မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေမထွက်သောအခါ

နေမထွက်သောအခါ

နေမထွက်သောအခါ

ဖင်လန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

“နေသည် ထွက်တုံဝင်တုံပြုလျက် ထွက်ရာအရပ်သို့ ပြေးသွားတတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၁:၅သမ္မာ) သို့သော် အာတိတ်စက်ဝိုင်း၏ မြောက်ဘက်ဒေသများစွာတွင် နိုဝင်ဘာလလယ်မှ ဇန်နဝါရီလကုန်အထိ နေသည် သိသိသာသာ ထွက်ခြင်း၊ ဝင်ခြင်းမရှိချေ။ ဤဒေသမှလူများသည် ရွေးချယ်စရာမရှိဘဲ အာတိတ်ဆောင်းရာသီ၏ ရှည်လျားသောအမှောင်ညများကို သည်းခံရုံသာရှိသည်။

အာတိတ်စက်ဝိုင်း၏ တောင်ဘက်ဒေသများတွင်လည်း ရှည်လျားသောညများကို အနည်းငယ် တွေ့ ကြုံခံစားရသည်။ ဥပမာ၊ အာတိတ်စက်ဝိုင်း၏တောင်ပိုင်းတွင်ရှိသော မိုင် ၅၀၀ ခန့်ပင် မကွာဝေးသည့် ရုရှားနိုင်ငံရှိ စိန့်ပီတာစဘတ်မြို့၊ ဖင်လန်နိုင်ငံရှိ ဟဲလ်စင်ကီမြို့၊ ဆွီဒင်နိုင်ငံရှိ စတော့ဟုမ်းမြို့နှင့် နော်ဝေးနိုင်ငံရှိ အော့စလိုမြို့တို့တွင် ဆောင်းတွင်း၌ နေ့အလင်းရောင်ရရှိချိန်မှာ ခြောက်နာရီခန့်သာရှိသည်။

“အာတိတ်ဆောင်းရာသီသည် မှောင်ပိန်းနေ၏ဟု မြင်ယောင်ခြင်းမှာ မမှန်ကန်ပါ” ဟူ၍ ဆွီဒင်လပ်လန်းဒေသ၊ ကီရူနာမြို့တွင် ငယ်စဉ်က နေထိုင်ခဲ့သည့် အာရီကပြောသည်။ တစ်နေ့လုံးနီးပါး “အလင်းရောင်မှိန်ပျပျ” သာရှိသည်ဟု ဆိုနိုင်၏။ ဖင်လန်လပ်လန်းဒေသတွင် နေထိုင်သူ ပန်းချီဆရာမ ပေါလာက “လပ်လန်းဒေသမှာ နှင်းတွေဖုံးလာပြီဆိုရင် အပြာဖျော့ရောင်နဲ့ ခရမ်းဖျော့ရောင်သန်းလာတယ်” ဟုပြောသည်။

ဆောင်းတွင်း၏အမှောင်ထုသည် လူအချို့အပေါ် ဆိုးကျိုးသက်ရောက်၏။ “ရာသီဥတုအပြောင်းအလဲဒဏ်ကို ကျွန်တော် အတော်ခံရတယ်” ဟု နာမည်ကျော်ဖင်လန်တေးရေးဆရာ ဇန်းစီဘီလီယပ်စ်က ရေးခဲ့သည်။ သူက ထပ်ဆင့်၍ “နေ့တာတိုတဲ့ ဆောင်းတွင်းမှာ ကျွန်တော် အမြဲပဲ စိတ်ကျရောဂါခံစားရတယ်” ဟုပြောခဲ့သည်။ ဆောင်းတွင်းစိတ်ကျရောဂါ ခံစားရသူမှာ စီဘီလီယပ်စ်တစ်ဦးတည်းသာ မဟုတ်ပါ။ ရာသီဥတုသည် လူတို့၏စိတ်အပေါ် အကျိုးသက်ရောက်သည်ဟု ဂရိဆေးဆရာ ဟစ်ပို ကရေးတီးစ် (ဘီစီ ၄၆၀-၃၇၇ ခန့်) ပင်ယုံကြည်ခဲ့သည်။

သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များမတိုင်မချင်း ဆောင်းတွင်းစိတ်ကျဝေဒနာကို ရောဂါတစ်ခုအဖြစ် မသတ်မှတ်နိုင်သေးချေ။ မြောက်ပိုင်းဒေသမှ လူများအကြားတွင် ရာခိုင်နှုန်းအနည်းငယ်သည် ရာသီအလိုက်ဖြစ်တတ်သော စိတ်ကျရောဂါ (အက်စ်အေဒီ) ခံစားရသည်ဟု လေ့လာမှုများက ဖော်ပြခဲ့သည်။ သိပ်မပြင်းထန်သောစိတ်ကျရောဂါမှာ သုံးလေးဆ ပိုများသည်။ သိန်းနှင့်ချီသောလူများသည် ယင်းရောဂါကို တစ်နည်းနည်းဖြင့် ခံစားရသည်ဟု ယူဆရ၏။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ အန်ဒရီက “ကျွန်တော် တစ်ချိန်လုံး အိပ်ပျော်နေတယ်လို့ ခံစားရတယ်” ဟုဆိုသည်။ ဖင်လန်နိုင်ငံတွင် နေထိုင်သူ အန်နီကာသည် ဆောင်းတွင်းဝင်တော့မည်ဆိုလျှင် ဝမ်းနည်းလာသည်။ သူက “အမှောင်ထုကနေ လွတ်မြောက်တဲ့နေရာ မရှိတဲ့အတွက် တစ်ခါတလေ အဲဒါက ကျွန်မကို စိုးရိမ်ထိတ်လန့်စေတယ်” ဟုဆိုသည်။

