မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ ရှုထောင့်

ယေရှုကို မည်သည့် အချိန်တွင် မွေးဖွားခဲ့သနည်း

ယေရှုကို မည်သည့် အချိန်တွင် မွေးဖွားခဲ့သနည်း

“ယေရှုအား မွေးဖွားသည့် ရက်စွဲ အတိအကျကို မသိပါ” ဟုစွယ်စုံကျမ်း (Encyclopedia of Early Christianity) တစ်စောင်က ဆိုသည်။ သို့သော် ကမ္ဘာတစ်ဝန်းမှ ခရစ်ယာန်အမည်ခံ သန်းပေါင်းများစွာတို့သည် ယေရှု၏မွေးနေ့ကို ဒီဇင်ဘာ ၂၅ ရက်တွင် ကျင်းပကြသည်။ သို့သော် ဤရက်စွဲကို သမ္မာကျမ်းစာ၏ မည်သည့်နေရာ၌မျှ မဖော်ပြထားပါ။ ယေရှုကို ဒီဇင်ဘာလတွင် အမှန်ပင် မွေးဖွားခဲ့သလော။

သမ္မာကျမ်းစာတွင် ယေရှုအား မွေးဖွားသည့် ရက်စွဲ အတိအကျကို မဖော်ပြထားသော်လည်း ဒီဇင်ဘာလတွင် မွေးဖွားခဲ့ခြင်းမဟုတ်ကြောင်း သက်သေအထောက်အထားများ ပါရှိသည်။ ထို့ပြင် ယေရှု၏မွေးနေ့အဖြစ် ကျင်းပရန် အဘယ်ကြောင့် ဒီဇင်ဘာ ၂၅ ရက်ကို ရွေးခဲ့ကြောင်း သမ္မာကျမ်းစာပြင်ပ အထောက်အထားများမှ ကျွန်ုပ်တို့ သိရှိနိုင်ပါသည်။

အဘယ်ကြောင့် ယေရှုကို ဒီဇင်ဘာလတွင် မွေးဖွားခြင်း မဖြစ်နိုင်

ယေရှုကို ဂျူးနယ်မြေ ဘက်သလီဟင်မြို့တွင် မွေးဖွားခဲ့သည်။ လုကာခရစ်ဝင်ကျမ်းက ဤသို့ဆိုသည်– “ထိုအရပ်ဒေသမှ သိုးထိန်းများသည် မိမိတို့၏ သိုးအုပ်များကို ညအခါ ကွင်းပြင်၌ ထိန်းကျောင်းလျက် ရှိကြ၏။” (လုကာ ၂:၄-၈ကဘ) ယင်းသည် အဆန်းမဟုတ်ပါ။ “တစ်နှစ်တာ၏အချိန် အများစုတွင် သိုးအုပ်များသည် ဟင်းလင်းပြင်၌ နေကြ၏” ဟု ယေရှုခေတ်မှ နေ့စဉ်အသက်တာ စာအုပ်၌ ဖော်ပြ၏။ သို့သော် ချမ်းအေးလှသော ဒီဇင်ဘာညတွင် သိုးထိန်းများသည် မိမိတို့၏သိုးအုပ်နှင့်အတူ အိမ်ပြင်တွင် ရှိနေကြပါမည်လော။ ထိုစာအုပ်က ဤသို့ဆိုသည်– “သိုးစုတို့သည် . . . အမိုးအကာအောက်တွင်နေ၍ ဆောင်းခိုကြသည်။ ဤအချက်ကိုကြည့်ရုံနှင့် ဆောင်းရာသီ၌ ခရစ္စမတ်ပွဲကျင်းပသော မိရိုးဖလာနေ့စွဲသည် မှန်ကန်ပုံ မရချေ၊ ခရစ်ဝင်ကျမ်းက သိုးထိန်းများသည် ကွင်းပြင်၌ရှိကြ၏ဟု ဆိုသောကြောင့် ဖြစ်သည်။”

ဤယူဆချက်သည် လုကာခရစ်ဝင်ကျမ်းပါ အခြားအသေးစိတ်မှတ်တမ်းကို ထောက်ခံသည်– “ထိုကာလ၌ လူအားလုံး အမည်စာရင်းသွင်းရန် ကဲသာသြဂုတ္တုသည် အမိန့်တော်ရှိ၏။ ကုရေနိသည် ဆီးရီးယားဘုရင်ခံဖြစ်စဉ်တွင် ပထမဆုံး အမည်စာရင်း ကောက်ယူခဲ့၏။ လူအပေါင်းတို့သည် အမည်စာရင်းသွင်းရန် အသီးသီး မိမိတို့နေရင်းမြို့သို့ သွားကြ၏။”—လုကာ ၂:၁-၃ကဘ။

