မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့တွင် ရေ ပြတ်လပ်နေပါသလော

ကျွန်ုပ်တို့တွင် ရေ ပြတ်လပ်နေပါသလော

ကျွန်ုပ်တို့တွင် ရေ ပြတ်လပ်နေပါသလော

ဥဇဘက်ခ်ဆိုရိုးစကားတစ်ခွန်းအရ “သင်၌ ရေကုန်ခန်းသွားပြီဆိုလျှင် သင့်အသက်လည်း ကုန်ဆုံးပြီဖြစ်သည်။” ဤဆိုရိုးသည် လက်ရှိဖြစ်ပျက်နေသည့်အရာကို ကြိုပြောခဲ့ခြင်းဖြစ်ကြောင်း ပညာရှင်တချို့က ဆိုကြပေမည်။ နှစ်စဉ် လူနှစ်သန်းခန့်သည် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များနှင့် ညစ်ညမ်းသောရေကြောင့် သေဆုံးကြရပြီး ယင်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်သည်။

ရေကို သင်မည်သို့ရရှိသနည်း။ ဘုံပိုင်ခေါင်းကို ဖွင့်ချလိုက်ရုံနှင့် ရေများထွက်ကျလာပါသလော။ သို့မဟုတ် နိုင်ငံတချို့တွင် တွေ့နေကျအတိုင်း ရေရရှိရန်အတွက် ဝေးလံသောနေရာသို့ လမ်းလျှောက်သွားကာ တန်းစီစောင့်ဆိုင်းပြီး ယင်းနောက် အိမ်သို့ လေးလံသောအဖိုးတန်ရေတစ်ပုံး သယ်လာရသလော။ လျှော်ဖွပ်ရန်နှင့် ချက်ပြုတ်ရန်အတွက်သာ လုံလောက်သောရေရရှိဖို့ နေ့စဉ် နာရီပေါင်းများစွာ အချိန်ယူရပါသလော။ နိုင်ငံများစွာတွင် ရေရှားပါးလျက်ရှိပြီး ရရှိရန်အခက်တွေ့နေပါသည်။ ဒိုင်ယမ်း ရဲန်းစ် ဝါ့ဒ်က ၎င်း၏စာအုပ် (Water Wars—Drought, Flood, Folly, and the Politics of Thirst) တွင် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် “ရေတွင်းများ၊ မြစ်များ၊ အိုင်များ သို့မဟုတ် မိမိတို့၏နေအိမ်အပြင်ဘက်ရှိ ရွှံ့အိုင်များတွင် ရေခပ်” ကြကြောင်း ဖော်ပြထားသည်။ နိုင်ငံတချို့တွင် အမျိုးသမီးများသည် မိမိတို့မိသားစုအတွက် ရေသွားခပ်ရကာ ပေါင် ၄၀ ကျော်လေးသော ရေပုံးများကို အိမ်သို့သယ်လာရန် ခြောက်နာရီကြာပေမည်။

အမှန်မှာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်သည် သောက်ရေရရှိရေးနှင့် အမှိုက်များကို ဘေးကင်းစွာ စွန့်ပစ်ရေးတို့တွင် အကြီးအကျယ်ပြဿနာကြုံနေရသည်။ အာဖရိကတွင် အထူးသဖြင့် အခက်အခဲတွေ့လျက်ရှိပြီး လူ ၁၀ ဦးလျှင် ၆ ဦးသည် သင့်တော်သောအိမ်သာ တစ်လုံးပင်မရှိချေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ယင်းကြောင့် “လူ့မစင်တွင် တွေ့ ရှိရသော ဘက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများနှင့် ကပ်ပါးပိုးများက ရေအရင်းအမြစ်များ၊ မြေဆီလွှာနှင့် အစားအစာကို ညစ်ညမ်း” စေသည်။ . . . ယင်းသို့သောညစ်ညမ်းမှုသည် “ဝမ်းပျက်ဝမ်းလျှောရောဂါ၏ အဓိကအကြောင်းရင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးသူငယ်များ၏ ဒုတိယအကြီးဆုံး လူသတ်သမားဖြစ်ကာ ကာလဝမ်းရောဂါ၊ ရှစ်စတိုဆိုမာသန်စွဲနာနှင့် မျက်ခမ်းစပ်ရောဂါကဲ့သို့သော အခြားရောဂါကြီးများကို ဖြစ်ပွားစေသည်” ဟုသတင်းတွင် ဖော်ပြထားသည်။