ပညာရှင်များက ဆောင်းတွင်းစိတ်ကျရောဂါ ဖြေရှင်းသည့်နည်းလမ်းမျိုးစုံကို ထောက်ခံကြသည်။ ဥပမာ၊ နေ့အလင်းရောင်ရရှိချိန်တွင် တတ်နိုင်သမျှ အိမ်အပြင်သို့ထွက်သင့်သည်ဟု အချို့က ထောက်ခံကြ၏။ ဆောင်းတွင်းတွင် အိမ်အပြင်လှုပ်ရှားမှုများ၌ တက်တက်ကြွကြွ ပါဝင်သူများသည် ဆောင်းတွင်းစိတ်ကျရောဂါမှ သက်သာမှုရကြသည်ဟုလည်း ဆိုကြ၏။

ဖင်လန်နိုင်ငံ၏ မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဆောင်းတွင်းဒဏ်ကို ခံစားရသော ရာမိုက “အမှောင်ဆုံးအချိန် ရောက်လာပြီဆိုရင် ကျွန်တော်တို့ ဖယောင်းတိုင်အများကြီးထွန်းထားပြီး မီးတွေအများကြီး ဖွင့်ထားတယ်” ဟုဆိုသည်။ အချို့က တောက်ပသည့်အလင်းရောင် ကုထုံးခံယူခြင်းဖြင့် သက်သာမှုရကြောင်း တွေ့ရှိခဲ့ကြသည်။ အခြားသူများက တောင်ပိုင်းကျသောနိုင်ငံတစ်နိုင်ငံသို့ အားလပ်ရက်ခရီးသွားခြင်းဖြင့် ဆောင်းတွင်း၏အမှောင်ထုကို ခဏရှောင်ကြသည်။ သို့သော် ယင်းသို့သောနေရာသို့ အားလပ်ရက်ခရီးသွားရာမှ ဆောင်းတွင်း၏အမှောင်တောအတွင်းသို့ ပြန်ရောက်လာသောအခါ လူတချို့ကို ပို၍ပင် စိတ်ညှိုးငယ်မှုခံစားရစေပေမည်ဟု အချို့က သတိပေးသည်။

အာဟာရမှီဝဲခြင်းသည် နောက်ထပ်သုံးသပ်ရမည့်အချက် ဖြစ်သည်။ နေရောင်ခြည်သည် ခန္ဓာကိုယ်ကို ဗီတာမင်ဒီရရှိစေသောကြောင့် နေရောင်ခြည်မရရှိပါက ဗီတာမင်ဒီ ချို့တဲ့နိုင်သည်။ ထို့ကြောင့် အချို့က ဆောင်းတွင်းတွင် ဗီတာမင်ဒီပါဝင်သော ငါး၊ အသည်းနှင့် နို့ထွက်ပစ္စည်းများကို ပို၍စားသုံးရန် ထောက်ခံကြသည်။

ဆောင်းရာသီအမှောင်ထုကို ဖြစ်ပေါ်စေသောအချက်များက အလင်းရောင်အလျှံပယ်ကိုလည်း ရရှိစေသည်။ ကမ္ဘာမြေကြီးသည် မိမိ၏လမ်းကြောင်းပေါ်တွင် လည်ပတ်နေစဉ် အေးစိမ့်သောနေရာသည် နေရှိရာဘက်သို့ တဖြည်းဖြည်းရောက်လာသည်။ နောက်ဆုံး နေရောင်ခြည်သည် နေ့ကို စတင်စိုးမိုးလာ၏။ ထို့နောက် ညဉ့်သန်းခေါင်ယံတွင်ပင် နေရောင်ကိုခံစားရနိုင်သော အာတိတ်နွေရာသီသို့ ရောက်ရှိလာလေတော့သည်။

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

တစ်နေ့လုံးနီးပါး “အလင်းရောင်မှိန်ပျပျ”သာ ရှိသည်ဟု ဆိုနိုင်၏

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အာတိတ်ဆောင်း၏နေ့လယ်ခင်း

[Credit Line]

Dr. Hinrich Bäsemann/​Naturfoto-Online

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

လူများစွာအတွက် နေရောင်ခြည် တိုက်ရိုက်မရရှိခြင်းက စိတ်ကျရောဂါခံစားရစေ