မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောင်ပစိဖိတ်ရှိ မေ့လျော့ခံရသော ကျွန်များ

တောင်ပစိဖိတ်ရှိ မေ့လျော့ခံရသော ကျွန်များ

တောင်ပစိဖိတ်ရှိ မေ့လျော့ခံရသော ကျွန်များ

ဖီဂျီမှ နိုးလော့! စာရေးသူ ပေးပို့သည်

ပစိဖိတ်ကျောက်ခက်ကျွန်းဝိုင်း၏ ကမ်းခြေနားသို့ သင်္ဘောနှစ်စင်း ဖြည်းညင်းစွာ ဆိုက်ကပ်လာရာ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားနေကြသည်။ အစောပိုင်းနှစ်အနည်းငယ်က သင်္ဘောပျက်ရာတွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် မိမိ၏သမ္မာကျမ်းစာမှ စာမျက်နှာအနည်းငယ်ကိုဆုတ်ကာ ထိုနေရာရှိ မိသားစုတိုင်းကို ပေးခဲ့သည်။ ထိုနှိမ့်ချသူများသည် ထိုစာရွက်များကို စိတ်ထက်သန်စွာ ဖတ်ရှုခဲ့ကြပြီး ထိုအချိန်ကတည်းက ခရစ်ယာန်ဆရာတစ်ဦး ရောက်ရှိလာမည့်အချိန်ကို စိတ်စောလျက် စောင့်မျှော်နေခဲ့ကြသည်။

ယခု အလည်အပတ်ရောက်ရှိလာသော အဆိုပါသင်္ဘောသားများသည် ဘုရားသခင်အကြောင်း ပို၍သင်ယူနိုင်သည့် နေရာတစ်နေရာသို့ သူတို့အား ခေါ်ဆောင်သွားမည်ဟု ကတိပေးကြသည်။ ယုံကြည်စိတ်ချတတ်သော အမျိုးသားနှင့် အမျိုးသမီး ၂၅၀ ခန့်သည် သင်္ဘောပေါ်တက်လိုက်ကြပြီး အများစုသည် ၎င်းတို့အမြတ်တနိုးထားသော ကျမ်းစာစာမျက်နှာများကို တင်းကျပ်စွာဆုပ်ကိုင်ထားကြသည်။

သို့သော် ထိုသူတို့သည် ပါးနပ်သည့် လှည့်စားမှုတစ်ခု၏ သားကောင်များဖြစ်ခဲ့ကြသည်။ သင်္ဘောပေါ်သို့ရောက်သော် သူတို့ကို ချည်နှောင်ကာ ကုန်းပတ်အောက်သို့ထည့်ပြီး တောင်အမေရိကရှိ ကာရာအိုဆိပ်ကမ်းသို့ ခရီးရှည်နှင်၍ ပို့လိုက်ကြသည်။ သန့်ရှင်းမှုမရှိသောအခြေအနေများကြောင့် လမ်းခရီးတစ်လျှောက်တွင် လူများစွာ သေဆုံးခဲ့ကြသည်။ လိင်ဆိုင်ရာမတော်မတရားပြုမှုများ အလွန်ထူပြောလှ၏။ ရေကြောင်းခရီးရှည်တွင် အသက်မသေဘဲကျန်ရစ်သူများသည် စိုက်ပျိုးရေးနှင့် သတ္တုတွင်းများတွင် အလုပ်လုပ်ရန် သို့မဟုတ် အိမ်စေများအနေနှင့် အလုပ်လုပ်ရန် ကျွန်များအဖြစ် ရောင်းစားခံရပြီး သူတို့နေရင်းကျွန်းသို့ ဘယ်သောအခါမျှ ပြန်ခွင့်မရကြတော့ချေ။

