မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုရီးယားနိုင်ငံ၏ ထူးခြားသောအပြောင်းအလဲများကြားတွင် အသက်ရှင်ခြင်း

ကိုရီးယားနိုင်ငံ၏ ထူးခြားသောအပြောင်းအလဲများကြားတွင် အသက်ရှင်ခြင်း

ကိုရီးယားနိုင်ငံ၏ ထူးခြားသောအပြောင်းအလဲများကြားတွင် အသက်ရှင်ခြင်း

ချုံအီပတ် ပြောပြသည်

“ငကြောက်၊ မင်းက တိုက်ပွဲမှာသေရမှာကို ကြောက်နေတယ်။ မင်းက မင်းရဲ့ဘာသာရေးကိုဗန်းပြပြီး စစ်မှုထမ်းဖို့ ရှောင်နေတာ။” အဲဒါက လွန်ခဲ့တဲ့ ၅၅ နှစ်ဖြစ်တဲ့ ၁၉၅၃၊ ဇွန်လမှာ တန်ပြန်ထောက်လှမ်းရေး တပ် (စီအိုင်စီ) ရဲ့စစ်ဗိုလ်ရှေ့မှာ ကျွန်တော်ရပ်နေတုန်း စွပ်စွဲခံရတာဖြစ်တယ်။

ဒါက ကိုရီးယားစစ်ပွဲအတွင်းမှာ ဖြစ်ခဲ့တာပါ။ စစ်ဗိုလ်က ပစ္စတိုကိုဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။ သူက “မင်း တိုက်ပွဲမှာသေရမယ့်အစား အခု ဒီမှာပဲသေရမယ်။ မင်းပြန်စဉ်းစားဦးမလား” လို့မေးတယ်။

“မစဉ်းစားတော့ဘူး” လို့ ကျွန်တော်အခိုင်အမာပဲ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ စစ်ဗိုလ်က ကျွန်တော့်ကို သေဒဏ်ပေးဖို့ ပြင်ဆင်ပါလို့ အရာရှိတစ်ယောက်ကို အမိန့်ပေးလိုက်တယ်။

ကျွန်တော် စစ်တပ်မှာအမှုထမ်းဖို့ ဆင့်ခေါ်ခံရပေမဲ့ ငြင်းလိုက်တဲ့အတွက်ကြောင့် ဒီအခြေအနေကို ရောက်ခဲ့တာပါ။ ကျွန်တော်တို့ စောင့်နေတုန်းမှာ ကျွန်တော့်ရဲ့အသက်တာကို ဘုရားသခင်ထံမှာ အပ်နှံပြီးသားဖြစ်လို့ တခြားဘယ်အကြောင်းကြောင့်မဆို ဘုရားသခင့်အမှုတော်ကို စွန့်လွှတ်တယ်ဆိုရင် မှားမယ်ဆိုတာ ကျွန်တော်ယုံကြည်တဲ့အကြောင်း စစ်ဗိုလ်ကိုပြောပြခဲ့တယ်။ အဲဒီနောက် မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားတယ်။ သိပ်မကြာခင်မှာပဲ အရာရှိပြန်ရောက်လာပြီး ကျွန်တော့်ကို သေဒဏ်ပေးဖို့ အားလုံးအသင့်ဖြစ်နေပြီလို့ ပြောတယ်။

အဲဒီအချိန်တုန်းက တောင်ကိုရီးယားကလူတွေဟာ ယေဟောဝါသက်သေအကြောင်း သိပ်မသိကြဘူး၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကြောင့် ဘယ်အစိုးရရဲ့ စစ်တပ်မှာမှ စစ်မှုမထမ်းဘူးဆိုတဲ့အချက်ကို မသိကြဘူး။ နောက်ဆက်ဖြစ်ပျက်တဲ့အရာတွေကို မရှင်းပြခင် စစ်ဗိုလ်ကို ပြောပြခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့်ချခဲ့ရတယ်ဆိုတာ ပြောပြပါရစေ။

