မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ ဤနေရာတွင် ရောက်ရှိနေရသည့်အကြောင်း

ကျွန်ုပ်တို့ ဤနေရာတွင် ရောက်ရှိနေရသည့်အကြောင်း

ကျွန်ုပ်တို့ ဤနေရာတွင် ရောက်ရှိနေရသည့်အကြောင်း

ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ဘယ်တော့မျှ ရည်ရွယ်ချက်မရှိဘဲ လုပ်ဆောင်တော်မမူကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ ဥပမာတစ်ခုအနေနှင့်၊ ကမ္ဘာ့သက်ရှိများကို အသက်ဆက်နိုင်စေရန် ရေသံသရာပြုလုပ်ထားပေးပုံကို သုံးသပ်ကြည့်ပါ။ ယင်းကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။”—ဒေ. ၁:၇

သမ္မာကျမ်းစာသည် ဘုရားသခင့်ကတိတော်များအား ယုံကြည်အားထားနိုင်မှုကို ယခုလေးတွင် ဖော်ပြခဲ့သည့် ရေသံသရာနှင့် နှိုင်းယှဉ်ထား၏။ ယနေ့ ကျွန်ုပ်တို့သိရှိကြသည့်အတိုင်း သမုဒ္ဒရာ၊ ပင်လယ်နှင့်ရေအိုင်များမှရေသည် နေပူရှိန်ကြောင့် အငွေ့ပြန်ပြီး ယင်းနောက် မိုးရေအဖြစ် မြေကြီးပေါ်သို့ ပြန်ရောက်သွားသည်။ ယေဟောဝါသည် ယင်းသံသရာကို အာရုံစိုက်စေပြီး ဤသို့ရှင်းပြတော်မူ၏– “ထို့အတူ ငါ့နှုတ်မှ ထွက်ပြီးသောစကားသည် ဖြစ်လိမ့်မည်။ အကျိုးမဲ့ ငါ့ထံမပြန်ရ။ ငါအလိုရှိရာပြည့်စုံစေ၍ စေခိုင်းသောအမှု၌ အထမြောက်စေလိမ့်မည်။”—ဟေရှာယ ၅၅:၁၀၊ ၁၁၊ သမ္မာ။

ကမ္ဘာ့သက်ရှိများ အသက်ဆက်နိုင်ရေးအတွက် သန့်ရှင်းသောရေများသည် မိုးတိမ်များမှတစ်ဆင့် မြေကြီးပေါ်ရောက်ရှိလာကြသည်။ အလားတူ၊ “[ဘုရားသခင့်] နှုတ်မှထွက်ပြီးသောစကား” သည် ကျွန်ုပ်တို့၏မွေးရာပါစိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ယင်းကို ယေရှုကိုယ်တော်တိုင် ဤသို့ရှင်းပြခဲ့သည်– ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်။’—မဿဲ ၄:၄ကဘ။

ဘုရားသခင်အကြောင်း လေ့လာဆည်းပူးခြင်းက ကျွန်ုပ်တို့အား ကိုယ်တော်၏ရည်ရွယ်ချက်နှင့်အညီ အသက်ရှင်စေပါသည်။ သို့သော် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ ကျွန်ုပ်တို့မနေထိုင်မီ ဦးစွာ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို သိရှိနားလည်ရန်လို၏။ ဥပမာ၊ ဤကမ္ဘာမြေကြီးကို ဘုရားသခင် အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း။ ယင်းနှင့်စပ်လျဉ်းသည့် ကိုယ်တော်၏ရည်ရွယ်ချက်က ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ကြည့်ကြပါစို့။

ကမ္ဘာမြေကြီးနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်တော်မူချက်

ဘုရားသခင်သည် လူသားတို့အတွက် အကောင်းဆုံးကို လိုလားတော်မူသည်ဖြစ်ရာ ကနဦးလူသားမောင်နှံ အာဒံနှင့်ဧဝကို သာယာလှပသည့် ဧဒင်ဥယျာဉ်ထဲတွင် ထားရှိခဲ့၏။ ထို့နောက် သူတို့အား သားသမီးများမွေးဖွားရန် ကိုယ်တော် ဤသို့မိန့်ကြားတော်မူခဲ့သည်– “များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၆-၂၈; ၂:၈၊ ၉၊ ၁၅