ဩဂုတ္တုမင်းသည် အခွန်ကောက်ခံရာတွင်နှင့် စစ်မှုထမ်းရာတွင် အသုံးပြုရန် အချက်အလက်များကို စုဆောင်းသည့်အနေနှင့် ဤသန်းခေါင်စာရင်းကို ကောက်ယူရန် အမိန့်ပေးခဲ့ပုံရသည်။ အမိန့်ကို လိုက်နာသည့်အနေနှင့် မာရိသည် ကိုယ်ဝန်အရင့်အမာဖြစ်နေသော်လည်း သူ၏ခင်ပွန်း ယောသပ်နှင့်အတူ နာဇရက်မြို့မှမိုင် ၉၀ ခန့်ဝေးသော ဘက်သလီဟင်မြို့သို့ ခရီးထွက်ခဲ့သည်။ ယခု ယင်းအချက်ကို စဉ်းစားကြည့်ပါ။ ဒေသန္တရအုပ်ချုပ်မှုတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသော ဩဂုတ္တုမင်းသည် ပုန်ကန်လိုသူများအား ဆောင်းကာလတွင် ခရီးရှည်ထွက်ရန် အမိန့်ပေးခြင်းက ယုတ္တိရှိပါမည်လော။

ထင်ရှားသည်မှာ သမိုင်းပညာရှင်နှင့် ကျမ်းပညာရှင် အများစုသည် ဒီဇင်ဘာလ ၂၅ ရက်တွင် ယေရှု မွေးဖွားသည်ဆိုသောအချက်ကို သဘောမတူကြချေ။ သင်တို့ရရှိနိုင်သော စွယ်စုံကျမ်းတစ်ကျမ်းမှ ဤသို့သော အချက်အလက်များကို သင်တို့ သိရှိပြီး ဖြစ်မည်မှာ သေချာပါသည်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၂ ၌ “ခရစ်ယာန်ကျမ်းစာတွင်ပါရှိသော ခရစ်တော်၏ဖွားမြင်ပုံအကြောင်းကို ထောက်ရှုလျှင် ခရစ်တော်၏မွေးနေ့သည် ဒီဇင်ဘာလအတွင်းတွင် ဖြစ်နိုင်ဖွယ်ရာမရှိချေ” ဟုဖော်ပြထားသည်။

သမ္မာကျမ်းစာတွင် ယေရှုကို ဒီဇင်ဘာလ၌ မွေးဖွားခဲ့ခြင်းမဟုတ်ကြောင်း သက်သေအထောက်အထားများ ပါရှိသည်

အဘယ်ကြောင့် ဒီဇင်ဘာ ၂၅ ရက်ကို ရွေးချယ်ခဲ့

ယေရှုကို မွေးဖွားပြီး နှစ်ပေါင်း ရာနှင့်ချီ ကြာပြီးနောက်တွင် ယေရှု၏မွေးနေ့အဖြစ် ဒီဇင်ဘာလ ၂၅ ရက်ကို ရွေးချယ်သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ နှစ်တစ်နှစ်၏ ခရစ္စမတ်ရာသီဖြစ်လာသောအချိန်သည် အမှန်ပင် အယူမှားပွဲတော်များ ကျင်းပသောအချိန်ဖြစ်သည်ဟု သမိုင်းပညာရှင်များစွာက ယုံကြည်ကြသည်။

ဥပမာ၊ ဗြိတိန်နီကာစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “ဤနေ့၏ဇာစ်မြစ်နှင့်ပတ်သက်သည့် ပျံ့နှံ့လျက်ရှိသော ရှင်းလင်းချက်တစ်ခုတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့သည် မရှုံးနိမ့်နိုင်သောနေ၏ မွေးနေ့ဖြစ်ပြီး ၎င်းကို ခရစ်ယာန်ဘာသာသို့ သွင်းလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားကာ ရောမအင်ပါယာတွင် ဤရေပန်းစားသော အားလပ်ရက်ကို ဆောင်းယဉ်စွန်းချိန်ဖြစ်သည့် နှစ်တစ်နှစ်၏ နေ့တာအတိုဆုံးနေ့တွင် ကျင်းပသည်။ ဆောင်းကာလကုန်ဆုံးကာ နွေဦးပေါက်၍ နွေရာသီရောက်လုပြီဟု ကြွေးကြော်သည့်အနေနှင့် နေမင်း ပြန်လည်မွေးဖွားခြင်းအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။”