ကျွန်တော့်အစောပိုင်းအသက်တာ

ကျွန်တော့်ကို ၁၉၃၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်နဲ့နီးတဲ့ မြို့တစ်မြို့မှာ မိသားစုတစ်စုရဲ့ သားဦးအဖြစ် မွေးဖွားခဲ့တယ်။ ကျွန်တော့်အဘိုးက ထက်သန်တဲ့ ကွန်ဖြူးရှပ်နောက်လိုက်တစ်ဦးဖြစ်ပြီး ကျွန်တော့်ကိုလည်း အဲဒီလိုဖြစ်အောင် လေ့ကျင့်ပေးခဲ့တယ်။ ကျွန်တော်ကျောင်းတက်တာကို ကန့်ကွက်ခဲ့လို့ သူသေပြီးနောက် ကျွန်တော်အသက်ဆယ်နှစ်ရှိတဲ့အထိ ကျောင်းမတက်ခဲ့ရဘူး။ အဲဒီနောက် ၁၉၄၁ ခုနှစ်မှာ ဂျပန်နဲ့ အမေရိကန်တို့ဟာ ဆန့်ကျင်ဘက်အုပ်စုတွေအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းကို ဝင်လာခဲ့ကြတယ်။

ကိုရီးယားဟာ ဂျပန်လက်အောက်ခံဖြစ်တဲ့အတွက် ကျွန်တော်တို့ကျောင်းသားတွေဟာ မနက်တိုင်း ဂျပန်ဧကရာဇ်ကို အရိုအသေပြုတဲ့အခမ်းအနားမှာ ပါဝင်ကြရတယ်။ ကျွန်တော့်အဒေါ်နဲ့ဦးလေးဟာ ယေဟောဝါသက်သေတွေဖြစ်လာကြပြီး သူတို့ရဲ့ ယုံကြည်ချက်ကြောင့် စစ်ကိုထောက်ခံတဲ့လုပ်ငန်းမှာမပါဝင်ကြလို့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ထောင်ချခံခဲ့ရတယ်။ သက်သေခံတွေကို ဂျပန်တွေ ဆက်ဆံတာ ရက်စက်ကြမ်းတမ်းလွန်းတဲ့အတွက် ကျွန်တော့်ဦးလေးအပါအဝင် သူတို့ထဲက အတော်များများ သေဆုံးသွားကြတယ်။ နောက်ပိုင်း ကျွန်တော့်အဒေါ်က ကျွန်တော်တို့မိသားစုနဲ့အတူ နေခဲ့တယ်။

၁၉၄၅ ခုနှစ်မှာ ကိုရီးယားဟာ ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့တယ်။ ကျွန်တော့်အဒေါ်နဲ့ ထောင်ထဲကလွတ်မြောက်လာတဲ့ သက်သေခံတွေရဲ့အကူအညီနဲ့ ကျွန်တော်ဟာ သမ္မာကျမ်းစာကို လေးလေးနက်နက် လေ့လာခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့တယ်။ ၁၉၄၉၊ ဩဂုတ်လမှာ ဂိလဒ် ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းမှာ လေ့ကျင့်မှုခံယူခဲ့တဲ့ ဒန်နဲ့ အာလဲန်စတီးလ် မောင်နှံဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးခရစ်ယာန်သာသနာပြုတွေအဖြစ် ခန့်အပ်ခံရပြီး ဆိုးလ်မြို့ကို ရောက်လာကြတယ်။ နောက်ပိုင်း လအတော်ကြာတဲ့အခါ အခြားသူတွေလည်း ရောက်လာကြတယ်။

၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကိုရီးယားလူမျိုးသုံးဦးနဲ့အတူ ကျွန်တော်ဟာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တွေကိုခေါ်တဲ့ ရှေ့ဆောင်တွေအဖြစ် စတင်အမှုဆောင်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကိုရီးယားမှာ ရှေ့ဆောင်ဖြစ်လာတဲ့သူတွေထဲမှာဆိုရင် ကျွန်တော်တို့ဟာ ပထမဆုံးပဲ။