ဤညွှန်ကြားချက်များကိုကြည့်၍ ကျွန်ုပ်တို့ အဘယ်ကောက်ချက်ချနိုင်သနည်း။ ဘုရားသခင်သည် ကမ္ဘာကြီးတစ်ခုလုံးကို လူသားတို့အတွက် သာယာလှပသည့်နေအိမ်တစ်ခုအဖြစ် ပြုစုပျိုးထောင်ပေးလိုခဲ့ကြောင်း မရှင်းပေလော။ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘ကောင်းကင်ကား ယေဟောဝါ၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ။’—ဆာလံ ၁၁၅:၁၆

သို့သော် လူသားတို့သည် ကမ္ဘာမြေပေါ် ထာဝစဉ်နေထိုင်သွားရန်ဟူသော ဘုရားသခင့်ရည်ရွယ်တော်မူချက်မှ အကျိုးခံစားရရန် ယေဟောဝါ၏စကားကို နားထောင်ခြင်းဖြင့် ကိုယ်တော့်ကိုဂုဏ်တင်ဖို့ လိုအပ်သည်။ သို့သော် အာဒံ ထိုသို့လုပ်ဆောင်ခဲ့ပါသလော။ မလုပ်ဆောင်ခဲ့ချေ၊ သူသည် ဘုရားသခင်၏စကားကို ဆန့်ကျင်ခြင်းဖြင့် အပြစ်ပြုခဲ့သည်။ အဘယ်ရလဒ်ရရှိခဲ့သနည်း။ ယနေ့ ကျွန်ုပ်တို့အားလုံးအပါအဝင် အာဒံ၏သားစဉ်မြေးဆက်အားလုံး သမ္မာကျမ်းစာဆိုသည့်အတိုင်း အပြစ်နှင့်သေခြင်းကို အမွေခံလိုက်ရသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။”—ရောမ ၅:၁၂ကဘ။

သို့နှင့် လူသားအားလုံး သေကြရပြီး ကမ္ဘာမြေကြီးသည်လည်း ယခုထက်ထိ သာယာလှပသည့်နေရာအဖြစ်သို့ မရောက်ရှိသေးချေ။ သို့ဆိုလျှင် ကမ္ဘာမြေအတွက်ထားရှိသော ဘုရားသခင့်ရည်ရွယ်တော်မူချက် ပြောင်းလဲသွားပြီဟု ဆိုနိုင်ပါသလော။

မဆိုနိုင်ပါ၊ အကြောင်းမှာ ဘုရားသခင် ဤသို့မိန့်ဆိုခဲ့ကြောင်း အမှတ်ရပါ– “ငါ့နှုတ်မှထွက်ပြီးသောစကားသည် . . . အကျိုးမဲ့ ငါ့ထံမပြန်ရ” ဘဲ “စေခိုင်းသောအမှု၌ အထမြောက်စေလိမ့်မည်။” ထို့အပြင် “ငါ့အလိုရှိသမျှကို ပြီးမြောက်အောင် ငါပြုမည်” ဟုဘုရားသခင် ကတိပြုတော်မူခဲ့၏။ (ဟေရှာယ ၄၅:၁၈; ၄၆:၁၀သမ္မာ; ၅၅:၁၁၊ သမ္မာ) ဤကမ္ဘာမြေကြီးသည် ကိုယ်တော် မူလရည်ရွယ်ထားခဲ့သည့်အတိုင်း ကိုယ်တော်၏အမှုတော်ကို ဝမ်းမြောက်စွာ ထာဝစဉ်ထမ်းဆောင်ကြသည့် လူသားတို့ဖြင့် ပြည့်နှက်နေကာ ကမ္ဘာတစ်ခွင်လုံး သာယာလှပသည့် ပရဒိသုဖြစ်လာစေရန် ဘုရားသခင် ရည်ရွယ်ထားတော်မူသည်။—ဆာလံ ၃၇:၂၉; ဟေရှာယ ၃၅:၅၊ ၆; ၆၅:၂၁-၂၄; ဗျာ. ၂၁:၃၊ ၄

ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံခဲ့—မည်သို့နည်း

လူသားတို့အား အမွေရထားသော အပြစ်နှင့် ယင်း၏ဆိုးကျိုးများဖြစ်သော မစုံလင်မှုနှင့်သေခြင်းမှ လွတ်မြောက်စေရန် ပြင်ဆင်ပေးရာတွင် မိမိ၏ထူးကဲသောဉာဏ်ပညာနှင့် မေတ္တာကို ယေဟောဝါ ထင်ရှားဖော်ပြခဲ့သည်။ ယင်းကို သားတစ်ဦး မွေးဖွားစေခြင်းဖြင့် ကိုယ်တော်ဖော်ပြခဲ့ပြီး ထိုသားတော်သည် ကနဦးလူသားအာဒံမှ အမွေရရှိခဲ့သည့် အပြစ်နှင့်ကင်းလွတ်မည်ဖြစ်သည်။ ယင်းအစီအစဉ်ကို ရွေးနုတ်ဖိုးဟုခေါ်ပြီး ဘုရားသခင့်စံနှုန်းတော်များနှင့်အညီ အသက်ရှင်နေထိုင်သူတို့ ထာဝရအသက်ရရှိနိုင်ရန် ယင်းကို စီမံပေးထားခြင်းဖြစ်၏။ (မဿဲ ၂၀:၂၈; ဧဖက် ၁:၇; ၁ တိမောသေ ၂:၅၊ ၆) အဆိုပါရွေးနုတ်ဖိုးကို မည်သို့ စီမံပေးခဲ့သနည်း။

ယေဟောဝါ၏ကောင်းကင်တမန် ဂါဗြေလသည် မာရိအမည်ရှိ အပျိုစင်တစ်ဦးအား မကြာမီ အံ့ဖွယ်နည်းဖြင့် သားဖွားမည်ဖြစ်ကြောင်း၊ သူသည် “ယောက်ျားနှင့် သံဝါသမပြုဖူး” သော်လည်း မည်သို့သားဖွားနိုင်ကြောင်းကို အသိပေးခဲ့သည်။ ဘုရားသခင်ပြုလုပ်ခဲ့သည့် အံ့ဖွယ်အမှုမှာ ကောင်းကင်ရှိ မိမိသားဦး၏အသက်ကို မာရိ၏သားအိမ်အတွင်းရှိ မမျိုးဥထဲသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် မာရိသည် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်၏ လုပ်ဆောင်မှုဖြင့် ကိုယ်ဝန်ဆောင်ခဲ့သည်။—လုကာ ၁:၂၆-၃၅ကဘ။

ယေရှုသည် ကိုးလခန့်ကြာပြီးနောက် ကနဦးလူသား အာဒံနှင့်နှိုင်းယှဉ်၍ရသော စုံလင်သည့်လူသားတစ်ဦးအဖြစ် မွေးဖွားလာခဲ့၏။ အချိန်တန်သော် ကိုယ်တော်သည် ပူဇော်ရာယဇ်အနေနှင့် အသေခံရန် မိမိ၏စုံလင်သောလူ့အသက်ကို ပေးဆက်နိုင်ခဲ့သည်။ ထိုသို့ပြုခြင်းဖြင့် ယေရှုသည် ‘ဒုတိယအာဒံ’ အဖြစ် အသုံးတော်ခံခဲ့ပြီး ဘုရားသခင်အပေါ် သစ္စာရှိသူအားလုံး အပြစ်နှင့်သေခြင်းမှ ကယ်နုတ်ခံရရန် အခြေခံအကြောင်းရင်းဖြစ်စေခဲ့သည်။—၁ ကောရိန္သု ၁၅:၄၅၊ ၄၇

ကျွန်ုပ်တို့အပေါ် ပြသခဲ့သည့် ဘုရားသခင်၏ ဤကြီးမားလှသောမေတ္တာတော်ကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့ အမှန်ပင်ချစ်သင့်ပါသည်။ သမ္မာကျမ်းစာက “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” ဟုဆိုသည်။ (ယောဟန် ၃:၁၆ကဘ) မေးခွန်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်ကို မည်သို့တုံ့ပြန်ကြမည်နည်းဖြစ်သည်။ ကိုယ်တော်ပေးသနားသည့် ဆုကျေးဇူးကို တန်ဖိုးထားလေးမြတ်သင့်သည် မဟုတ်လော။ ထိုသို့ တန်ဖိုးထားလေးမြတ်ခဲ့သူတချို့၏ ပုံနမူနာများကို သုံးသပ်ကြည့်ပါလေ။