တောင်ပစိဖိတ်တွင် ကျွန်ကုန်ကူးခြင်း ကြီးထွားလာ

တောင်ပစိဖိတ်ကျွန်းသူကျွန်းသားများသည် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းအတွင်း အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်းခံခဲ့ကြရသည်။ ၁၈၆၀ ပြည့်လွန်နှစ်များအစောပိုင်းအတွင်း ထောင်နှင့်ချီသော ကျွန်းသူကျွန်းသားများကို တောင်အမေရိကသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ နောက်ပိုင်းဆယ်စုနှစ်အတွင်းတွင် အနောက်ဘက်ကို အာရုံပြောင်းသွားကာ ကျွန်းသူကျွန်းသားများကို ဩစတြေးလျနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ၁၈၆၇ ခုနှစ်တွင် ယခင်ဘုရင့်ရေတပ်မတော်မှ ရော့စ်လူအန်သည် ကြံနှင့်ဝါစိုက်ပျိုးရေးသမားများအား “ကျွန်းများမှ အကောင်းဆုံးနှင့် အသုံးဝင်ဆုံး တိုင်းရင်းသားများကိုရရှိရန် ကျွန်တစ်ဦးလျှင် ၇ [ပေါင်]နှုန်းဖြင့်” ကမ်းလှမ်းခဲ့သည်။

တောင်ပစိဖိတ်ကျွန်းသူကျွန်းသားများအား အတင်းအဓမ္မခေါ်ဆောင်သွားခြင်းကို တားဆီးရန် ဗြိတိသျှကိုလိုနီရုံး၏ ကြိုးစားအားထုတ်မှုမှာ မအောင်မြင်ခဲ့ပါ။ အကြောင်းရင်းတစ်ချက်အနေနှင့်၊ တိုင်းတစ်ပါးသြဇာခံများအတွက် ဗြိတိသျှဥပဒေကို လိုက်နာရန် အခက်တွေ့ခဲ့ခြင်းဖြစ်သည်။ နောက်အကြောင်းရင်းတစ်ချက်မှာ ဗြိတိသျှဥပဒေတွင် ကျေးကျွန်တစ်ဦးအတွက် ပြည့်စုံသောအဓိပ္ပာယ်သတ်မှတ်ချက် မရှိခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ကုန်ကူးရာတွင် ပါဝင်သူများသည် ထိုကျွန်းသူကျွန်းသားများကို လိမ်လည်လှည့်ဖြားကာ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြသော်လည်း အမှန်တကယ်အားဖြင့် သူတို့သည် ကျွန်များမဟုတ်ကြောင်း လုပ်အားခပေးပြီး အချိန်တန်လျှင် အိမ်သို့ပြန်ပို့သော စာချုပ်ဖြင့်အလုပ်လုပ်သူများဖြစ်ကြောင်း တရားရုံး၌ အောင်မြင်စွာ လျှောက်လဲခဲ့ကြသည်။ အချို့က မိမိတို့သည် ယခင်က ဤလူရိုင်းများကို ဗြိတိသျှဥပဒေအရ ခေါ်ဆောင်သွားကာ အလုပ်လုပ်ရန် သင်ပေးခြင်းဖြင့် သူတို့ကို ကူညီပေးနေခြင်းဖြစ်ကြောင်း အခိုင်အမာပြောသည့်အထိပင်ဖြစ်သည်။ ကျွန်ကုန်ကူးခြင်းသည် အနည်းဆုံး အချိန်အတန်ကြာသည်အထိ တွင်ကျယ်ခဲ့သည်။

အခြေအနေ ပြောင်းလဲသွား

တရားမျှတသော နိုင်ငံသားများက ကျွန်ကုန်ကူးခြင်းကို ဆန့်ကျင်ပြောဆိုလာကြသောကြောင့် အဖြစ်အပျက်များ စတင်ပြောင်းလဲလာခဲ့သည်။ အချို့သောကျွန်းသူကျွန်းသားများအား စုဆောင်းခြင်းကို လိုလားကြသော်လည်း နိုင်လိုမင်းထက် ဖမ်းဆီးချုပ်နှောင်ခြင်းကိုမူ လက်မခံနိုင်တော့ချေ။ ကြာပွတ်ဖြင့်ရိုက်နှက်ခြင်း သို့မဟုတ် သံပူဖြင့်အမှတ်အသားပြုလုပ်ခြင်းကဲ့သို့သော မတော်မတရားပြုမှုများ သို့မဟုတ် အချို့သောအလုပ်သမားများ နေထိုင်၍ အလုပ်လုပ်သည့်နေရာတွင် ထိတ်လန့်စရာအခြေအနေများလည်း မရှိတော့ချေ။

