မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ တိုင်ပြောသင့်သလား

ငါ တိုင်ပြောသင့်သလား

လူငယ်များအမေး

ငါ တိုင်ပြောသင့်သလား

“အရမ်းခက်တယ်။ သူက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။”—ဂျိမ်းစ်။ *

“အစပိုင်းမှာ အဖြစ်အပျက်တွေက တကယ်တင်းမာတယ်။ ကျွန်မကို သူစိမ်းတစ်ယောက်လို ဆက်ဆံတယ်။ အကြောင်းကတော့ ကျွန်မက သူ့အကြောင်းကို တိုင်လိုက်လို့ပါ။”—အန်း။

သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏။” (သု. ၁၈:၂၄) ဤသို့သော အပေါင်းအသင်းမျိုးကို သင်တွေ့ထားပြီလော။ သို့ဆိုလျှင် သင်သည် အထူးကောင်းမွန်ရာကို တွေ့ထားခြင်းဖြစ်သည်။

သို့သော် ခရစ်ယာန်ဟုဆိုသော သူငယ်ချင်းတစ်ဦးက အမှားတစ်ခုခု ပြုလုပ်ထားသည်ဆိုလျှင်ကော။ ဥပမာ၊ သူသည် အကျင့်ပျက်မှုဖြစ်စေ၊ ဆေးလိပ်သောက်ခြင်းဖြစ်စေ၊ အသက်မပြည့်ဘဲ အရက်သောက်ခြင်းဖြစ်စေ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြစ်စေ သို့မဟုတ် အခြားကြီးလေးသောအပြစ်တစ်ခုခုကိုဖြစ်စေ ကျူးလွန်ထားသလော။ (၁ ကောရိန္သု ၆:၉၊ ၁၀; ၁ တိမောသေ ၁:၉၊ ၁၀) သင်အဘယ်အရာပြုလုပ်သင့်သနည်း။ သူအမှားပြုလုပ်ထားသည်ကို သင်သိကြောင်း သူငယ်ချင်းအား ပြောပြမည်လော။ သင့်မိဘများအား ပြောပြမည်လော။ သူငယ်ချင်း၏မိဘများအား ပြောပြမည်လော။ ကိစ္စရပ်ကို အသင်းတော်အကြီးအကဲများအား ပြောပြမည်လော။ * သင်တစ်ခုခုပြောလိုက်ပါက သင်တို့၏ခင်မင်မှု မည်သို့ဖြစ်သွားမည်နည်း။ နှုတ်ပိတ်နေလိုက်ခြင်းက ပိုကောင်းမည်လော။

ပြောရမည်လော၊ နှုတ်ပိတ်နေရမည်လော

လူတိုင်း အမှားပြုလုပ်ကြသည်။ အမှန်မှာ သမ္မာကျမ်းစာတွင် ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ တန်ခိုးတော်ကို မမီကြဟုဆိုသည်။ (ရောမ ၃:၂၃ကဘ) သို့သော် အချို့တို့သည် ကြီးလေးသောအမှားများကို ကျူးလွန်ကြသည်။ အခြားသူတို့သည် “ခြေလှမ်းမှား” ကြပြီး မပြုပြင်ပါက ထပ်ဆင့်ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ (ဂလာတိ ၆:၁ကဘ) အောက်ပါဖြစ်ရပ်မှန်ပုံနမူနာကို သုံးသပ်ကြည့်ပါ။

▪ စူစန်အမည်ရှိသော ခရစ်ယာန်မိန်းကလေးတစ်ဦးသည် ခရစ်ယာန်တစ်ဦးဖြစ်သည့် မိမိ၏သူငယ်ချင်း၌ လိင်စိတ်ကို နှိုးဆွပေးသော ဓာတ်ပုံများနှင့် လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသော စာသားများပါသည့် တေးဂီတ ဝက်ဘ်ပေ့ခ်ျ (Web page) တစ်ခုရှိကြောင်း သိထားသည်။

ဆင်ခြင်သုံးသပ်ပါ– သင်သာ စူစန်ဆိုလျှင် သင်ဘာလုပ်မည်နည်း။ အခြေအနေနှင့်ပတ်သက်၍ သင်တစ်ခုခု ပြုလုပ်မည်လော။ သို့မဟုတ် သင့်သူငယ်ချင်း၏ ဝက်ဘ်ပေ့ခ်ျပေါ်တွင် တင်ထားရာသည် သူ့ကိစ္စသာဖြစ်သည်၊ အခြားသူနှင့်မဆိုင်ဟု သဘောထားမည်လော။ အကယ်၍ စူစန်သည် သင့်ထံချဉ်းကပ်ကာ အကြံဉာဏ်တောင်းလျှင် သင်ဘာပြောမည်နည်း။