အဓိပ္ပာယ်ပြည့်ဝသောအသက်တာရရှိခြင်း

ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့် ဒါနီးဇ်သည် ဘုရားသခင်၏ပညတ်များနှင့် လမ်းညွှန်ချက်များကို လိုက်လျှောက်ခြင်းဖြင့် ကိုယ်တော်အား ဂုဏ်တင်ခြင်းက မိမိ၏အသက်တာကို အာရုံစိုက်စေပြီး အဓိပ္ပာယ်ရှိစေသည်ကို တွေ့ရှိခဲ့၏။ သူဤသို့ပြန်ပြောပြသည်– “လူသားတွေအတွက်ထားရှိတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ဟာ အနာဂတ်မှာ ပြည့်စုံလာတော့မှာဖြစ်တယ်၊ ကိုယ်တော့်ကိုဝတ်ပြုသူတွေအတွက် သတ်မှတ်ထားတဲ့အလုပ်တွေ ကိုယ်တော့်မှာရှိတယ်ဆိုတဲ့အကြောင်းတွေကို သမ္မာကျမ်းစာကနေ ကျွန်မသိလာခဲ့ရတယ်။ ကိုယ်တော်ရဲ့ရည်ရွယ်တော်မူချက်နဲ့အညီ အသက်ရှင်၊ ကျွန်မကိုပေးထားတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အသုံးပြုပြီး ကိုယ်တော့်ကို ချီးမွမ်းတာထက် ပိုပြီးကျေနပ်စရာကောင်းတဲ့ဘဝကို ကျွန်မ စဉ်းစားလို့မရဘူး။”

ကျွန်ုပ်တို့လည်း ဘုရားသခင့်အလိုတော်ကား အဘယ်အရာဖြစ်ပြီး ယင်းအား မည်သို့လုပ်ဆောင်ရမည်ကို သင်ယူခြင်းဖြင့် ထပ်တူလုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောကမ္ဘာသစ်တွင် လူ့စုံလင်ခြင်းကိုရရှိစေနိုင်သည့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်မှ အကျိုးအပြည့်အဝ မရရှိကြသေးချေ။ သို့သော် ဤအတောအတွင်း ကျွန်ုပ်တို့တစ်ဦးစီ၏ ကိုယ်ခန္ဓာထဲတွင် ဘုရားသခင်ထည့်ထားသည့် မွေးရာပါစိတ်ဆန္ဒကို ဖြည့်ဆည်းပေးရန် အလွန်အရေးကြီးပါသည်။

ဤဆောင်းပါးတွဲ၏ ပထမဆောင်းပါးတွင် ဖော်ပြခဲ့သည့် ဒေ့ဗ်သည် မိမိ၏မွေးရာပါစိတ်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သူတစ်ဦးဖြစ်သည်။ ဘဝအဓိပ္ပာယ်နှင့်ပတ်သက်သော မိမိ၏မေးခွန်းများအတွက် အဖြေများကို သူတွေ့ရှိခဲ့သည်။ “နောက်ကြောင်းကိုပြန်ကြည့်လိုက်တဲ့အခါ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို မသိရှိခင်က ကျွန်တော့်ရဲ့ဘဝဟာ အကျိုးမရှိတဲ့ လုပ်ဆောင်မှုတွေနဲ့ပြည့်နေတယ်လို့ ရှုမြင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် မသိခဲ့ပေမဲ့ ကျွန်တော့်ရဲ့မွေးရာပါစိတ်ဆန္ဒ ဖြည့်ဆည်းမခံရလို့ ဘဝဟာ အနှစ်သာရမဲ့နေခဲ့တယ်။ အခု အဲဒီခံစားချက် ကျွန်တော့်မှာ မရှိတော့ဘူး။ ကျွန်တော် ဒီမှာ ဘာကြောင့် ရှိနေရတယ်၊ ကျွန်တော့်ဘဝမှာ ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာတွေကို သဘောပေါက်သွားပြီ” ဟုသူကဆို၏။

မစုံလင်သောလူသားတို့၏ အတွေးအခေါ်နှင့်မတူဘဲ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘဝအဓိပ္ပာယ်နှင့်ပတ်သက်သော ဘုရားသခင့်ရှုမြင်ချက်မှာ အမှန်ပင် ကျေနပ်စရာကောင်းလှ၏။ ကျွန်ုပ်တို့ ဤတွင်ရောက်ရှိနေရခြင်းမှာ ကျွန်ုပ်တို့အား ယေဟောဝါ ဖန်ဆင်းထားရသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်သည်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကိုချီးမွမ်းကာ ကိုယ်တော်နှင့် ကောင်းသောဆက်ဆံရေးရရှိခြင်းဖြင့် ကျွန်ုပ်တို့၏မွေးရာပါဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ‘ယေဟောဝါသည် အကြင်လူမျိုး၏ ဘုရားသခင်ဖြစ်၏။ ထိုလူမျိုးသည် ပျော်ရွှင်ပါ၏’ ဟူသော ကျမ်းစာဖော်ပြချက်၏ ပြည့်စုံမှုတွင် ကျွန်ုပ်တို့သည် ယခုနှင့်ထာဝစဉ် မွေ့လျော်နိုင်ကြပါသည်။—ဆာလံ ၁၄၄:၁၅