ကိုရီးယားစစ်ပွဲအတွင်း အသက်တာ

သိပ်မကြာခင် ၁၉၅၀ ပြည့်နှစ်၊ ဇွန် ၂၅ ရက်မှာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား စစ်ဖြစ်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုရီးယားတစ်နိုင်ငံလုံးအနေနဲ့ ဆိုးလ်မြို့မှာ ကျွန်တော်တို့ ၆၁ ယောက်ပါဝင်တဲ့ သက်သေခံအသင်းတော်တစ်ခုပဲရှိသေးတယ်။ ခရစ်ယာန်သာသနာပြုတွေကို သူတို့ရဲ့လုံခြုံရေးအတွက် တိုင်းပြည်ကနေထွက်ခွာဖို့ အမေရိကန်သံရုံးက တောင်းဆိုခဲ့တယ်။ ဒေသခံ သက်သေခံအတော်များများလည်း ဆိုးလ်မြို့ကို စွန့်ခွာပြီး နိုင်ငံရဲ့တောင်ပိုင်းတစ်လျှောက် အနှံ့အပြားပြောင်းရွှေ့သွားခဲ့ကြတယ်။

ဒါပေမဲ့ တောင်ကိုရီးယားအစိုးရက ကျွန်တော့်လို စစ်မှုထမ်းနိုင်တဲ့အသက်အရွယ်ရှိတဲ့ လူငယ်တွေကို ဆိုးလ်မြို့ကနေ မထွက်သွားခိုင်းဘူး။ ရုတ်တရက် ကွန်မြူနစ်တပ်တွေဟာ မြို့တွင်းကိုချီတက်လာပြီး ဆိုးလ်မြို့ဟာ ကွန်မြူနစ်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက် ရောက်သွားတယ်။ ကျွန်တော်ဟာ အခန်းကျဉ်းလေးတစ်ခုထဲမှာ သုံးလကြာတဲ့အထိ ပုန်းနေရတဲ့အချိန်အတွင်းမှာတောင် လူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောနိုင်ခဲ့တယ်။ ဥပမာအနေနဲ့ ကွန်မြူနစ်တွေကို ပုန်းရှောင်နေတဲ့ ကျောင်းဆရာတစ်ဦးနဲ့ ကျွန်တော်ဆုံတွေ့ခဲ့တယ်။ နောက်တော့ သူက ကျွန်တော်နဲ့အတူ အခန်းကျဉ်းလေးထဲမှာနေပြီး နေ့တိုင်း ကျမ်းစာလေ့လာတယ်။ အချိန်တန်တော့ သူဟာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံခဲ့တယ်။

နောက်ဆုံးတော့ မြောက်ကိုရီးယားက ကွန်မြူနစ်အရာရှိတွေဟာ ကျွန်တော်တို့ ပုန်းခိုတဲ့နေရာကို တွေ့သွားတယ်။ ကျွန်တော်တို့က ကျမ်းစာကျောင်းသားတွေပါလို့ပြောပြီး သူတို့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သမ္မာကျမ်းစာသွန်သင်ချက်တွေကို ရှင်းပြခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့ကို ဖမ်းဆီးမယ့်အစား သမ္မာကျမ်းစာကို စိတ်ဝင်စားမှုပြကြလို့ ကျွန်တော်တို့ အံ့သြခဲ့ကြတယ်။ အမှန်တော့ သူတို့ထဲက တချို့ဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကို နားထောင်ချင်လို့ အကြိမ်အနည်းငယ်လောက်တောင် ပြန်လာကြတယ်။ ဒီတွေ့ ကြုံမှုက ယေဟောဝါရဲ့ကာကွယ်မှုအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ပိုပြီးခိုင်ခံ့စေခဲ့တယ်။