․․․․․

စူစန်ပြုလုပ်ခဲ့ရာ– အခြေအနေကို စဉ်းစားသုံးသပ်ပြီးနောက် စူစန်သည် သူငယ်ချင်း၏မိဘများအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူက “ကျွန်မ ကြောက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့လည်း ကျွန်မရဲ့ မိတ်ဆွေကောင်းတွေဖြစ်လို့ပဲ။ ပြောမထွက်လွန်းလို့ ကျွန်မငိုချလိုက်တယ်” ဟုပြောသည်။

သင်မည်သို့ ထင်သနည်း။ စူစန် မှန်ရာကို ပြုလုပ်ခဲ့သလော။ သို့မဟုတ် နှုတ်ပိတ်နေလိုက်ခြင်းက သူ့အတွက် ပိုကောင်းမည်လော။

ကိစ္စရပ်ကို သင်ဆင်ခြင်နိုင်ရန် အောက်ပါအချက်အချို့ကို ဆင်ခြင်သုံးသပ်ပါ–

သူငယ်ချင်းအစစ်သည် အဘယ်အရာပြုလုပ်မည်နည်း။ နယပုံပြင် ၁၇:၁၇ (သမ္မာ) တွင်ဤသို့ဖော်ပြသည်– “မိတ်ဆွေသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။” တစ်စုံတစ်ဦးသည် ကျမ်းစာမူများကို ချိုးဖောက်သောလမ်းစဉ်သို့ လိုက်နေလျှင် ထိုသူသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ‘ဒုက္ခ’ ရောက်နေပြီဖြစ်သည်။ အသေးအဖွဲကိစ္စများတွင် “လွန်ကျူးစွာဖြောင့်မတ်ခြင်း” သည်မှားသော်လည်း သူငယ်ချင်းအစစ်တစ်ဦးသည် ခရစ်ယာန်မဆန်သောအမူအကျင့်များကို လျစ်လျူရှုလိမ့်မည်မဟုတ်ချေ။ (ဒေ. ၇:၁၆) ဤအခြေအနေကို လျစ်လျူရှုခြင်းသည် လက်ခံနိုင်ဖွယ်ရာမဟုတ်ချေ။—ဝတ်ပြုရာ ၅:၁

နေရာချင်းလဲကြည့်လျှင်ကော။ သင့်ကိုယ်သင်မေးပါ– ‘အကယ်၍ ငါဟာ မိဘတစ်ဦးဖြစ်ပြီး ငါ့သမီး ဒါမှမဟုတ် သားမှာ လိင်စိတ်ကိုနှိုးဆွတဲ့အရာတွေပါဝင်တဲ့ ဝက်ဘ်ပေ့ခ်ျတစ်ခုရှိတယ်ဆိုရင် ဒီအကြောင်းကို ငါသိချင်မလား။ ငါ့သား ဒါမှမဟုတ် သမီးမှာ ဒီအကြောင်းကိုသိတဲ့ သူငယ်ချင်းတစ်ယောက်ရှိပြီး သူက ဘာမှမပြောဘူးဆိုရင် ငါဘယ်လို ခံစားရမလဲ။’

ဘုရားသခင့်စံနှုန်းများကော မည်သို့ရှိသနည်း။ ဤအချိန်သည် နှုတ်ပိတ်နေရမည့်အချိန်မဟုတ်ပါ။ ယင်းအစား သမ္မာကျမ်းစာတွင် ချမှတ်ထားသော ဘုရားသခင့်ကျင့်ဝတ်ဥပဒေကို သင်ထောက်ခံသင့်သည်။ အမှန်မှာ သင်အမှန်တရားဘက်တွင် ရပ်တည်သောအခါ သင့်ဖန်ဆင်းရှင်ကို ပျော်ရွှင်စေသည်။ (သု. ၂၇:၁၁) ထို့ပြင် သင်သည် သူငယ်ချင်းအတွက် အကောင်းဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သင်သိသောကြောင့် သင်ပို၍ နေသာထိုင်သာရှိသည်။—ယေဇကျေလ ၃၃:၈

“စကားပြောရသောအချိန်”

“တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၃:၇) အခြေအနေတစ်ခုတွင် မည်သည့်လမ်းစဉ်သည် သင့်တော်ကြောင်း ကလေးငယ်များ မသိရှိကြချေ။ အပေါင်းအသင်းတစ်ဦး အမှားတစ်ခုခု ပြုလုပ်သောအခါ သူတို့ ဤသို့ဆင်ခြင်ကြသည်– “ငါ့သူငယ်ချင်းကို ဒုက္ခမရောက်စေချင်ဘူး’ သို့မဟုတ် ‘ငါ့သူငယ်ချင်း ငါ့ကိုစိတ်ဆိုးတာ မခံချင်ဘူး။’ ဤသို့သာ စဉ်းစားမည်ဆိုလျှင် ဆုံးဖြတ်ချက်မှာ ရှင်းရှင်းလေးဖြစ်မည်—“တိတ်ဆိတ်စွာနေရသောအချိန်” ဖြစ်မည်။

သို့သော် သင်ကြီးပြင်းလာသည်နှင့်အမျှ ဤသို့သောကိစ္စမျိုးကို ပို၍ ရင့်ကျက်သောရှုထောင့်မှ စတင်ကြည့်မြင်လာသည်။ သင့်သူငယ်ချင်းသည် ဒုက္ခရောက်နေပြီဖြစ်၍ အကူအညီလိုနေသည်ကို သင်သိသည်—အကူအညီမှာ သင်အစပြုလုပ်ဆောင်ခြင်းဖြစ်ပေမည်။ သို့သော် သတ်သတ်မှတ်မှတ်အနေနှင့် သင့်သူငယ်ချင်း သမ္မာကျမ်းစာစံနှုန်းများကို ချိုးဖောက်သည့်အမူအကျင့်ကို ပြုကျင့်နေသည်ဟု သင်ကြားသိရပါက သင်ဘာလုပ်နိုင်သနည်း။

ဦးစွာ သင်ကြားသိရာသည် အဖြစ်မှန်ဟုတ်မဟုတ် သေချာအောင်လုပ်ပါ။ ယင်းသည် ကောလာဟလမျှသာ ဖြစ်ပေမည်။ (သု. ၁၄:၁၅) ကေသီအမည်ရှိ ဆယ်ကျော်သက်တစ်ဦး ဤသို့ပြန်ပြောပြသည်– “ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မအကြောင်း မဟုတ်မမှန်တာတွေ စပြောတယ်။ နောက်တော့ ကျွန်မနဲ့ရင်းနှီးတဲ့သူတွေက သူပြောတာတွေဟာ အမှန်လို့ ထင်ကြတယ်။ လူတွေ ကျွန်မကို မယုံကြည်တော့မှာ ကျွန်မကြောက်တယ်။” ယေရှုသည် “မိမိနားကြားသည်အတိုင်း မဆုံးဖြတ်”—သို့မဟုတ် ခေတ်သုံးမြန်မာသမ္မာကျမ်းတွင် ဘာသာပြန်ထားသကဲ့သို့ “တစ်ဆင့်စကားနှင့်ကြားရုံဖြင့် အဆုံးအဖြတ်ပေးလိမ့်မည်မဟုတ်” ဟုသမ္မာကျမ်းစာတွင် ကြိုဟောထားသည်။ (ဟေရှာယ ၁၁:၃) အဘယ်သင်ခန်းစာရသနည်း။ သင်ကြားရသမျှကို အမှန်ဟု အလျင်စလို မသတ်မှတ်ပါနှင့်။ အချက်အလက်များကို သိရှိရန်ကြိုးစားပါ။ အခြေအနေမှန်ကို သုံးသပ်ပါ။

ဤဆောင်းပါးအစပိုင်းတွင် ဖော်ပြထားသော ဂျိမ်းစ်သည် မိမိ၏သူငယ်ချင်းကောင်း ပါတီပွဲတစ်ခုတွင် မူးယစ်ဆေးသုံးခဲ့ကြောင်း ကြားသိခဲ့ရ၏။

ဆင်ခြင်သုံးသပ်ပါ– သင်သာ ဂျိမ်းစ်ဆိုလျှင် သင်အဘယ်အရာပြုလုပ်မည်နည်း။ သင်ကြားသိရာသည် အမှန်ဟုတ်မဟုတ် သင်မည်သို့ ဆုံးဖြတ်မည်နည်း။

