မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာဟာရမှ ဆား ရှာဖွေသူများ

ဆာဟာရမှ ဆား ရှာဖွေသူများ

ဆာဟာရမှ ဆား ရှာဖွေသူများ

ကားလမ်းနံဘေးမှတိုင်များ တရိပ်ရိပ်ကျန်ခဲ့သည်ကို ကျွန်တော်တို့၏ကားပြတင်းပေါက်မှ မြင်တွေ့ရသည်။ သဲမုန်တိုင်းများတိုက်၍ လမ်းပျောက်သွားသောအခါ ဤတိုင်များက လမ်းရှိရာနေရာကို မှတ်သားပြ၏။ အမှန်မှာ ဤသို့သောမုန်တိုင်းများသည် ဤဆာဟာရသဲကန္တာရတွင် ရိုးနေပြီဖြစ်သည်။

ကျွန်တော်တို့သည် နိုက်ဂျာနိုင်ငံမြောက်ပိုင်းရှိ အာဂါဒီဇ်မြို့မှ အယ်လ်ဂျီးရီးယားနယ်စပ်နှင့် ယင်း၏အစွန်အဖျားကို ဆက်သွယ်ထားသော ရှေးခေတ်ကုလားအုတ်လမ်းကြောင်းအတိုင်း ခရီးနှင်နေကြသည်။ ကျွန်တော်တို့၏ ခရီးပန်းတိုင်မှာ အာဂါဒီဇ်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၂၀ အကွာတွင်ရှိသည့် ဝေးခေါင်လှသော တေဝီဒါအဲန်တေစွန်ရွာငယ်လေးဖြစ်သည်။ ထိုနေရာတွင် မိသားစု ၅၀ သည် ကြာရှည်စွာ အသုံးပြုလာခဲ့သည့် နည်းစနစ်များဖြင့် ဆာဟာရရွှံ့မြေများမှ အဖိုးတန်ဆားများ ချက်လုပ်ကြသည်။

လူလုပ်တောင်ကုန်းများနှင့် ရောင်စုံကန်ငယ်များ

ကျွန်တော်တို့၏ရှေ့ရှိ ကန္တာရလွင်ပြင်ပေါ် ထင်ရှားပေါ်လွင်နေသည့် တောင်ကုန်းငယ်လေးများမှာ ကျွန်တော်တို့သွားလိုသောနေရာဖြစ်သည်။ ကျွန်တော်တို့၏လမ်းပြသည် ကားကို ပေ ၃၀ မြင့်သောတောင်ကုန်းတစ်ခုအနားတွင် ရပ်လိုက်ကာ ကားပေါ်မှဆင်းပြီး ရွာ၏ရှုခင်းကိုကြည့်ရှုရန် တောင်ကုန်းပေါ်တက်ဖို့ ဖိတ်ခေါ်သည်။ ကျွန်တော်တို့သည် တောင်စောင်းအတိုင်း ဖြည်းဖြည်းချင်းတက်သွားကြသည်၊ လမ်းပြက ဤတောင်ပို့နှင့် အခြားတောင်ပို့များသည် ဤဒေသတွင် နှစ်ပေါင်းများစွာ ဆားချက်ခဲ့ကြသူများ၏ လက်ရာအကြွင်းအကျန်များဖြစ်သည်ဟု ရှင်းပြ၏။

တောင်ကုန်းထိပ်မှမြင်ရသောရှုခင်းသည် အာရုံကိုဖမ်းစား၏။ အောက်ဘက်တွင်မြင်တွေ့ရသော မြေပြင်၊ နံရံများနှင့် ခေါင်မိုးများစသည့် ရွာထဲရှိသောအရာမှန်သမျှနီးပါးသည် ဖုတ်ထားသောရွှံ့စေးရောင်ဖြစ်၏။ ကွဲပြားသည့်တစ်ခုတည်းသောအရာမှာ မြို့အစွန်တစ်ဖက်စီတွင် အစောင့်အရှောက်သဖွယ် ပေါက်နေသည့် အစိမ်းရောင်သစ်ရွက်များရှိသည့် သစ်ပင်နှစ်ပင်ဖြစ်သည်။ အမှန်မှာ ခြံစည်းရိုးနှင့် အိမ်များကို ရွှံ့စေးဖြင့် တည်ဆောက်ထားသည်။ အရောင်တစ်မျိုးတည်းရှိသော အဆောက်အအုံများသည် အနီးအနားရှိ ရာနှင့်ချီသော ဆားကန်များ၏ အရောင်များနှင့်ကွာခြားသည်။ ဤဒေသမှ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများအားလုံး အလုပ်ကြိုးစားကြသည်။