အမေရိကားနားစွယ်စုံကျမ်းတွင် ဤသို့ဆိုသည်– “ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ခြင်းသည် မရှင်းမလင်းဖြစ်နေ၏၊ သို့သော် နေ့တာရှည်စပြုသော ဆောင်းယဉ်စွန်းချိန်တွင် ကျင်းပသည့် ‘နေမင်း ပြန်လည်မွေးဖွားခြင်း’ အယူမှားပွဲတော်များနှင့် ကိုက်ညီစေရန် ရွေးချယ်ခြင်းဖြစ်သည်ဟု ယူဆရသည်။ . . . ရောမတို့၏ စနေဂြိုဟ်နတ်ဘုရားပွဲ (စိုက်ပျိုးရေးနတ်ဘုရားဖြစ်သည့် စနေဂြိုဟ်အားပူဇော်၍ နေမင်း၏စွမ်းအင်ကို ပြန်လည်အားသစ်လောင်းသည့်ပွဲ) ကိုလည်း ဤအချိန်တွင် ကျင်းပသည်။” ဤပွဲတော်များ၌ ပါဝင်သူများသည် အများအားဖြင့် လိင်အကျင့်ပျက်ကာ အထိန်းအကွပ်မရှိ ဆူညံစွာ သောက်စားပျော်ပါးကြသည်။ ရှင်းနေသည်မှာ ဤအပြုအမူမျိုးသည် ယခုခေတ်တွင်ကျင်းပသော ခရစ္စမတ်ပွဲများစွာ၏ ထင်ရှားသောလက္ခဏာ ဖြစ်သည်။

ခရစ်တော်အား ဂုဏ်တင်နိုင်ပုံ

မည်သည့်နေ့စွဲပင် ဖြစ်ပါစေ ခရစ်ယာန်များသည် ယေရှု၏ မွေးနေ့ကို ကျင်းပသင့်သည်ဟု အချို့က ယူဆကြ၏။ ဂုဏ်သိက္ခာရှိရှိ ပြုလုပ်ပါက ဤသို့သော အခမ်းအနားသည် ခရစ်တော်အား လျော်ကန်သောနည်းဖြင့် ဂုဏ်တင်ခြင်းဖြစ်သည်ဟု သူတို့ ယူဆကြသည်။

သမ္မာကျမ်းစာ မှတ်တမ်းတွင် ယေရှု၏ ဖွားမြင်ခြင်းသည် အမှန်ပင် အရေးပါသောအဖြစ်အပျက်တစ်ခု ဖြစ်သည်။ ယေရှုကို မွေးဖွားချိန်တွင် ကောင်းကင်တမန် အမြောက်အမြားသည် ရုတ်တရက် ထင်ရှားလာပြီး ‘ကောင်းကင်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌လည်း ဘုရားသခင်၏ မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်း ရှိပါစေ’ ဟုရွှင်လန်းစွာဖြင့် ဘုရားသခင်အား ချီးမွမ်းကြသည်ဟူ၍ သမ္မာကျမ်းစာက ဆို၏။ (လုကာ ၂:၁၃၊ ၁၄ကဘ) သို့သော် မှတ်သားဖွယ်ရာမှာ သမ္မာကျမ်းစာ၏ မည်သည့်နေရာ၌မျှ ယေရှု၏မွေးနေ့ကို ကျင်းပသင့်သည်ဟု မဖော်ပြထားခြင်း ဖြစ်သည်။ ယင်းအစား ယေဟောဝါသက်သေများ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသော ကိုယ်တော်၏သေခြင်း အထိမ်းအမှတ်ပွဲကိုမူ ကျင်းပရန် ရှင်းရှင်းလင်းလင်း မိန့်မှာထားသည်။ (လုကာ ၂၂:၁၉) ဤကား ယေရှုအား ဂုဏ်တင်သည့် နည်းတစ်နည်းဖြစ်၏။

မိမိ၏လူသားဘဝ နောက်ဆုံးညတွင် ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါပညတ်သောအရာများကို ကျင့်ကြံလျှင် ငါ၏မိတ်ဆွေ ဖြစ်ကြ၏။” (ယောဟန် ၁၅:၁၄ကဘ) ထို့ပြင် ကိုယ်တော်က “သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်များကို စောင့်ရှောက်ကြလိမ့်မည်” ဟုလည်း မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၁၅၊ ကဘ) ရှင်းနေသည်မှာ ယေရှုခရစ်အား ဂုဏ်တင်ရန် ကိုယ်တော်၏ သွန်သင်ချက်များကို လေ့လာ၍ ကျင့်သုံးခြင်းထက် သာ၍ကောင်းမွန်သောနည်းလမ်း မရှိချေ။