ကျွန်ကုန်ကူးခြင်းကို ဘွင်းဘွင်းဆန့်ကျင်သူတစ်ဦးဖြစ်သော အင်္ဂလီကန်ဂိုဏ်းအုပ် ဂျေ. စီ. ပတ်တာစင်ကို ၎င်းကာကွယ်ပေးခဲ့သော ကျွန်းသူကျွန်းသားများက သတ်ဖြတ်လိုက်သောအခါ ပြောင်းလဲမှုဖြစ်စေသောတွန်းအားမှာ ပို၍အရှိန်ပြင်းလာခဲ့သည်။ အသုံးပြုနေကျ လှည့်စားမှုအသွင်တစ်ခုကို အသုံးချလျက် ကျွန်ကုန်ကူးသူများသည် သင်္ဘောတစ်စီးဖြင့် ပတ်တာစင်ထက်အလျင် ကျွန်းသို့ရောက်ရှိလာပြီး ၎င်းပုံစံနှင့်တူအောင် တမင်တကာပြုလုပ်ခဲ့ကြသည်။ ဤဖြစ်ရပ်၌ သင်္ဘောပေါ်တွင် ဂိုဏ်းအုပ်နှင့်တွေ့ဆုံရန် ဒေသခံပြည်သူများကို ဖိတ်ခေါ်ခဲ့သည်။ သူတို့ကို နောက်ထပ်ပြန်မတွေ့ရတော့ချေ။ ပတ်တာစင်အစစ် ရောက်လာသောအခါ ရန်လိုနေသောလူအုပ်ကို သူတွေ့လိုက်ရပြီး မှားယွင်းသောလက်စားချေမှုဖြင့် အသတ်ခံလိုက်ရသည်ကို နားလည်နိုင်ပါသည်။ ဤဖြစ်ရပ်နှင့် ကြီးထွားလာနေသော ပြည်သူ့အကျိုးလိုလားသည့် ဆန့်ကျင်ကန့်ကွက်မှုများကို တုံ့ ပြန်သည့်အနေနှင့် အကြမ်းဖက်မှုများကိုရပ်တန့်ရန် အမိန့်အရ ဗြိတိသျှနှင့်ပြင်သစ် ရေတပ်သင်္ဘောများကို ပစိဖိတ်တွင် နေရာချထားခဲ့ကြသည်။

ဩစတြေးလျရှိ နယူးဆောက်ဝေးလ်နှင့် ကွင်းစလန်းတို့၏ ပြည်နယ်အစိုးရများသည် အကြမ်းဖက်မှုများကို ရပ်တန့်စေရန်နှင့် စာချုပ်ဖြင့်လုပ်သောအလုပ်သမားများ ကုန်သွယ်ခြင်းကို နည်းမှန်လမ်းကျဖြစ်စေရန် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းဖြင့် ကိုလိုနီနိုင်ငံနှင့်ဆိုင်သောရုံးနှင့် ပူးပေါင်းခဲ့ကြသည်။ စစ်ဆေးရေးအရာရှိများကို ခန့်အပ်ကာ အစိုးရကိုယ်စားလှယ်များကို လူသစ်စုဆောင်းရေးသင်္ဘောများပေါ်တွင် နေရာချထားခဲ့ကြသည်။ ဥပဒေထဲမှ ထိရောက်မှုမရှိသော ကျွန်ဆန့်ကျင်ရေးအချက်အလက်များအစား ပြန်ပေးဆွဲခြင်းနှင့် လူသတ်ခြင်းတို့နှင့်ပတ်သက်၍ ခိုင်လုံသောအထောက်အထားများ ရရှိခဲ့ကြသဖြင့် ဤစိတ်ထက်သန်သော ကြိုးစားအားထုတ်မှုများ အောင်မြင်ခဲ့ပါသည်။ ၁၉ ရာစု၏နောက်ဆုံးဆယ်စုနှစ်တွင် တောင်ပစိဖိတ်၌ အခြေအနေပြောင်းလဲလာသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်များကို အတင်းအဓမ္မခေါ်ဆောင်သွားခြင်းသည် များစွာရပ်တန့်သွားပြီး “လူသစ်စုဆောင်းရေး” ရေစီးကြောင်းသည် ၂၀ ရာစုအစပိုင်းတွင် တဖြည်းဖြည်းယုတ်လျော့သွားခဲ့၏။