ယူအဲန်စစ်တပ်တွေ ဆိုးလ်မြို့မှာ တပ်စွဲပြီးတဲ့နောက် ၁၉၅၁၊ မတ်လမှာ ကျွန်တော်ဟာ တေဂူမြို့ကို ခရီးသွားဖို့ အထူးခွင့်ပြုချက်ရရှိခဲ့တယ်။ ကျွန်တော်ဟာ အဲဒီမြို့မှာ သက်သေခံချင်းတွေနဲ့အတူ လပေါင်းများစွာ ဟောပြောခွင့်ရခဲ့တယ်။ အဲဒီနောက် စစ်မပြီးခင် ၁၉၅၁၊ နိုဝင်ဘာလမှာ ဒန်စတီးလ်ဟာ ကိုရီးယားကိုပြန်ရောက်လာတယ်။

ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ သူ့ကို ကျွန်တော် ကူညီပေးခဲ့တယ်။ ကင်းမျှော်စင်နဲ့ ဟောပြောခြင်းလုပ်ငန်းလုပ်ဆောင်ရာမှာ သက်သေခံတွေကို လမ်းညွှန်ချက်တွေပေးတဲ့ အချက်အလက်ပေးသူစာစောင်တွေကို ကိုရီးယားဘာသာစကားနဲ့ ဘာသာပြန်၊ လက်နှိပ်စက်နဲ့ရိုက်ပြီး ကူးယူခဲ့ကြတယ်။ ဒီအရာတွေကို မြို့အသီးသီးမှာရှိတဲ့ အသင်းတော်တွေဆီ ပို့ပေးခဲ့ကြတယ်။ အခါအားလျော်စွာပဲ အသင်းတော်တွေကို လည်ပတ်ပြီးအားပေးဖို့ ဒန်နဲ့ ကျွန်တော်ဟာ အတူခရီးသွားကြတယ်။

၁၉၅၃၊ ဇန်နဝါရီလမှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် လေ့ကျင့်ခံဖို့ နယူးယောက်မှာရှိတဲ့ ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်ခေါ်စာကို ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ လက်ခံရရှိခဲ့တယ်။ ဒါပေမဲ့ လေယာဉ်ခရီးစဉ်အတွက် စာရင်းသွင်းပြီးတဲ့နောက် စစ်မှုထမ်းဖို့ သတင်းပို့ရမယ်ဆိုတဲ့ ကိုရီးယားအစိုးရရုံးရဲ့အကြောင်းကြားစာ ရောက်လာတယ်။

ကျွန်တော့်ရဲ့သေရေးရှင်ရေးအခြေအနေ

တပ်သားသစ်စုဆောင်းရေးဌာနမှာ အရာရှိတစ်ဦးကို ကျွန်တော်ရဲ့ကြားနေမှုနဲ့ စစ်မှုထမ်းဖို့ ငြင်းဆိုရတဲ့အကြောင်း ရှင်းပြခဲ့တယ်။ အဲဒီနောက် ကျွန်တော်ဟာ ကွန်မြူနစ်တစ်ယောက်ဟုတ်မဟုတ်ဆိုတာ ဆုံးဖြတ်ဖို့ ကျွန်တော့်ကို စီအိုင်စီထံ လွှဲပြောင်းလိုက်တယ်။ ဒါကြောင့် အစပိုင်းမှာ ပြောခဲ့တဲ့ သေရေးရှင်ရေးအခြေအနေကို ကြုံတွေ့ခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သေနတ်နဲ့ပစ်မယ့်အစား စစ်ဗိုလ်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သစ်သားချောင်းထူထူတစ်ချောင်းကို အရာရှိဆီ လှမ်းပေးလိုက်တယ်၊ ပြီးတော့ ကျွန်တော့်ကို ရိုက်ဖို့ အမိန့်ပေးလိုက်တယ်။ မချိမဆံ့နာကျင်ပေမဲ့ ကျွန်တော်ခံရပ်နိုင်ခဲ့လို့ ပျော်ရွှင်ခဲ့တယ်။