․․․․․

ဂျိမ်းစ်ပြုလုပ်ခဲ့ရာ။ အစပိုင်းတွင် ဂျိမ်းစ်သည် အဘယ်အရာကိုမျှ မကြား၊ မသိသလို နေလိုက်၏။ “နောက်တော့ ကျွန်တော့် ကိုယ်ကိုကိုယ်သိစိတ်က စပြီး အနှောင့်အယှက်ပေးလာတယ်။ ဒီကိစ္စကို ကျွန်တော့်သူငယ်ချင်းနဲ့ပြောရမယ်ဆိုတာ ကျွန်တော်သိတယ်” ဟုသူကပြောသည်။

သင်မည်သို့ထင်သနည်း။ ဦးစွာ ခရစ်ယာန်မဆန်စွာ ပြုကျင့်သူနှင့် ပြောဆိုပါက အဘယ်အကျိုးရှိမည်နည်း။

․․․․․

ကိစ္စရပ်ကို ထိုသူနှင့်ပြောဆိုရန် အခက်တွေ့နေပါက သင်အဘယ်အရာ ပြုလုပ်နိုင်သေးသနည်း။

․․․․․

ဂျိမ်းစ်၏သူငယ်ချင်းက မိမိသည် ပါတီပွဲတွင် အမှန်ပင် မူးယစ်ဆေးသုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် သူက ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ဂျိမ်းစ်အား တောင်းပန်သည်။ ဂျိမ်းစ်သည် မှန်ရာကိုပြုလုပ်လို၏။ ထို့ပြင် သူ့သူငယ်ချင်းကိုလည်း မှန်ရာကိုပြုလုပ်စေလိုသည်။ ထို့ကြောင့် ဂျိမ်းစ်က ကိစ္စရပ်ကို အသင်းတော်အကြီးအကဲများအား ပြောပြရန် အချိန်တစ်ပတ်ပေးမည်ဟု သူငယ်ချင်းအား ပြောခဲ့သည်။ သူမပြောပါက ဂျိမ်းစ်ကိုယ်တိုင် ဤအကြောင်းကို ပြောမည်ဖြစ်သည်။

ဂျိမ်းစ်၏လုပ်ဆောင်ပုံသည် တော်မှန်သည်ဟု သင်ထင်သလော။ အဘယ်ကြောင့်နည်း။

․․․․․

ဂျိမ်းစ်၏သူငယ်ချင်းသည် အကြီးအကဲများထံ မသွားခဲ့ပါ၊ ထို့ကြောင့် ကိစ္စရပ်ကို ဂျိမ်းစ်ပြောပြလိုက်သည်။ သို့သော် နောက်ပိုင်းတွင် ဂျိမ်းစ်၏သူငယ်ချင်းသည် ၎င်း၏လုပ်ရပ်မှားကြောင်း သိမြင်လာသည်။ သူငယ်ချင်းဖြစ်သူသည် အကြီးအကဲများ၏အကူအညီဖြင့် နောင်တယူရန်လိုအပ်ကြောင်း၊ သူနှင့် ဘုရားသခင်၏ဆက်ဆံရေးကို ပြန်ကောင်းမွန်စေရန်လိုအပ်ကြောင်း နားလည်လာသည်။

သင်သည် ကုန်းချောတတ်သူလော

သင်ဤသို့မေးပေမည်– ‘ငါ့သူငယ်ချင်းအကြောင်းကို ပြောလိုက်ရင် ငါက ကုန်းချောတတ်သူဖြစ်သွားမလား။ မသိချင်ယောင်ဆောင်နေလိုက်တာက ပိုမလွယ်ဘူးလား။’ သင် ဤအခြေအနေမျိုး ရင်ဆိုင်ရပါက သင်အဘယ်အရာ ပြုလုပ်နိုင်သနည်း။

ဦးဆုံး၊ လုပ်ဆောင်ရန် လွယ်ကူသောအရာသည် အမြဲမေတ္တာပြရာမရောက်သကဲ့သို့ မေတ္တာပြသောလုပ်ရပ်သည် အမြဲမလွယ်ကူကြောင်း သိထားပါ။ သူငယ်ချင်း၏အမှားကို ပြောပြရန် သတ္တိလိုသည်။ ဤကိစ္စကို ဘုရားသခင်အား ဆုတောင်းပြောပြပါလေ။ သင်လိုအပ်သော ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိရှိရန် ကိုယ်တော်ထံတောင်းခံပါ။ ကိုယ်တော် သင့်အား ကူညီပါလိမ့်မည်။—ဖိလိပ္ပိ ၄:၆