တစ်မူထူးသော ဆားချက်နည်း

ကျွန်တော်တို့ တောင်ကုန်းပေါ်မှဆင်းလာသောအခါ လမ်းပြက ရွာသားများအသုံးပြုသည့် ရှေးဟောင်းဆားချက်နည်းအကြောင်း ရှင်းပြသည်။ “တကယ်တော့ ဒီမှာ ကန်နှစ်မျိုးနှစ်စားပဲရှိတယ်။ အချင်းခြောက်ပေခန့်ရှိပြီး ပိုကြီးတဲ့ကန်တချို့ကို ဆားငန်ရေတွေ စစ်တဲ့နေရာမှာ အသုံးပြုတယ်။ အရွယ်အစားပိုငယ်တဲ့ကန်တွေကတော့ အငွေ့ ပြန်စေတဲ့ကန်တွေဖြစ်တယ်။ ဒီမှာရှိတဲ့ စိမ့်စမ်း ၂၀ ခုက ရေတွေဟာ အရမ်းငန်တယ်။ ဒါပေမဲ့ ဆားရဲ့အဓိကရင်းမြစ်က ရေမဟုတ်ဘဲ မြေကြီးဖြစ်တဲ့အတွက် ဒီအချက်က ဆားကို တစ်မူထူးခြားစေတယ်” ဟုသူကပြောပြသည်။ အတိအကျဆိုရလျှင် ဆားကို မြေကြီးမှ မည်သို့ထုတ်ယူကြသနည်း။

လူတစ်ဦးသည် စိမ့်စမ်းမှရေများ အပြည့်ဖြည့်ထားသော ကန်ကြီးတစ်ခုအတွင်းသို့ မြေကြီးများ စုပုံနေသည်ကို ကျွန်တော်တို့ ကြည့်ရှုခဲ့ကြ၏။ သူသည် စပျစ်သီးနယ်သကဲ့သို့ ရေနှင့်မြေကြီးများကို ခြေဖြင့်နင်းနယ်သည်။ ကျေနပ်သည်အထိ နင်းနယ်ပြီးသောအခါ ၎င်းတို့ကို နာရီအတော်ကြာ အနယ်ထိုင်စေသည်။ သူ၏ပတ်ပတ်လည်တွင် အလားတူနင်းနယ်ထားသော ကန်ကြီးများရှိသည်။ ကန်အတွင်းရှိ ဆားငန်ရေမှ ရွှံ့များ အနယ်ထိုင်သွားသောအခါ ပါဝင်သောအရာတစ်မျိုးစီကြောင့် ကွဲပြားသောအညိုရောင်နုတစ်မျိုးစီ ထွက်လာသည်။

အနီးအနားတွင် နောက်အမျိုးသားတစ်ဦးက ကန်တစ်ခုမှ ဆားပျော်ရည်များကို ဘူးသီးခြောက်ခွက်ဖြင့် ပို၍ငယ်သောကန်များအတွင်းသို့ ခပ်ထည့်သည်။ အများအားဖြင့် ဤအဆင့်ကို အမျိုးသားများက လုပ်ကိုင်လေ့ရှိသည်။ အမျိုးသားများတွင် ကန်များကို ပြုပြင်ထိန်းသိမ်းသည့်တာဝန်လည်း ရှိသည်။ ကန်အချို့သည် သဘာဝအတိုင်းတည်ရှိသော်လည်း အခြားကန်များကိုမူ ကျောက်ဆောင်ကြားတွင် တူးရသည်။ တူးရန်မဖြစ်နိုင်သောအခါ အမျိုးသားများသည် ကျောက်ဆောင်ထိပ်တွင် အဝိုင်းတစ်ခုဖြစ်အောင် ရွှံ့ဖြင့်မံကြသည်။ ရွှံ့နံရံကို လက်ဖြင့်မံပြီးသောအခါ မာကြောသွားသည့်အထိ အရံအတားကို တုတ်ဖြင့်ပုတ်ရသည်။ ဤကန်များကို နှစ်စဉ် ပြုပြင်ရသည် သို့မဟုတ် ပြန်ပြုလုပ်ရသည်။