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဆင်းရဲခက်ခဲမှုကိုဖြစ်စေသောအကြောင်းရင်း

ဆင်းရဲခက်ခဲမှုသည် ကျွန်ုပ်တို့ ဤတွင် ရောက်ရှိနေရသည့်အကြောင်းရင်းကို နားလည်သဘောပေါက်ရန် အခက်တွေ့စေသည့် အကြီးမားဆုံး စိန်ခေါ်ချက်များအနက် တစ်ခုဖြစ်သည်ဟု ဆိုခဲ့ကြပြီ။ ဗစ်တာဖရန်ကယ်လ်က ဤသို့ဖော်ပြခဲ့၏– “ဘဝတွင် အဓိပ္ပာယ်ရှိသည်ဆိုလျှင် ဆင်းရဲခက်ခဲမှုတွင်လည်း အဓိပ္ပာယ်ရှိရပေမည်။ ဆင်းရဲခက်ခဲမှုသည် ကံကြမ္မာနှင့်သေခြင်းကဲ့သို့ပင် ဖယ်ရှား၍မရနိုင်သော ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သည်။”

သမ္မာကျမ်းစာတွင် ဆင်းရဲဝေဒနာခံရသည့်အကြောင်းရင်းနှင့် သေဆုံးရသည့်အကြောင်းရင်းတို့ကို ရှင်းပြ ထားပါသည်။ ဘုရားသခင်ကြောင့်မဟုတ်ပါ။ ယင်းအစား မိမိတို့၏ဖန်ဆင်းရှင်ကို အားမကိုးသည့်လမ်းစဉ်သို့လိုက်ရန် ကနဦးလူသားမောင်နှံ မှားယွင်းစွာဆုံးဖြတ်ချက်ချခဲ့သည့်အတွက် ယင်းသို့သောဆိုးကျိုးများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဤအပြစ်ပြုလိုသောသဘောထားကို ၎င်းတို့၏သားစဉ်မြေးဆက်အားလုံးထံ လက်ဆင့်ကမ်းသွားပြီး ယင်းက လူသားတို့ ဆင်းရဲဝေဒနာခံရသည့် အခြေခံအကြောင်းရင်းဖြစ်၏။

ကျွန်ုပ်တို့ ဤနေရာတွင် အဘယ်ကြောင့် ရောက်ရှိနေရကြောင်းကို သဘောပေါက်ထားခြင်းက ဘဝပြဿနာအားလုံးကို မဖယ်ရှားပေးနိုင်သော်လည်း ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အခြေခံအကြောင်းရင်းဖြစ်စေသည်။ ထို့အပြင် ဆင်းရဲဝေဒနာနှင့်သေခြင်းတို့ကို ဘုရားသခင် ထာဝစဉ်ဖယ်ရှားပေးမည့် အနာဂတ်အချိန်ကို ကျွန်ုပ်တို့အား မျှော်လင့်စောင့်စားစေသည်။

[စာမျက်နှာ ၇ ပါ ပုံကြမ်း/ရုပ်ပုံ]

သမ္မာကျမ်းစာသည် ဘုရားသခင့်ကတိတော် များအား ယုံကြည်အားထားနိုင်မှုကို အံ့ဖွယ် ရေသံသရာနှင့် နှိုင်းယှဉ်ထား

[ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မိုး

အငွေ့ပြန်ခြင်း

အငွေ့ပြန်ခြင်း

ရေအိုင်များ၊ မြစ်များ

သမုဒ္ဒရာများ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ကမ္ဘာမြေကြီးသည် အချိန်တန်လျှင် ပျော်ရွှင်၍ ကျန်းမာသောလူတို့နှင့် ပြည့်နှက်နေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

‘ကျွန်မရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံး ပြုပြီး ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်တာထက် ပိုပြီးကျေနပ်စရာကောင်းတဲ့ အသက်တာကို ကျွန်မ စဉ်းစားလို့မရဘူး။’—ဒါနီးဇ်