မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဖြေများကို မည်သည့်နေရာတွင် သင်ရှာတွေ့ နိုင်သနည်း

အဖြေများကို မည်သည့်နေရာတွင် သင်ရှာတွေ့ နိုင်သနည်း

အဖြေများကို မည်သည့်နေရာတွင် သင်ရှာတွေ့ နိုင်သနည်း

ဘာသာတရား၏ရည်မှန်းချက်တစ်ခုမှာ ဘဝရည်ရွယ်ချက်အကြောင်း သွန်သင်ပေးရန်ဖြစ်သည်။ သို့သော် မိမိတို့၏မွေးရာပါစိတ်ဆန္ဒကို မိမိတို့ဘာသာတရား၏ သွန်သင်ချက်များက မဖြည့်ဆည်းပေးခဲ့ကြောင်း လူအများတွေ့ရှိခဲ့ကြသည်။ ကက်သလစ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည့် ဒါနီးဇ်က ဤသို့ပြန်ပြောပြ၏– “ဘာလ်တီမောမေးဖြေဆွေးနွေးခန်းမှာ ‘ကျွန်မတို့ကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ’ ဆိုတဲ့မေးခွန်းနဲ့ ‘ကိုယ်တော်ရဲ့ကောင်းမြတ်မှုကိုပြသဖို့၊ ကောင်းကင်မှာ ကိုယ်တော်ခံစားရတဲ့ ထာဝရပျော်ရွှင်မှုကို ဝေမျှဖို့ ကျွန်မတို့ကို ဖန်ဆင်းခဲ့တာဖြစ်တယ်’ ဆိုတဲ့ အဖြေတွေပါဝင်တယ်။”

“အဲဒါက ကျွန်မ ဘာကြောင့် ဒီကမ္ဘာပေါ် အသက်ရှင်နေရတာလဲဆိုတဲ့ အကြောင်းရင်းအတွက် ရှင်းလင်းတဲ့ အကြောင်းပြချက် တစ်ခုမဟုတ်ဘူး။ ကျွန်မဟာ ကောင်းကင်သွားဖို့သာ စောင့်ဆိုင်းနေမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ဘာလုပ်နေရမှာလဲ” ဟုဒါနီးဇ်က ဆက်ပြောခဲ့သည်။ လူအများသည် ဒါနီးဇ်ကဲ့သို့ပင် ယူဆခဲ့ကြသည်။ လေ့လာဆန်းစစ်မှုတစ်ခုတွင် မေးမြန်းခံရသူ သုံးပုံနှစ်ပုံက ချာ့ခ်ျအများစုနှင့် ဂျူးဘုရားရှိခိုးကျောင်းများသည် ဘဝအဓိပ္ပာယ်ကို ရှာတွေ့ရန် လူတို့အားမကူညီပေးကြောင်း ယူမှတ်ကြသည်ကို တွေ့ခဲ့ရသည်။

ရလဒ်အနေနှင့် လူအများသည် အဖြေရှာတွေ့ရန် သိပ္ပံပညာ သို့မဟုတ် လူအဓိကပြုဝါဒ၊ သုညဝါဒနှင့် ဖြစ်တည်မှုပဓာနဝါဒစသည်ဖြင့် ခေါ်ဝေါ်ကြသည့် လူ့အတွေးအခေါ်ပုံစံ အမျိုးမျိုးဘက်သို့ ဦးလှည့်သွားကြသည်။ စိတ်ကျေနပ်မှုကို ရှာမတွေ့သလောက် ဖြစ်ပုံရနေသော်လည်း လူတို့သည် အဘယ်ကြောင့် ယင်းကို ဆက်လက်ရှာဖွေနေရသနည်း။

မွေးရာပါစိတ်ဆန္ဒ

ယင်းသည် “အမြင်အားဖြင့် တစ်စုံတစ်ခုကို ကိုးကွယ်ဝတ်ပြုလိုသည့် လူသားအားလုံးတွင်ရှိသော စိတ်ဓာတ်” ဟုဒေါက်တာ ကယ်ဗင် အက်စ်. စီဘိုးလ်က ခေါ်ဆိုခဲ့သည်။ အမှန်မှာ ပိုမိုနက်ရှိုင်းသောဘဝအဓိပ္ပာယ်ကို ရှာဖွေလိုသည့် မွေးရာပါစိတ်ဆန္ဒ လူသားတို့တွင်ရှိကြောင်း မကြာသေးမီနှစ်များက သိပ္ပံပညာရှင်အတော်များများ ကောက်ချက်ချခဲ့ကြသည်။ အစွမ်းတန်ခိုးပိုရှိသူတစ်ဦးနှင့်ဆက်သွယ်ခြင်းသည် လူသားတို့အတွက် သဘာဝလိုအပ်ချက်တစ်ခုဖြစ်သည်ကို မျိုးရိုးဗီဇနှင့် အခြားသောဇီဝကမ္မဆိုင်ရာ သက်သေသာဓကတို့က ထောက်ပြကြောင်း အချို့က အမှန်ပင် ယုံကြည်ကြသည်။

