မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြည့်စုံကောင်းမွန်သော ကမ္ဘာ့ “တည်နေရာ”

ပြည့်စုံကောင်းမွန်သော ကမ္ဘာ့ “တည်နေရာ”

ပြည့်စုံကောင်းမွန်သော ကမ္ဘာ့ “တည်နေရာ”

ကျွန်ုပ်တို့နေထိုင်ရာ လိပ်စာတွင် နိုင်ငံ၊ မြို့နှင့် လမ်းတို့ပါဝင်သည်။ နှိုင်းယှဉ်သည့်အနေနှင့် ကမ္ဘာ၏တည်နေရာ “နိုင်ငံ” ကို နဂါးငွေ့တန်းဂလက်ဆီ၊ ကမ္ဘာ့ “မြို့” ကို နေနှင့်ဂြိုဟ်များပါဝင်သော နေအဖွဲ့အစည်း၊ ကမ္ဘာ့ “လမ်း” ကို နေအဖွဲ့အစည်းအတွင်း လှည့်ပတ်နေသော ကမ္ဘာ၏လမ်းကြောင်းဟု ဆိုကြပါစို့။ နက္ခတ္တဗေဒနှင့် ရူပဗေဒပညာရပ်များ၌ တိုးတက်လာမှုကြောင့် စကြဝဠာတွင် ကျွန်ုပ်တို့၏အလွန်သေးငယ်သောနေရာသည် အကောင်းဆုံးအနေအထား၌ရှိကြောင်း သိပ္ပံပညာရှင်များ နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်ခဲ့ကြသည်။

နဂါးငွေ့တန်းဂလက်ဆီတွင် သက်ရှိများရှင်သန်နိုင်သော အစိတ်အပိုင်းတစ်ခုသာရှိသည်၊ ကျွန်ုပ်တို့၏ “မြို့” ဖြစ်သော ကျွန်ုပ်တို့၏နေအဖွဲ့အစည်းသည် ထိုအစိတ်အပိုင်းတွင် တည်ရှိနေသည်။ ယင်းအစိတ်အပိုင်းသည် ဂလက်ဆီ၏ဗဟိုမှ အလင်းနှစ်ပေါင်း ၂၈,၀၀၀ ခန့်အကွာတွင်ရှိပြီး အသက်ကိုထောက်ပံ့ပေးရန် လိုအပ်သော ဓာတုဒြပ်စင်များ တိကျစွာ ပါဝင်နေသည်။ အဆိုပါဒြပ်စင်များသည် ရှားပါးလှသည်၊ ထို့အပြင် ဂလက်ဆီ၏ယင်းနယ်ပယ်တွင် သေစေနိုင်သော ဓာတ်ရောင်ခြည်များနှင့် အခြားသောအကြောင်းရင်းများ အမြောက်အမြားရှိနိုင်ဖွယ်ရှိသောကြောင့် အန္တရာယ်များလှ၏။“ကျွန်ုပ်တို့သည် အကောင်းဆုံးနေရာတွင် နေထိုင်ကြ၏” ဟုမဂ္ဂဇင်းတစ်စောင် (Scientific American) ကဆိုသည်။

စံပြ “လမ်း”

ကျွန်ုပ်တို့၏နေအဖွဲ့အစည်း “မြို့” အတွင်း ကမ္ဘာ့ “လမ်း” ဖြစ်သော ပတ်လမ်းကြောင်းသည် အကောင်းဆုံးဖြစ်၏။ နေမှ မိုင်ပေါင်း ၉၃ သန်းခန့်ဝေးသော ယင်းပတ်လမ်းကြောင်းသည် သက်ရှိများ အသက်ရှင်သန်နိုင်ရေးအတွက် မပူလွန်း၊ မအေးလွန်းသည့်နေရာတွင်ရှိ၏။ ထို့ပြင် ကမ္ဘာ့ပတ်လမ်းကြောင်းသည် စက်ဝိုင်းပုံနီးပါးရှိပြီး တစ်နှစ်ပတ်လုံး နေမှ အကွာအဝေး တူညီလုနီးပါးရှိနေသည်။

တစ်ချိန်တည်းတွင် နေသည် အကောင်းဆုံး “စွမ်းအင်ရင်းမြစ်” ဖြစ်၏။ ယင်းသည် တည်ငြိမ်ပြီး အရွယ်အစားအနေတော်ဖြစ်ကာ စွမ်းအင်ပမာဏအနေတော် ထုတ်လွှတ်ပေး၏။ အကြောင်းကောင်းရှိ၍ နေကို “အလွန်ထူးခြားသောကြယ်” တစ်လုံးဟု တော်မှန်စွာ ခေါ်ဆိုခဲ့ကြသည်။

