မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်အတွက် မရှိမဖြစ် လိုအပ်သောအရည်

အသက်အတွက် မရှိမဖြစ် လိုအပ်သောအရည်

အသက်အတွက် မရှိမဖြစ် လိုအပ်သောအရည်

ရေသည် လျှို့ဝှက်ဆန်းကြယ်၏။ ယင်းသည် ရိုးရှင်းကာ ရှုပ်ထွေး၏။ မော်လီကျူးတစ်ခုစီတွင် ဟိုက်ဒရိုဂျင်နှစ်ခုနှင့် အောက်ဆီဂျင်တစ်ခုရှိသော အက်တမ်သုံးမျိုးသာပါဝင်သည်။ သို့သော် သိပ္ပံပညာရှင်များသည် ရေမော်လီကျူးများ၏ လုပ်ဆောင်ပုံကို ယနေ့ထက်ထိ အပြည့်အဝ နားမလည်ကြသေးချေ။ ကျွန်ုပ်တို့သိရှိထားသမျှမှာ ရေသည် အသက်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး သက်ရှိအားလုံး၏ ကိုယ်ခန္ဓာအလေးချိန်တွင် ရေ ၈၀ ရာခိုင်နှုန်းခန့် ပါဝင်သည်ဟူ၍ဖြစ်၏။ ဤအံ့ဖွယ်အရာဝတ္ထု၏ ဂုဏ်အင်္ဂါငါးခုကို သုံးသပ်ကြည့်ပါလေ။

၁။ ရေသည် အပူချိန် လွန်လွန်ကဲကဲ မြင့်တက်ခြင်းမရှိဘဲ အပူကို သိုထားနိုင်သည်။ ယင်းကြောင့် ရာသီဥတုကို သမမျှတစေသည်။

၂။ ရေသည် အေးခဲသွားသောအခါ ပြန့်ကားသွားပြီး ရေခဲကို ပေါလောပေါ်စေကာ အပူဓာတ်ကိုအကာအကွယ်ပေးသော အလွှာတစ်ခုဖြစ်စေသည်။ အကယ်၍ ရေသည် အေးခဲသွားသည့်အခါ အခြားသောအရာဝတ္ထုများကဲ့သို့ ပိုမိုသိပ်သည်းလာမည်ဆိုပါက ရေအိုင်များ၊ မြစ်များနှင့် ပင်လယ်များသည် အောက်မှအထက်သို့ အစိုင်အခဲဖြစ်သွားကာ ရေထဲရှိသမျှသောအရာတို့ကို ရေခဲတွင် မြှုပ်နှံပြီးသား ဖြစ်သွားစေပေမည်။

၃။ ရေသည် အလွန်ကြည်လင်သဖြင့် အလင်းရောင်ကို မှီခိုရသည့် သက်ရှိများအား အတော်အတန်နက်သောနေရာများတွင် ဆက်လက်ရှင်သန်နိုင်စေသည်။

၄။ ရေမော်လီကျူးများသည် မျက်နှာပြင်တင်းအားကို ဖြစ်ပေါ်စေသောကြောင့် ကျုံ့နိုင်ဆန့်နိုင်၏။ ယင်းစန့်အားကြောင့် အင်းဆက်ပိုးများ ရေကန်ပေါ်တွင် ပြေးလွှားသွားနိုင်၏၊ ရေကို ရေစက်ရေပေါက်များ ဖြစ်စေနိုင်၏၊ ရေသည် ပြွန်ငယ်များအတွင်း၌ပင် တက်တုံနိမ့်တုံဖြစ်နိုင်သောကြောင့် အမြင့်ဆုံးသစ်ပင်များအတွင်း၌ပင်လျှင် ရေကို အထက်သို့တက်သွားစေနိုင်၏။

၅။ ရေသည် အခြားဝတ္ထုများကိုအရည်ပျော်စေနိုင်သည့် အကောင်းဆုံးအရည်ဖြစ်၏။ ရေသည် အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆား၊ ဓာတ်သတ္တုများနှင့် အခြားအရေးပါသော အရာဝတ္ထုများစွာကို ပျော်ဝင်စေနိုင်သည်။