စီအိုင်စီဟာ ကျွန်တော့်ဘာသာရေးယုံကြည်ချက်ကို အလေးမထားတဲ့ အရာရှိတွေရှိတဲ့ စုဆောင်းရေးတပ်ဆီ ကျွန်တော့်ကို ပြန်ပို့လိုက်ပြီး တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့ စစ်သားမှတ်ပုံတင်နံပါတ်တစ်ခုပေးတယ်၊ အဲဒီနောက် ကိုရီးယားပင်မနယ်မြေအနားက ချီကျူကျွန်းမှာရှိတဲ့ စစ်လေ့ကျင့်ရေးဌာနကို ပို့လိုက်တယ်။ နောက်တစ်နေ့မနက်မှာ ကျွန်တော်အပါအဝင် တပ်သားသစ်တွေကို စစ်သားတွေအဖြစ် သစ္စာဆိုဖို့ အစီအစဉ်လုပ်တယ်။ သစ္စာဆိုဖို့ ကျွန်တော်ငြင်းဆိုခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်တော်ဟာ စစ်ခုံရုံးအတင်ခံရပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရတယ်။

ထောင်နဲ့ချီတဲ့သူတွေ သမာဓိစောင့်ထိန်းခဲ့ကြ

ခရစ်ယာန်သာသနာပြုလေ့ကျင့်ရေးအတွက် ထွက်ခွာရမယ့်နေ့မှာ လေယာဉ်ပျံတစ်စင်း ပျံသန်းသွားတာကို ကျွန်တော်တွေ့လိုက်ရတယ်။ အဲဒါက ကျွန်တော်စီးဖို့ စာရင်းသွင်းထားတဲ့ လေယာဉ်ပဲ။ ကျွန်တော် ဂိလဒ်ကျောင်းမတက်ရလို့ ဝမ်းနည်းနေမယ့်အစား ယေဟောဝါအပေါ်ထားတဲ့ ကျွန်တော့်ရဲ့သမာဓိကို စောင့်ထိန်းနိုင်လို့ ကျွန်တော်ပျော်ရွှင်ခဲ့တယ်။ ပြီးတော့ စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တဲ့ ကိုရီးယားသက်သေခံက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ အမှန်တော့ နောက်ပိုင်းနှစ်တွေတစ်လျှောက်မှာ သက်သေခံ ၁၃,၀၀၀ ကျော်မကဟာ အဲဒီလိုပဲ သစ္စာတည်ကြည်ခဲ့ကြတယ်။ သူတို့အားလုံးဟာ စုစုပေါင်း အနှစ် ၂၆,၀၀၀ မက ကိုရီးယားထောင်တွေထဲမှာ နေခဲ့ကြရတယ်။

သုံးနှစ်ပြစ်ဒဏ်အတွက် နှစ်နှစ်ကျခံပြီးတဲ့နောက် ၁၉၅၅ ခုနှစ်မှာ စံပြအကျဉ်းသားတစ်ဦးအဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တယ်။ ကျွန်တော့်ရဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကို ပြန်စခဲ့တယ်။ နောက်ပိုင်း ၁၉၅၆၊ အောက်တိုဘာလရောက်တော့ တောင်ကိုရီးယားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ရုံးတွေမှာ အမှုဆောင်ဖို့ တာဝန်ခန့်အပ်ချက်တစ်ခုကို လက်ခံရရှိခဲ့တယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ်မှာ ဂိလဒ်ကျောင်းတက်ဖို့ ပြန်ဖိတ်ခေါ်ခံရတယ်။ ကျောင်းဆင်းတော့ ကိုရီးယားမှာ ပြန်တာဝန်ခန့်အပ်ခံရတယ်။