ကိုးကွယ်ဝတ်ပြုရန်လိုသည်ဟူသော မွေးရာပါစိတ်ဆန္ဒ လူသားတို့တွင်ရှိမရှိကို ပညာရှင်အသိုင်းအဝိုင်းတွင် အချေအတင်ဆွေးနွေးနေကြသော်လည်း လူအများစုအတွက်မူ လူသားတို့တွင် ယင်းစိတ်ဆန္ဒရှိကြောင်း ယုံကြည်လက်ခံရန် သိပ္ပံပညာရှင်အုပ်စုတစ်စု မလိုအပ်ချေ။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်း။ ကျွန်ုပ်တို့၏အသက်တာကို မည်သို့အသုံးပြုသင့်သနည်း။ ကျွန်ုပ်တို့၏လုပ်ရပ်များအတွက် အတိုင်းအဆမဲ့တန်ခိုးရှိသော ဖန်ဆင်းရှင်ထံ စာရင်းရှင်းရမည်လောဟူသည့် အရေးကြီးဆုံးမေးခွန်းများ ကျွန်ုပ်တို့စိတ်ထဲပေါ်လာရန် ယင်းစိတ်ဆန္ဒက လှုံ့ဆော်ပေးသည်။

သင်သည် သဘာဝလောကကြီးကို အချိန်ယူကာ ဂရုတစိုက် ကြည့်ရှုလေ့လာပါက ယင်းမေးခွန်းများအတွက် အဖြေတချို့ကို တွေ့ရှိပေလိမ့်မည်။ ဥပမာ၊ ဆဲလ်တစ်ခုတည်းရှိသော ဇီဝသက်ရှိများမှသည် အလင်းနှစ်ပေါင်းများစွာ ကွာဝေးသည့် ဂလက်ဆီကြယ်အစုအဝေးများအထိ သဘာဝလောကရှိ အလွန်တရာရှုပ်ထွေးလှသော အရာဝတ္ထုများကို သုံးသပ်ကြည့်ပါ။ ယင်းတို့က ဉာဏ်ကြီးရှင်ပုံစံပြုသူတစ်ဦး သို့မဟုတ် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း မဖော်ပြပေလော။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့်အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။ ထို့ကြောင့် သူတို့သည် ဆင်ခြေမပေးနိုင်ရာ။”—ရောမ ၁:၂၀ကဘ။

သင်၏စိတ်ဆန္ဒကို ဖြည့်ဆည်းပေးပါ

လူသားတို့အား ဘုရားသခင်ဖန်ဆင်းထားပုံနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ‘လူ့စိတ်နှလုံးကိုလည်း အဆုံးမဲ့ကာလ၌ စွဲလမ်းစေတော်မူပြီ’ ဟုဆိုသည်။ (ဒေ. ၃:၁၁) ကျွန်ုပ်တို့၏မွေးရာပါဆန္ဒမှာ အသက်ရှင်ရန်ဖြစ်ပြီး သေဆုံးရန်မဟုတ်ချေ။ ကျွန်ုပ်တို့၏မွေးရာပါဆန္ဒသည် ဘဝ၏အဓိပ္ပာယ်ကိုသိရှိရန်၊ မေးခွန်းများ၏အဖြေများရရန်ဖြစ်သည်။

အမှန်အားဖြင့် အဖြေများရှာဖွေခြင်းသည် လူ့ဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သိပ္ပံပညာနှင့်နည်းပညာတို့တွင် လူတို့၏အောင်မြင်မှုများကို ဖော်ပြပြီးနောက် ဝေါလ်စထရိဂျာနယ်၏အယ်ဒီတာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်တို့ မည်သူများဖြစ်ကြပြီး အဘယ်ကြောင့် အသက်ရှင်နေရကြောင်းနှင့် အဘယ်ဆီသို့ သွားနေကြကြောင်း မေးစရာမေးခွန်းများ ကျန်ရှိနေဆဲဖြစ်၏။” ကျွန်ုပ်တို့သည် အဖြေများကို အကောင်းဆုံးရင်းမြစ်မှ ရှာဖွေခြင်းက ပညာရှိရာကျပေမည်။ အဆိုပါရင်းမြစ်ကို ညွှန်ပြရာတွင် သမ္မာကျမ်းစာက ‘ဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူ’ ၏ဟုဆိုသည်။—ဆာလံ ၁၀၀:၃

ကျွန်ုပ်တို့၏မွေးရာပါစိတ်ဆန္ဒကို ဖြည့်ဆည်းပေးရန် ဖန်ဆင်းခြင်းဆိုင်ရာ အံ့ဖွယ်အမှုများအတွက် တာဝန်ရှိသောအရှင်အား မျှော်ကိုးခြင်းက ကျိုးကြောင်းမညီညွတ်ပေလော။ ယေရှုခရစ်သည် ယင်းကို ထောက်ခံခဲ့၏။ အသက်၏ပင်ရင်းဖြစ်သော ကျွန်ုပ်တို့၏ဖန်ဆင်းရှင် တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့၏မွေးရာပါစိတ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ကြောင်း ကိုယ်တော်အသိအမှတ်ပြုခဲ့သည်။—ဆာလံ ၃၆:၅၊ ၉; မဿဲ ၅:၃၊ ၆ကဘ။

ကျွန်ုပ်တို့၏မွေးရာပါစိတ်ဆန္ဒ ဖြည့်ဆည်းခံရရန် ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရသနည်းဟူသော မေးခွန်းအတွက် ယုံကြည်စိတ်ချရသော အဖြေတစ်ခုရှိထားဖို့ အလွန်အရေးကြီး၏။ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ စိတ်လန်းဆန်းစေသော ရှုမြင်ချက်ကို ကျေးဇူးပြု၍ သုံးသပ်ကြည့်ပါလေ။