ကမ္ဘာ့ရာသီဥတုကို ပုံမှန်လည်ပတ်စေရာတွင် မရှိလျှင်မဖြစ်

ကမ္ဘာ၏ ၇၀ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာများက ဖုံးလွှမ်းထားရာ ရာသီဥတုကိုထိန်းချုပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်၏။ အမှန်ဆိုရလျှင် သမုဒ္ဒရာများနှင့် လေထုသည် တပေါင်းတစည်းတည်း လုပ်ဆောင်ကာ အပူ၊ ရေ၊ ဓာတ်ငွေ့များ၊ လေနှင့်လှိုင်းများ ရွေ့လျားတိုက်ခတ်ပုံတို့ကို အမြဲတစေ အပြန်အလှန်အကျိုးပြုသည်။ ထို့ပြင် ၎င်းတို့သည် အပူပိုင်းဒေသများမှ အပူကို ဝင်ရိုးစွန်းဒေသများဘက်သို့ သယ်ဆောင်သွားရာတွင် အတူတကွ လုပ်ဆောင်ကြသဖြင့် ကမ္ဘာ့အပူချိန်ကို သမမျှတစေသည်။ အမှန်ဆိုရလျှင် သက်ရှိအများစု ဆက်လက်ရှင်သန်နိုင်ရန် အပူချိန်သည် ရေကို အရည်ဖြစ်နေစေသည့် နယ်ပယ်အတွင်း ရှိနေရမည်ဖြစ်သည်။ “ကမ္ဘာပေါ်ရှိ အခြေအနေများသည် အတိအကျ မှန်ကန်ပုံရ၏” ဟုစာအုပ်တစ်အုပ် (Rare Earth—Why Complex Life Is Uncommon in the Universe) ကဆို၏။

ကမ္ဘာမြေကြီးသည် အကြောင်းတရားမဟုတ်ဘဲ အကျိုးတရားဖြစ်သည်မှာ မှန်ပါသည်။ သို့သော် အကြောင်းတရားသည် မတော်တဆမှုလော သို့မဟုတ် ပညာရှိပြီး မေတ္တာနှင့်ပြည်ဝသော ဖန်ဆင်းရှင်တစ်ပါးလော။ ယင်းအကြောင်းတရားသည် ပညာရှိပြီး မေတ္တာနှင့်ပြည့်ဝသော ဖန်ဆင်းရှင်တစ်ပါးဖြစ်သည်ဟု သမ္မာကျမ်းစာကဆို၏။ (တမန်တော် ၁၄:၁၅-၁၇) နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့၏ကမ္ဘာကို သန့်စင်နေစေသည့် အံ့ဖွယ်သံသရာများဖြစ်သော ထပ်ဆင့်အထောက်အထားက သမ္မာကျမ်းစာ၏အမြင်ကို မည်သို့ ထောက်ခံထားကြောင်း တွေ့ရပေမည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

သမ္မာကျမ်းစာသည်သိပ္ပံနည်းကျ တိကျမှုရှိ

ကမ္ဘာကို လွတ်လပ်လဟာတွင် ဆိုင်းထား၏။ “ကောင်းကင်မြောက်မျက်နှာကို လဟာအထက်၌ ကြက်တော်မူ၏။ မြေကြီးကို အဘယ်အရာ၌မျှမတွယ်ဘဲ ဆွဲထားတော်မူ၏။”—ယောဘ ၂၆:​၇၊ သမ္မာ၊ ဘီစီ ၁၆၁၃ ခန့်တွင် ဖော်ပြခဲ့။

ကမ္ဘာသည် လုံးဝန်း၏။ “မြေကြီးစက်အပေါ်မှာထိုင်” တော်မူသောအရှင်တစ်ပါးရှိ၏။—ဟေရှာယ ၄၀:​၂၂၊ ဘီစီ ၇၃၂ ခန့်တွင် ရေးသားခဲ့။

ရေသည် သံသရာလည်နေ၏။ “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ . . . မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။”—ဒေ. ၁:​၇၊ ဘီစီ ၁,၀၀၀ မတိုင်မီ ရေးသားခဲ့။

စကြဝဠာကို နိယာမတရားများက ထိန်းချုပ်ထားသည်။ ‘မိုးကောင်းကင်နှင့် မြေကြီးတရား [သို့မဟုတ် နိယာမများ] ... ကိုငါ [ယေဟောဝါ] စီရင်တော်မူခဲ့သည်။’—ယေရမိ ၃၃:​၂၅၊ ဘီစီ ၅၈၀ မတိုင်မီ ရေးသားခဲ့။

[Picture Credit Lines on page 7]

Magnetosphere: NASA/​Steele Hill; aurora: Collection of Dr. Herbert Kroehl, NGDC; reef: Stockbyte/​Getty Images