အကောင်းဆုံးအိမ်နီးချင်း

သင်သည် ကမ္ဘာမြေအတွက် “အိမ်နီးချင်း” တစ်ဦးကို ရွေးချယ်ပေးရမည်ဆိုလျှင် လမှတစ်ပါး အခြားရွေးချယ်စရာ ရှိနိုင်မည်မဟုတ်ချေ။ လ၏အချင်းသည် ကမ္ဘာ့အချင်း၏လေးပုံတစ်ပုံကျော်ရုံသာရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏နေအဖွဲ့အစည်းရှိ အခြားလများနှင့်နှိုင်းယှဉ်သည့်အခါ ကျွန်ုပ်တို့၏ဂြိုဟ်ရံလသည် အလွန်ကြီးမားနေသည်။ သို့သော် ယင်းသည် မတော်တဆတိုက်ဆိုင်မှုမဟုတ်ချေ။

အကြောင်းရင်းတစ်ရပ်မှာ လသည် ဒီရေအတက်အကျကို အဓိကဖြစ်ပေါ်စေပြီး ကမ္ဘာ့ဂေဟစနစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့ပြင် လသည် ကမ္ဘာ၏ဝင်ရိုးကို တည်ငြိမ်စေသည်။ အံဝင်ခွင်ကျဖြစ်သောလသာမရှိပါက ကျွန်ုပ်တို့၏ကမ္ဘာသည် ဂျင်ကဲ့သို့ ဘယ်ညာယိမ်းထိုး၍ ကျွမ်းထိုးမှောက်ခုံပင် ဖြစ်သွားနိုင်သည်။ ယင်းကြောင့် ရာသီဥတု၊ ဒီရေနှင့် အခြားသောအပြောင်းအလဲများက ကပ်ဘေးကြီးသင့်စေနိုင်သည်။

ကမ္ဘာ့အကောင်းဆုံး တိမ်းစောင်းမှုနှင့် လည်နေမှု

ကမ္ဘာသည် ၂၃.၅ ဒီဂရီ တိမ်းစောင်းနေသည့်အတွက် ရာသီဥတုစက်ဝန်းကို နှစ်စဉ်တစ်ပတ်လည်စေပြီး အပူချိန်အသင့်အတင့်ရှိကာ ရာသီဥတုဇုန်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေ၏။ “ကျွန်ုပ်တို့ကမ္ဘာ၏ တိမ်းစောင်းနေသောဝင်ရိုးသည် သက်ရှိအတွက် အသင့်တော်ဆုံးအနေအထားတွင်ရှိပုံရသည်” ဟုစာအုပ်တစ်အုပ် (Rare Earth​—Why Complex Life Is Uncommon in the Universe) ကဆို၏။

ကမ္ဘာကြီးလည်နေသည့်အတွက် နေ့နှင့်ည၏ အချိန်တာမှာလည်း အသင့်တော်ဆုံးဖြစ်နေသည်။ အကယ်၍ ကမ္ဘာ့လည်နှုန်းသည် သိသိသာသာကြာရှည်နေသည်ဆိုလျှင် နေဘက်ကို မျက်နှာမူနေသော ကမ္ဘာ့တစ်ဖက်ခြမ်းသည် အလွန်ပူပြင်းနေပြီး အခြားတစ်ဖက်ခြမ်းတွင်မူ အေးခဲနေပေမည်။ ဆန့်ကျင်ဘက်အနေနှင့် အကယ်၍ နေ့တာသည် နာရီအနည်းငယ်သာကြာရှည်လျှင် ကမ္ဘာ့မြန်ဆန်သောလည်နှုန်းသည် ပြင်းထန်သောလေတိုက်နှုန်းနှင့် အခြားထိခိုက်စေသော ဆိုးကျိုးများကို ဖြစ်ပေါ်စေပေမည်။