အမျိုးသမီးများသည် မည်သည့်ကဏ္ဍတွင် လုပ်ဆောင်သနည်း။ သူတို့သည် ဆားချက်လုပ်ရာတွင် ဆားငန်မြေများ အသင့်ရရှိအောင် လေးလေးလံလံ သယ်မရသည်။ အငွေ့ ပြန်စေသောကန်များမှ ဆားခဲများကိုလည်း ရွှေ့ပြောင်းရသည်။ ထို့နောက် သူတို့သည် ကန်များကို နောက်တစ်ကြိမ်အသုံးပြုရန် ပြောင်စင်အောင် သန့်ရှင်းရေးလုပ်ပေးရသည်။

ထိုအချိန်အတောအတွင်း ကလေးများသည် ကန်ငယ်များကြားတွင် ပြေးလွှားရသည်။ သူတို့၏အလုပ်မှာ အခြောက်ခံသည့်အဆင့်ကို စောင့်ကြည့်ခြင်းဖြစ်သည်။ ကန်များအတွင်းမှရေများ အငွေ့ ပြန်သွားသည်နှင့်အမျှ မျက်နှာပြင်တွင် ဆားခဲများပေါ်လာသည်။ စောင့်ကြည့်မနေပါက ဤအပေါ်ယံဆားငန်လွှာသည် ထပ်မံအငွေ့ ပြန်မှုအတွက် အတားအဆီးဖြစ်စေနိုင်သည်။ ထို့ကြောင့် ကလေးများသည် အပေါ်ယံဆားငန်လွှာ အရည်ပျော်စေရန် ရေဖြန်းပေးကြရာ ဆားခဲလေးများသည် ကန်အောက်ခြေသို့ ကျဆင်းသွား၏။ နောက်ဆုံး အဖိုးတန်ဆားများသာ ကျန်ခဲ့သည်အထိ ဆက်၍အငွေ့ ပြန်စေသည်။

ဤကန်များသည် အဘယ်ကြောင့် ကွဲပြားခြားနားသည့် လှပသောအရောင်များရှိသနည်း။ “ဒီဒေသမှာ အခြေခံအနေနဲ့ ရွှံ့စေး ဒါမှမဟုတ် ရွှံ့သုံးမျိုးရှိတာကိုတွေ့နိုင်ပြီး အဲဒါတွေက ရေကို အရောင်အမျိုးမျိုးထွက်စေတယ်။ ပြီးတော့ ပျော်ရည်ထဲမှာပါဝင်တဲ့ ဆားပမာဏအလိုက် အရောင်အမျိုးမျိုးကွဲပြားတယ်။ ကန်တချို့မှာ ပေါက်ရောက်နေတဲ့ရေမှော်ပင်တွေကလည်း ရေကို အရောင်အမျိုးမျိုးထွက်စေတယ်” ဟုကျွန်တော်တို့၏ လမ်းပြက ရှင်းပြသည်။ ချစ်ချစ်တောက်ပူနေသော နေရောင်ခြည်များ ကျရောက်သည့်ထောင့် ပြောင်းလဲသွားသည်နှင့်အမျှ ကန်များ၏အရောင်အသွေးများလည်း ပြောင်းလဲသွားသည်ကို ကျွန်တော်တို့ သတိပြုမိခဲ့သည်။