၁၉၀၁ ခုနှစ်တွင် အမျိုးသားပါလီမန်လွှတ်တော်အသစ်ဖြစ်သည့် ဩစတြေးလျဓနသဟာယသည် တစ်နိုင်ငံလုံး၏ လူဝင်မှုရေးရာကို ထိန်းချုပ်ခဲ့သည်။ ယင်း၏ပေါ်လစီများသည် အများပြည်သူ့သဘောကို အလေးအနက်ထားသည်၊ ထိုအချိန်မှစ၍ လူများစွာသည် ဒေသတွင်းလုပ်သားများ အခြေပျက်မည်စိုးသောကြောင့် ပြင်ပမှအလုပ်သမားများကို မကျေမနပ်ဖြစ်ခဲ့ကြသည်။ စာချုပ်ဖြင့်လုပ်သော အလုပ်သမားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တောင်ပစိဖိတ်မှ ကျွန်းသူကျွန်းသားများကို လက်မခံကြတော့ချေ။ ထောင်နှင့်ချီသောသူများသည် ၎င်းတို့၏ မွေးရပ်ကျွန်းများသို့ အတင်းအဓမ္မပြန်ပို့ခြင်းခံခဲ့ကြရပြီး အချို့သောသူများသည် ယခု သူတို့အခြေချနေထိုင်ခဲ့သောနေရာမှ ချစ်ရသူများနှင့် ခွဲခွာခံခဲ့ရသောကြောင့် ပို၍ကြေကွဲစရာပင်။

မေ့လျော့ခံရသောကျွန်များ အောက်မေ့ခံရ

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ကွင်းစလန်းပြည်နယ်အစိုးရသည် အမြဲတမ်းဖော်ပြရမည့်အရာတစ်ခုအဖြစ် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ဆင့်ခဲ့သည်။ ယင်းတွင် ကွင်းစလန်း၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတို့ ၌ တောင်ပစိဖိတ်မှ ကျွန်းသူကျွန်းသားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုထားသည်။ တစ်ချိန်တည်းတွင် မိမိတို့ ပြုမူခဲ့သော ရက်စက်ကြမ်းကြုတ်သည့်အပြုအမူများအတွက် နောင်တရကြောင်း ဖော်ပြထားသည်။

သမိုင်းတစ်လျှောက်တွင် လူများစွာသည် အခြားသူများ၏ဘဝနှင့် လွတ်လပ်ခွင့်များကို မငဲ့ကွက်ဘဲ ၎င်းတို့အားချမ်းသာကြွယ်ဝစေသည့် အခွင့်အရေးများကို အမိအရယူခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်၏အုပ်ချုပ်မှုအောက်တွင် ထိုကဲ့သို့သော မတရားမှုများရှိလိမ့်မည်မဟုတ်ကြောင်း သမ္မာကျမ်းစာက ကတိပြုသည်။ အမှန်မှာ၊ ထိုကောင်းကင်အစိုးရ၏အောက်တွင် လက်အောက်ခံများအဖြစ် နေထိုင်သောသူတို့သည် “ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိ။”—မိက္ခာ ၄:၄

[စာမျက်နှာ ၂၅ ပါ ပုံကြမ်း/မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဩစတြေးလျနှင့် တောင်အမေရိကသို့ ကျွန်များကိုပို့ဆောင်သည့် လမ်းကြောင်းများ

ပစိဖိတ် သမုဒ္ဒရာ

မိုက်ခရိုနီးရှား

မာရှယ်ကျွန်းစု

နယူး ဂီနီ

စော်လမွန်ကျွန်းစု

တူဗာလူး

ဩစတြေးလျ ကီရီဘာတီ

ကွင်းစလန်း ဗာနူအာတူး

နယူး ဆောက်ဝေးလ် နယူး ကယ်လီဒိုးနီးယား တောင်အမေရိက

ဆစ်ဒနီ ← ဖီဂျီ → ကာယာအို

ဆာမိုအာ

တွန်ဂါ

ကွတ်ခ်ကျွန်းစု

ပြင်သစ်ပိုင်ပေါ်လနီးရှား

အီစတာကျွန်း

[Picture Credit Line on page 24]

National Library of Australia, nla.pic-an11279871