ကမ္ဘာဂြိုဟ်၏ “တည်နေရာ” မှစ၍ ယင်း၏လည်နှုန်းနှင့် ဂြိုဟ်ရံလအထိ အရာရာတိုင်းသည် ပညာရှိဖန်ဆင်းရှင်တစ်ပါးက အသေအချာ ပုံစံပြုထားကြောင်း သက်သေထူ၏။ * “ဘုရားသခင်မဲ့ဝါဒီ သိပ္ပံပညာရှင်တွေတောင် စကြဝဠာရဲ့ ပမာဏအချိုးအစား၊ ကြီးကျယ်ခမ်းနားမှု၊ သဟဇာတဖြစ်မှု၊ လှပတင့်တယ်မှု၊ ဖန်တီးတီထွင်မှုတို့နဲ့ပတ်သက်ပြီး စိတ်ထိမိပါလိမ့်မယ်” ဟုရူပဗေဒပညာရှင်နှင့် ဆင့်ကဲဝါဒီ ပေါလ်ဒေဗီစ်ကဆို၏။

ယင်းသို့သောဖန်တီးတီထွင်မှုသည် မတော်တဆတိုက်ဆိုင်မှုဖြစ်နိုင်ပါသလော သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်းလော။ ကမ္ဘာ့သက်ရှိများကို အာကာသမှလာသော အန္တရာယ်များမှ ကာကွယ်ပေးသည့် အံ့ဖွယ်အကာအရံနှစ်မျိုးအကြောင်း ဆွေးနွေးထားသော နောက်ဆောင်းပါးတိုကို သင်ဖတ်ရှုသည့်အခါ ယင်းမေးခွန်းကို စဉ်းစားကြည့်ပါလေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 စကြဝဠာတစ်ခုလုံး တည်ရှိမှုအတွက် မရှိမဖြစ်လိုအပ်သောအရာများမှာ ဒြပ်ဆွဲအား၊ လျှပ်စစ်သံလိုက်အား၊ အပြင်းစားနျူကလီးယားအားနှင့် အပျော့စားနျူကလီးယားအားဖြစ်သည့် ဒြပ်ဝတ္ထုအပေါ်သက်ရောက်သော အခြေခံအားလေးမျိုးဖြစ်သည်။ ယင်းတို့အားလုံးကို အံ့သြဖွယ်ကောင်းလောက်အောင် တိကျစွာချိန်ညှိထား၏။​—ယေဟောဝါသက်သေများထုတ်ဝေသည့် သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လောဟူသည့်စာအုပ်၏ အခန်း ၂ ကို ကြည့်ပါ။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

သင်သည် ကျည်ဆန်ထက် ပိုမြန်အောင် သွားနေပါသလော

ဤလေးထောင့်ကွက်ကို သင်ဖတ်ရှုပြီးသည့်အချိန်တွင် သင်သည် မိုင်ထောင်နှင့်ချီ၍ ခရီးသွားခဲ့ပြီဖြစ်ပြီး ယင်းကို သင်သတိပင်ပြုမိမည် မဟုတ်ချေ။ အောက်တွင်ဖော်ပြထားရာကို သုံးသပ်ကြည့်ပါ။

ကမ္ဘာကြီး၏အဝန်းသည် မိုင်ပေါင်း ၂၅,၀၀၀ ရှိပြီး ၂၄ နာရီတိုင်း တစ်ပတ်,ပတ်၏။ ထို့ကြောင့် လူတစ်ဦးသည် အီကွေတာပေါ်တွင် ရပ်နေသည်ဖြစ်စေ၊ အီကွေတာ၏အနီးတွင် ရပ်နေသည်ဖြစ်စေ တစ်နာရီလျှင် မိုင် ၁,၀၀၀ ခန့် ရွေ့လျားနေသည်။ (ဝင်ရိုးစွန်းများကမူ မိမိနေရာ၌သာ လည်ပတ်၏။)

နေအဖွဲ့အစည်းတစ်ခုလုံးသည် နဂါးငွေ့တန်းဂလက်ဆီ၏ဗဟိုချက်ကို တစ်စက္ကန့်လျှင် ၁၅၅ မိုင်နှုန်းဖြင့် အံ့သြရလောက်အောင် လည်ပတ်နေစဉ် ကမ္ဘာကိုယ်နှိုက်ကလည်း နေကို တစ်စက္ကန့်လျှင် ၁၈.၅ မိုင်နှုန်းဖြင့် လည်ပတ်နေ၏။ နှိုင်းယှဉ်ပြရသော် ကျည်ဆံများသည် တစ်စက္ကန့်လျှင် တစ်မိုင်အောက်သာ ခရီးရောက်၏။

[Picture Credit Line on page 4]

Milky Way: NASA/​JPL/​Caltech

[Picture Credit Line on page 5]

Earth: Based on NASA/​Visible Earth imagery