ဒုတိယ၊ အခြေအနေကို မည်သို့မည်ပုံပြောပြခြင်းက သင့်သူငယ်ချင်းအတွက် အကျိုးရှိမည်ကို စဉ်းစားပါ။ ဥပမာ၊ သင်နှင့် သင့်သူငယ်ချင်းသည် မတ်စောက်သောတောင်ကုန်းတွင် လမ်းလျှောက်နေသည်ဟု စိတ်ကူးကြည့်လိုက်ပါ၊ သင့်သူငယ်ချင်းသည် ခြေလှမ်းမှားသွားသောကြောင့် ချော်လဲပြီး အောက်ဘက်ရှိချောက်ကမ်းပါးစွန်းသို့ ကျသွား၏။ သင့်သူငယ်ချင်း အကူအညီလိုနေသည်မှာ ထင်ရှားသည်။ သို့သော် သူက ရှက်ကိုးရှက်ကန်းဖြင့် မတ်စောက်သောတောင်စောင်းကို မိမိဘာသာ တွယ်တက်မည်ဟု သင့်အားပြောဆိုသည်။ အသက်အန္တရာယ်ရှိသည့် ဤလုပ်ရပ်ကို သင်ခွင့်ပြုမည်လော။

သူငယ်ချင်းတစ်ဦး ခရစ်ယာန်လမ်းစဉ်ကို ချိုးဖောက်ခြင်းသည်လည်း ထပ်တူပင်ဖြစ်သည်။ ထိုသူက အကူအညီမပါဘဲ မိမိနှင့် ဘုရားသခင်၏ဆက်ဆံရေး ပြန်ကောင်းလာနိုင်သည်ဟု ယူဆပေမည်။ သို့သော် ယင်းသည် မိုက်မဲသောဆင်ခြေဖြစ်၏။ အမှန်မှာ သင့်သူငယ်ချင်းသည် ဖြစ်ပြီးခဲ့ရာများအတွက် ရှက်ကိုးရှက်ကန်းဖြစ်နေပေမည်။ သို့သော် သင် အခြားသူများထံမှ အကူအညီတောင်းခံခြင်းသည် သင့်သူငယ်ချင်း၏အသက်ကို ကယ်တင်ရာရောက်၏။—ယာကုပ် ၅:၁၅

ထို့ကြောင့် သူငယ်ချင်းတစ်ဦး အမှားပြုလုပ်နေပါက ပြောဆိုရန် မကြောက်ရွံ့ပါနှင့်။ ထိုသူအတွက် အကူအညီတောင်းခံခြင်းသည် ယေဟောဝါဘုရားသခင်နှင့် တစ်ချိန်ချိန်တွင် သင့်အား ကျေးဇူးတင်မည့် သင့်သူငယ်ချင်းအပေါ် သစ္စာစောင့်ခြင်းဖြစ်သည်။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးမှအမည်များကို ပြောင်းထားသည်။

^ အပိုဒ်၊ 6 ယေဟောဝါသက်သေများအလယ်တွင် အကြီးအကဲများသည် ကြီးလေးသောအပြစ်ပြုမိသူအား ဘုရားသခင်နှင့် ဆက်ဆံရေးပြန်ကောင်းလာစေရန် ကူညီပေးသည်။—ယာကုပ် ၅:၁၄-၁၆

ချင့်တွေးစရာ

▪ သူငယ်ချင်းတစ်ဦး၏ မှားယွင်းသောအမူအကျင့်ကို ပြောပြခြင်းသည် မည်သို့အားဖြင့် သင့်သူငယ်ချင်းအပေါ် သစ္စာစောင့်ခြင်းဖြစ်သနည်း။

▪ သူငယ်ချင်းအပေါ်ထားသည့် သစ္စာစောင့်မှု စမ်းသပ်ခံရသော သမ္မာကျမ်းစာမှဇာတ်ကောင်များကို သင်စဉ်းစားမိသလော။ သူတို့ထံမှ သင်အဘယ်အရာ သင်ယူနိုင်သနည်း။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သူငယ်ချင်းတစ်ဦး ခရစ်ယာန်လမ်းစဉ်မှ လွဲနေပါက သူအကူအညီရရှိကြောင်း သေချာစေရန် သင်ပြုလုပ်ဖို့လို