မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရအသက်ရရှိစေသော ရေ

ထာဝရအသက်ရရှိစေသော ရေ

ထာဝရအသက်ရရှိစေသော ရေ

ယေရှုသည် ယေရုရှလင်မြို့မြောက်ဘက် ရှမာရိနယ်သို့ ခရီးလှည့်လည်လျက်ရှိ၏။ ကိုယ်တော်သည် မောပန်းပြီး ရေဆာနေသည်။ ရေတွင်းတစ်တွင်းအနားတွင် ကိုယ်တော်ထိုင်နေစဉ် ရှမာရိအမျိုးသမီးတစ်ဦးအား မိမိသောက်ဖို့ ရေပေးပါရန် တောင်းဆိုခဲ့သည်။ ပထမရာစုအချိန်က ဂျူးလူမျိုးနှင့် ရှမာရိလူမျိုးစပ်ကြားတွင် မုန်းတီးမှုရှိနေသောကြောင့် ဂျူးလူမျိုးတစ်ဦးက မိမိထံ ရေတောင်းသောက်သည်ကို သူမထိတ်လန့်သွား၏။

ဇဝေဇဝါဖြစ်နေသော အမျိုးသမီးက ယေရှုအား “သင်သည် ဂျူးလူမျိုးဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သော ကျွန်မကို အဘယ်ကြောင့် သောက်ဖို့ ရေတောင်းသနည်း” ဟုလျှောက်ဆို၏။

ယေရှုကလည်း “ဘုရားသခင်ပေးသော ဆုကျေးဇူးကိုလည်းကောင်း၊ ‘ငါသောက်ဖို့ ရေပေးပါ’ ဟုဆိုသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟုဖြေဆိုခဲ့၏။

ယေရှုသည် သူမအား ဤသို့ထပ်ဆင့်ရှင်းပြခဲ့သည်– “ဤရေကို သောက်သောသူတိုင်း နောက်တစ်ဖန် ရေငတ်ဦးမည်။ ငါပေးသောရေကို သောက်သူတိုင်း ဘယ်သောအခါမျှ ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရစေရန် ထွက်သောစမ်းရေ ဖြစ်လိမ့်မည်။”—ယောဟန် ၄:၁-၁၅

အဘယ်ရေကို ယေရှု ရည်ညွှန်းခဲ့သနည်း။

သမ္မာကျမ်းစာတွင် ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား “အသက်စမ်းရေတွင်း” ဟုခေါ်ဆိုထားသည်။ (ယေရမိ ၂:၁၃) အသက်သည် ဘုရားသခင်ထံမှရရှိသော ဆုကျေးဇူးဖြစ်ပြီး ကျွန်ုပ်တို့၏အသက်ရှင်သန်မှုသည် ပကတိရေကိုသာမက ယေရှုဖော်ပြခဲ့သည့် ပုံဆောင်ရေ သောက်သုံးခြင်းအပေါ်တွင်လည်း မူတည်ပါသည်။

ယနေ့တွင် အသက်နှင့်ဆိုင်သော အရေးအကြီးဆုံးမေးခွန်းများအတွက် အဖြေများကို တစ်ခါနှင့်မျှမတူအောင် လိုအပ်လျက်ရှိ၏။ အမှန်မှာ ဤအရေးကြီးသောကိစ္စရပ်များအတွက် လမ်းညွှန်မှုကောင်းမရှိသောကြောင့် ဤကမ္ဘာဂြိုဟ်ပေါ်ရှိ လူသားတို့သည် အလွန်အကျပ်ရိုက်နေသည်ဟု ဆိုနိုင်ပါသည်။ သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း။ သူတို့နှင့် ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ချက်ရှိသလော။ ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း။ အနာဂတ်တွင် စစ်မှု၊ ရာဇဝတ်မှု၊ အစာခေါင်းပါးမှုနှင့် ဖျားနာမှုတို့မှ ကင်းလွတ်ပါဦးမည်လော အစရှိသည့် မေးခွန်းများနှင့်ပတ်သက်သော အဖြေများကို လူတို့ အရေးတကြီး လိုအပ်လျက်ရှိသည်။ အဆိုပါမေးခွန်းများအတွက် ကျေနပ်ဖွယ်ကောင်းသော အဖြေများကို လန်းဆန်းမှုပေးသော “ရေ” ဖြစ်သည့် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် တွေ့ ရှိနိုင်ကြောင်း ယေဟောဝါသက်သေများက ယုံကြည်ကြသည်။

အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ယေရှုသည် ရေတွင်း၌ ရှမာရိအမျိုးသမီးနှင့် စကားပြောဆိုခဲ့စဉ် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အသက်ပေးသော အမှန်တရားများကို ကိုယ်တော် အရိပ်အမြွက်ပြောဆိုခဲ့သည်။ ကျမ်းစာအမှန်တရားနှင့် အကျွမ်းတဝင်ဖြစ်လာစေရန် ယေဟောဝါသက်သေများက သင့်ကို ဖိတ်ခေါ်ပါသည်။ ဤဖိတ်ခေါ်ချက်ကို သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် ဤသို့ဖော်ပြထား၏– “ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။”—ဗျာ. ၂၂:၁၇

ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့အား မည်သို့အကျိုးပြုနိုင်ကြောင်း ပိုမိုသိရှိလိုပါက အနီးဆုံး ဝတ်ပြုရာခန်းမတွင် ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ဖော်ပြထားသော သင့်လျော်ရာလိပ်စာသို့ စာရေးပါ။ ထို့အပြင် www.watchtower.org ဝက်ဘ်ဆိုက်တွင်လည်း ရှာဖွေကြည့်ရှုနိုင်ပါသည်။

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်]

ဘာသာတရားသည် လူတို့၏ အမှန်တရားရေငတ်မှုကို ပြေစေခဲ့ပြီလော

လူတစ်ဦးသည် ချာ့ခ်ျတက်ရုံ သို့မဟုတ် ဘာသာတရားကိုင်းရှိုင်းသည်ဟု ပြောရုံနှင့် လန်းဆန်းမှုပေးသည့် အမှန်တရားရေကို မသောက်သုံးနိုင်ချေ။ အမှန်မှာ ယနေ့ တည်ရှိပြီးသား ဘာသာတရားများစွာသည် လူ့ပြဿနာများကို မဖြေရှင်းပေးခဲ့သည့်အပြင် ပို၍ပင်တိုးပွားစေခဲ့ကြပြီ။ နမူနာတစ်ခုကို သုံးသပ်ကြည့်ပါ– စစ်ဖြစ်ပွားနေချိန်များတွင် ကက်သလစ်များသည် ကက်သလစ်များကို သတ်ဖြတ်ခဲ့ကြသည်၊ ပရိုတက်စတင့်များသည် ပရိုတက်စတင့်များကို သတ်ဖြတ်ခဲ့ကြသည်၊ နှစ်ဖက်စလုံးက အောင်ပွဲဆင်နိုင်ရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ကြ၏။

ယင်းကိုထပ်ဆင့်ခဲ့သောအရာများမှာ ဓမ္မဆရာများ ငွေအလွဲသုံးစားမှု သို့မဟုတ် ကလေး သူငယ်များကို လိင်မတော်မတရားပြုမှုအပါအဝင် ချာ့ခ်ျအရှုပ်တော်ပုံများနှင့်ဆိုင်သော များပြားလှသည့် သတင်းများဖြစ်သည်။ အမှန်ပင် ဘာသာတရားအများစု ပေးဝေသည့် ရေများသည် ညစ်ညမ်းခဲ့၏။ (ဗျာ. ၁၇:၄-၆; ၁၈:၁-၅) အခြေအနေမှာ သမ္မာကျမ်းစာပါ တိတု ၁:၁၆ တွင် ဖော်ပြထားသည့်အတိုင်းဖြစ်၏– “သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။” အများအားဖြင့် ဘာသာတရားသည် သမ္မာကျမ်းစာအမှန်တရားရေ ငတ်နေသည့် ဤကာလများတွင် လူတို့၏အငတ်ကို မပြေစေခဲ့ချေ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အခန်း ၁၉ ခန်းရှိပြီး စာမျက်နှာ ၂၂၄ မျက်နှာရှိသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်တွင်

“ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ အဘယ်နည်း”

“သေလွန်သူများ မည်သည့်နေရာတွင် ရှိနေကြသနည်း”

“ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြပါသလော”

“ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း” အစရှိသည့် အခြေခံမေးခွန်းများအတွက် ကျမ်းစာအဖြေများကို ရှင်းပြထားပါသည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

‘အမှန်တရားရေ’ ကို သင့်ဒေသရှိ ယေဟောဝါသက်သေတို့၏ ဝတ်ပြုရာခန်းမတွင် ရှာတွေ့နိုင်ပါသည်