ကိုရီးယားပြန်ရောက်ပြီးနောက် တစ်ချိန်မှာ ကျွန်တော်ဟာ သစ္စာရှိသက်သေခံ အင်ဟေဆောင်နဲ့တွေ့ ပြီး ၁၉၆၂ ခုနှစ် မေလမှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ သူဟာ ဗုဒ္ဓဘာသာဝင်မိသားစုမှာ ကြီးပြင်းလာပြီး သူငယ်ချင်းတစ်ယောက်ဆီကနေ သက်သေခံတွေအကြောင်း သိရှိခဲ့တယ်။ ကျွန်တော်တို့ လက်ထပ်ပြီးစ သုံးနှစ်အတွင်းမှာ သစ္စာရှိသက်သေခံတွေကို အားပေးဖို့ရည်ရွယ်ချက်နဲ့ အပတ်တိုင်း ကိုရီးယားမှာရှိတဲ့ အသင်းတော်တစ်ခုစီကို လည်ပတ်ခဲ့ကြတယ်။ ၁၉၆၅ ခုနှစ်ကတည်းက ကျွန်တော်တို့ဟာ ဆိုးလ်မြို့နဲ့မိုင် ၄၀ ခန့်ဝေးတဲ့ သက်သေခံတွေရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်ခဲ့ကြတယ်။

အပြောင်းအလဲများကို ပြန်ပြောင်းစဉ်းစားခြင်း

နောက်ကြောင်းကို ပြန်ကြည့်မိတာနဲ့အမျှ ဒီနိုင်ငံမှာ အပြောင်းအလဲတွေအများကြီး ဖြစ်ခဲ့တာကို အံ့ဩတကြီး မြင်တွေ့ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်၊ မြောက်ကိုရီးယားနဲ့ဖြစ်တဲ့စစ်တွေပြီးတဲ့နောက် တောင်ကိုရီးယားဟာ လုံးဝနီးပါး ပျက်စီးခဲ့တယ်။ မြို့ကြီးတွေနဲ့လမ်းတွေ ပြိုပျက်ခဲ့တယ်။ လျှပ်စစ်မီးနဲ့ အပူပေးစနစ်တွေလည်း ရတစ်လှည့်၊ ပျက်တစ်လှည့်ပဲ။ စီးပွားရေးအခြေအနေကလည်း ချွတ်ခြုံကျခဲ့တယ်။ နောက်အနှစ် ၅၀ အကြာမှာတော့ တောင်ကိုရီးယားဟာ အံ့သြရလောက်အောင် ပြန်နာလန်ထူလာခဲ့တယ်။

ကနေ့ ကမ္ဘာပေါ်မှာ တောင်ကိုရီးယားဟာ စီးပွားရေးအတိုးတက်ဆုံးနိုင်ငံတွေထဲက နံပါတ် ၁၁ နေရာမှာရှိတယ်။ ခေတ်မီမြို့ကြီးတွေ၊ အမြန်ရထားစနစ်တွေ၊ အီလက်ထရောနစ်နဲ့ မော်တော်ကားထုတ်လုပ်ရာမှာ ကျွမ်းကျင်မှုတွေကြောင့် ထင်ရှားကျော်ကြားလှပါတယ်။ အခု တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကားအများဆုံးထုတ်လုပ်တဲ့ ပဉ္စမမြောက်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ကျွန်တော့်အတွက် ထူးခြားတဲ့အပြောင်းအလဲကတော့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးတွေကို လေးစားလာတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ တိုးတက်မှုတွေဖြစ်တယ်။