၂၁ ရာစုတွင် ရေသည် ရေနံကဲ့သို့ပင် အဖိုးတန်လာသည်။ သို့သော် တိုင်းနိုင်ငံများသည် မိမိတို့၏အဓိကမြစ်ကြီးများ ပင်လယ်ထဲသို့ မစီးဆင်းတော့သည်အထိ အဖိုးတန်ရေကို ဖြုန်းတီးနေကြသည်။ ဆည်မြောင်းသွယ်ခြင်းနှင့် ရေငွေ့ပြန်ခြင်းတို့ကြောင့် အမေရိကန်နိုင်ငံအနောက်ပိုင်းရှိ ကော်လိုရာဒိုမြစ်၊ တရုတ်နိုင်ငံရှိ ယန်ဇီမြစ်၊ ပါကစ္စတန်နိုင်ငံရှိ အင်ဒပ်စ်မြစ်၊ အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ်နှင့် အီဂျစ်နိုင်ငံရှိ နိုင်းလ်မြစ်တို့အပါအဝင် ထင်ရှားသောမြစ်များသည် ခန်းခြောက်လျက်ရှိသည်။ အဆိုပါအကျပ်အတည်းကို လျော့ပါးသက်သာစေရန် အဘယ်အရာလုပ်ဆောင်ခဲ့ပြီနည်း။ အဓိကဖြေရှင်းနည်းမှာ အဘယ်နည်း။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရေထောက်ပံ့မှု ခြိမ်းခြောက်ခံနေရ

▪ အာရှအလယ်ပိုင်းဒေသရှိ အာရယ်လ်ပင်လယ်သည် ၁၉၆၀ ပြည့်နှစ်က ကမ္ဘာဂြိုဟ်ပေါ်တွင် စတုတ္ထအကြီးဆုံးရေအိုင် ဖြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်ရောက်သော် မူလအရွယ်အစား၏ ၁၀ ရာခိုင်နှုန်းမျှသာရှိတော့သည်။—ဆိုင်းယင်းတစ်ဖစ်ခ် အမေရိကန်။

▪ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံရှိ ရေအိုင်ကြီးငါးခုဖြစ်သော အီရီအိုင်၊ ဟရူရွန်အိုင်၊ မီရှီဂန်အိုင်၊ အွန်တေရီအိုအိုင်နှင့် ဆာပီးရီအာအိုင်တို့သည် “ထိတ်လန့်ဖွယ်နှုန်းဖြင့်” ကျုံ့နေသည်။—ဂလုပ်အဲန်မေးလ်။

▪ တစ်ချိန်က ဩစတြေးလျနိုင်ငံ၊ ဒဲန်နီလီကွင်းမြို့ရှိ ဆန်စက်သည် လူသန်းပေါင်း ၂၀ အတွက် ဆန်စပါး အလုံအလောက် ထုတ်လုပ်ပေးခဲ့သည်။ သို့သော် ယခုအခါတွင်မူ စပါးသီးနှံများသည် ၉၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပြီး ဆန်စက်ကိုလည်း ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ပိတ်လိုက်ရ၏။ အကြောင်းရင်းကား အဘယ်နည်း။ “ခြောက်နှစ်ကြာ မိုးခေါင်ရေရှားခဲ့သောကြောင့်ဖြစ်သည်။”—နယူးယောက်တိုင်းမ်စ်။

[ရုပ်ပုံ]

အာရယ်လ်ပင်လယ်တွင် သောင်တင်နေသော လှေတစ်စင်း

[Credit Line]

© Marcus Rose/​Insight/​Panos Pictures

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/မြေပုံ]

“မြစ်ချောင်းများ တဖြည်းဖြည်း ခန်းခြောက်နေ”

“တစ်ချိန်က ကမ္ဘာပတ်ခဲ့ကြသည့် အာကာသယာဉ်မှူးများအတွက် သိသာထင်ရှားသည့် အမှတ်အသားတစ်ခုဖြစ်ခဲ့သော အာဖရိကအလယ်ပိုင်းရှိ ချက်ဒ်ရေအိုင်သည် ယခုအခါ ယင်း၏တည်နေရာကိုရှာတွေ့ရန် ခက်ခဲနေပြီဖြစ်သည်။ [ကင်မရွန်း၊] ချက်ဒ်နိုင်ငံ၊ နိုက်ဂျာနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ ဝန်းရံနေလျက်ရှိသော ... ယင်းရေအိုင်သည် ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက ၉၅ ရာခိုင်နှုန်းမျှ ကျုံ့သွားခဲ့သည်။ ထိုဒေသရှိ ဆည်ရေ အလွန်အမင်းလိုအပ်နေမှုက ရေအိုင်ဆက်တည်တံ့ရေးအတွက် အားထားနေရသော မြစ်ချောင်းများကို တဖြည်းဖြည်း ခန်းခြောက်နေစေသည်။ ထို့ကြောင့် ချက်ဒ်ရေအိုင်သည် မကြာမီအတွင်း လုံးလုံးပျောက်ကွယ်သွားနိုင်ပြီး ယင်း၏တည်နေရာမှာ အနာဂတ်မျိုးဆက်များအတွက် ပဟေဠိဆန်သောနေရာတစ်ခု ဖြစ်လာပေမည်။”​—Plan B 2.0—​Rescuing a Planet Under Stress and a Civilization in Trouble, by Lester R. Brown.

[မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရေ

☒ သစ်ပင်မြက်ပင်

□ ကုန်းမြေ

၁၉၆၃

နိုက်ဂျာ

ချက်ဒ်

ချက်ဒ် ရေအိုင်

နိုင်ဂျီးရီးယား

ကင်မရွန်း

၂၀၀၇

နိုက်ဂျာ

ချက်ဒ်

ချက်ဒ် ရေအိုင်

နိုင်ဂျီးရီးယား

ကင်မရွန်း

[Credit Line]

NASA/​U.S. Geological Survey