ဆားသည် ငွေ

ရွာသို့ပြန်ရောက်သောအခါ အမျိုးသမီးများသည် စိုထိုင်းသောဆားကြမ်းများကို အတုံးအခဲများဖြစ်အောင် ပြုလုပ်ပြီး နေလှန်းအခြောက်ခံကြသည်။ သူတို့သည် ဆားများကို အရောင်မချွတ်သောကြောင့် ဆားခဲများမှာ အညိုရောင်ဖြစ်နေသည်။ အမျိုးသမီးများသည် ဆားများကို ကြက်ဥပုံ၊ အဝိုင်းပုံနှင့် တြိဂံပုံများဖြစ်အောင် ပြုလုပ်နေသည်ကို ကျွန်တော်တို့ မြင်တွေ့ရသည်။ ကြက်ဥပုံနှင့် အဝိုင်းပုံတို့မှာ ရောင်းချရန်ဖြစ်ပြီး တြိဂံပုံမှာ လက်ဆောင်ပေးရန် ဖယ်ထားခြင်းဖြစ်သည်ဟု အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ဤဆားများကို မည်သူတို့ ဝယ်ယူကြသနည်း။ လှည့်လည်သွားလာနေထိုင်သူများနှင့် ဆားကုန်သည်များဖြစ်သည်။ သူတို့သည် တေဝီဒါအဲန်တေစွန်ရွာတွင် လှည့်လည်၍ အစားအသောက်များ၊ အခြားပစ္စည်းများဖြင့် ဆားများကို လဲလှယ်ကြသည်။ ဆားအများစုကို ကန္တာရအစွန်အဖျားရှိ မြို့ကြီးများ၏ဈေးများတွင် ရောင်းချကြသည်။ ဤရွာမှထွက်ရှိသောဆားကြမ်းများကို လူအတွက် အသုံးပြုခြင်းမဖြစ်နိုင်ပေ။ ယင်းအစား အိမ်မွေးတိရစ္ဆာန်များအတွက် အာဟာရဖြည့်စွက်ရန်ဖြစ်ပေမည်။

ကျွန်တော်တို့၏ကားရှိရာသို့ ပြန်လှည့်လာသောအခါ အမျိုးသားတစ်ဦးသည် အနယ်စစ်ကန်လွတ်တစ်ခုမှ ရွှံ့အကြွင်းအကျန်များအား တူးနေသည်ကို တွေ့ရသည်။ သူသည် ရွှံ့အကြွင်းအကျန်များကို စိုစွတ်နေသောမြေပြင်ဘက်သို့ ဆွဲယူသွားပြီး လူလုပ်ကုန်းလေးများပေါ် စုပုံလိုက်သည်။ ကျွန်တော်တို့ ထွက်ခွာလာသည့်လမ်းတစ်လျှောက်တွင် ဤတောင်ကုန်းများသည် တေဝီဒါအဲန်တေစွန်ရွာ၌ နေထိုင်၍ လုပ်ကိုင်စားသောက်ပြီး သေဆုံးသွားခဲ့ကြသည့် ဆားရှာဖွေသူများ၏ သားစဉ်မြေးဆက်များအတွက် မည်သို့သက်သေထူကြောင်းကို ပြန်ပြောင်းစဉ်းစားခဲ့ကြသည်။—စာရေးသူပေးပို့သည်။

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

“ဆားရဲ့အဓိကရင်းမြစ်က ရေမဟုတ်ဘဲ မြေကြီးဖြစ်တဲ့အတွက် ဒီအချက်က ဆားကို တစ်မူထူးခြားစေတယ်”

[စာမျက်နှာ ၂၁ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဆာဟာရ

နိုက်ဂျာ

အာဂါဒီဇ်

တေဝီဒါအဲန်တေစွန်

[Credit Line]

Based on NASA/​Visible Earth imagery

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဆာဟာရရွှံ့စေးမြေမှ အဖိုးတန်ဆားများထုတ်ယူခြင်း

[Credit Line]

© Victor Englebert

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အငွေ့ ပြန်သည့်ကန်များ အရောင်အမျိုးမျိုးဖြစ်လာ

[Credit Line]

© Ioseba Egibar/​age fotostock

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဆားခဲများကို ပူပြင်းသော နေရောင်တွင် အခြောက်ခံ