၁၉၅၃ ခုနှစ်မှာ ကျွန်တော်စစ်ခုံရုံးအတင်ခံရတော့ ကိုရီးယားအစိုးရဟာ စစ်မှုမထမ်းတဲ့အကြောင်းရင်းကို နားမလည်ခဲ့ဘူး။ ကျွန်တော်တို့ထဲက တချို့ဟာ ကွန်မြူနစ်တွေလို့ စွပ်စွဲခံရပြီး သက်သေခံအနည်းငယ်ဟာ သေတဲ့အထိ ရိုက်နှက်ခံခဲ့ရတယ်။ သူတို့ငယ်ရွယ်စဉ်က ယုံကြည်ချက်ကြောင့် ထောင်ချခံရတဲ့သူအများစုဟာ သူတို့ရဲ့သားတွေနဲ့ မြေးတွေအထိတောင် အဲဒီအကြောင်းရင်းကြောင့် ထောင်ချခံရတာကို မြင်တွေ့ခဲ့ကြရတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်းက လူထုဆက်သွယ်ရေးသတင်းမီဒီယာမှာ ယေဟောဝါသက်သေတွေ ယုံကြည်ချက်ကြောင့် ဘယ်နိုင်ငံရဲ့စစ်မှုရေးရာတွေမှာမှ မပါဝင်တာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံဖော်ပြခဲ့တယ်။ စစ်မှုထမ်းဖို့ ငြင်းပယ်တဲ့ သက်သေခံတစ်ဦးကို တရားစွဲဆိုခဲ့တဲ့ ရှေ့နေတစ်ဦးက သူလုပ်ခဲ့တာတွေအတွက်တောင်းပန်ဖို့ သတင်းစာမှာ အိတ်ဖွင့်ပေးစာတစ်စောင်တောင်ရေးခဲ့တယ်၊ အဲဒီစာကို နာမည်ကြီးမဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြထားတယ်။

တခြားနိုင်ငံတွေလိုပဲ တောင်ကိုရီးယားမှာလည်း ယုံကြည်ချက်ကြောင့်စစ်မှုထမ်းဖို့ ငြင်းပယ်ပိုင်ခွင့်ကို လေးစားလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တောင်ကိုရီးယားအာဏာပိုင်တွေဟာ ကျွန်တော့်မှာရှိတဲ့ယုံကြည်ချက်မျိုး ရှိတဲ့လူငယ်တွေ “ငြိမ်ဝပ်အေးချမ်းစွာ အသက်ရှင်နိုင်” ဖို့သူတို့ကို ထောင်ထဲပို့တဲ့အစဉ်အလာ အဆုံးသတ်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။—၁ တိမောသေ ၂:၁၊ ၂

ယေဟောဝါဘုရားသခင်ရဲ့ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ရဲ့အုပ်စိုးရှင်အဖြစ် ကိုယ်တော်ရဲ့အခွင့်အရာကို ထောက်ခံရတဲ့အခွင့်ထူးကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်။ (တမန်တော် ၅:၂၉) ကိုယ်တော့်အပေါ် သစ္စာစောင့်ခြင်းအားဖြင့် ကိုယ်တော်ရဲ့နှလုံးကို ရွှင်လန်းစေခြင်းက ကျွန်တော်တို့ရဲ့ အကြွင်းမဲ့စိတ်ဆန္ဒဖြစ်တယ်။ (သု. ၂၇:၁၁) ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားပြီး ကိုယ်ဉာဏ်ကိုအမှီမပြု’ ဖို့ ရွေးချယ်ခဲ့တဲ့ သန်းနဲ့ချီတဲ့လူတွေထဲမှာ ပါဝင်ရလို့ ကျွန်တော်ပျော်တယ်။—သု. ၃:၅၊ ၆

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

“သူတို့ဟာ ကျွန်တော်တို့ကို ဖမ်းဆီးမယ့်အစား သမ္မာကျမ်းစာကို စိတ်ဝင်စားမှုပြကြလို့ ကျွန်တော်တို့ အံ့သြခဲ့ကြတယ်”

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

ကိုရီးယားသက်သေခံတွေဟာ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ထောင်ထဲမှာ အနှစ်၂၆,၀၀၀ နေခဲ့ရတယ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၉၅၃ ခုနှစ်၊ စစ်အကျဉ်းထောင်တွင်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၅၂ ခုနှစ်၊ စစ်အတွင်းတွင် ဒန်စတီးလ်နှင့်အတူ အသင်းတော် များသို့ လည်ပတ်ခြင်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၆၁ ခုနှစ်၊ ကျွန်တော်တို့ လက်မထပ်မီက

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၅၆ ခုနှစ်တွင် နယ်လှည့် ကြီးကြပ်မှူး၏ စကားပြန် အဖြစ် ကူညီပေးခြင်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယနေ့ အင်ဟေဆောင်နှင့်အတူ