။—ရိုက်တာသတင်းဌာန၊ ဗြိတိန်။

သင်္ဘောဆွဲသည့် စွန်

လောင်စာဆီဈေးနှုန်း မြင့်တက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ပူပန်နေရသော ဤအချိန်တွင် သင်္ဘောပိုင်ရှင်များသည် လောင်စာဆီသုံးစွဲမှုနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် နည်းလမ်းရှာကြံလျက်ရှိသည်။ ၎င်းတို့သည် မိတ်ဆွေဟောင်းဖြစ်သည့်လေကို အသုံးပြုနေကြ၏။ စွန်ကိုအသုံးပြု၍ သင်္ဘောဆွဲမည့် နည်းလမ်းတစ်ခုကို စမ်းသပ်ပြီးဖြစ်သည်ဟု ဂျာမန်သတင်းစာတစ်စောင် (Frankfurter Allgemeine Zeitung) ကဖော်ပြသည်။ စွန်သည် အမြင့်ပေ ၁,၀၀၀ တွင်ရှိပြီး လေကို စွမ်းအင်အဖြစ်အသုံးချကာ မာလိန်မှူးအား သင်္ဘောစက်ရှိန်ကို တဖြည်းဖြည်းလျှော့ချလိုက်စေသည်။ မကြာသေးမီက ၁,၇၂၂ စတုရန်းပေအရွယ်ရှိသော စွန်တစ်ခုသည် ကုန်တင်သင်္ဘောတစ်စင်းအား အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ရာတွင် ကူညီပေးခဲ့သည်။

မိုးခေါင်ရေရှားအရပ်တွင် အသက်ဆက်ရှင်သန်ခြင်း

“အာဖရိကယင်ကောင်သားလောင်းများသည် မိမိတို့ကိုယ်ကို မာကျောသောသကြားခဲများကဲ့သို့ အသွင်ပြောင်းလဲလိုက်ခြင်းဖြင့် ဆိုးရွားသောမိုးခေါင်မှုတွင် အသက်ဆက်နိုင်ခဲ့သည်” ဟုသိပ္ပံသတင်းမဂ္ဂဇင်းကဆိုသည်။ အလွန့်အလွန်ရေခန်းခြောက်လာသောအခါ (Polypedilum vanderplanki) ယင်ကောင်သားလောင်းများသည် ၎င်းတို့၏ဆဲလ်များရှိ ရေကို ခဲနေသည့်အရည်ပျော်သကြားနှင့်တူသော ပြောင်ချောသည့်အရာဖြင့် အစားထိုးလိုက်သည်။ ဤသွေ့ခြောက်သည့်အခြေအနေတွင် သားလောင်း၏ ကိုယ်တွင်းဓာတုဖြစ်စဉ်သည် လုံးဝရပ်တန့်သွား၏။ သားလောင်းများသည် ပြန်လည်ရှင်သန်ရန် နောက်တစ်ကြိမ် မိုးမရွာမချင်း ဤ “သက်မဲ့အခြေအနေ” တွင် ၁၇ နှစ်ကြာနေနိုင်သည်။

နက္ခတ္တဗေဒအတွက် အသင့်တော်ဆုံးနေရာ

အပြည်ပြည်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် စက်ရုပ်ကိုသာအသုံးပြုသော နက္ခတ်တာရာကြည့်စခန်းတစ်ခုကို အန္တာတိတ်အရှေ့ကုန်းမြင့်ပေါ်ရှိ အမြင့်ဆုံးနေရာဖြစ်သော ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃,၄၀၀ တွင်တည်ရှိသည့် ဒွန်းအာဂတ်စ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ တောင်ဝင်ရိုးစွန်းနှင့် မိုင် ၇၀၀ သာဝေးသော ယင်းနေရာသည် အလွန်အေးကာ တစ်ခါတစ်ရံ ပိန်းပိတ်အောင် မှောင်လွန်းလှ၏။ ယင်းနေရာသည် အလွန်ခြောက်သွေ့ပြီး လေငြိမ်သည့်အပြင် ညကာလမှာ လေးလတာရှည်သည်။ ဒွန်းအာဂတ်စ်သည် ကမ္ဘာပေါ်တွင် နက္ခတ်တာရာကြည့်ရှုရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ဆို၏။ ဤတွင်ရှိသော အဝေးကြည့်မှန်ပြောင်းနှင့်ပတ်သက်၍ တရုတ်အန္တာတိတ်နက္ခတ္တဗေဒဌာနမှ ဒါရိုက်တာဖြစ်သူ လီဖန်ဝမ်က “အာကာသထဲကနေပြီး ရိုက်ယူထားတဲ့ပုံတွေလောက် ကောင်းတဲ့ပုံတွေကို ရိုက်ယူနိုင်ပြီး ကုန်ကျစရိတ်ကလည်း အာကာသထဲကို အဝေးကြည့်မှန်ပြောင်းတစ်ခု လွှတ်တင်တာထက် ပိုသက်သာတယ်” ဟုဆိုသည်။