မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

▪ သန္တာကျောက်တန်းများ ဖြစ်ပေါ်စေသော သန္တာမျိုးစိတ်များ၏ အခြေအနေနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်က ယင်းမျိုးစိတ်များ၏ ၃၂.၈ ရာခိုင်နှုန်းသည် ရာသီဥတု အပြောင်းအလဲ သို့မဟုတ် ဒေသခံလူတို့၏ ကြားဝင်နှောင့်ယှက်မှုတို့ကြောင့် “မျိုးသုဉ်းမည့် အန္တရာယ် ကြုံနေရသည်” ဟု ဖော်ပြ၏။—ဆိုင်းယင့်စ်မဂ္ဂဇင်း၊ အမေရိကန်။

▪ ဂရိနိုင်ငံ၊ အေသင်မြို့ရှိ ကလေးဆေးရုံတွင် အသက်ရှူရခက်သော ကလေး ၂,၀၀၀ ကျော်ကို စမ်းသပ်စစ်ဆေးကြည့်ရာ “၆၅ ရာခိုင်နှုန်းသည် [ဆေးရွက်ကြီး] သောက်သုံးသော မိဘတစ်ဦး သို့မဟုတ် နှစ်ဦးစလုံး၏ ကလေးများဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။”—Kathimerini သတင်းစာအင်္ဂလိပ်ဘာသာဖြင့်၊ ဂရိ။

▪ “ရေနံဈေးနှုန်း ထိုးတက်ခြင်း၊ လူနေမှုစရိတ် ကြီးမြင့်ခြင်း ... စီးပွားရေး ကျဆင်းမှုအန္တရာယ် ... နှင့် ကျွန်ုပ်တို့ အကာအကွယ်မဲ့နေပုံကို ဖော်ပြသော ထပ်ခါတလဲလဲဖြစ်ပျက်နေသည့် သဘာဝဘေး အန္တရာယ်များကြောင့် ကျွန်ုပ်တို့တွင် ဤကြီးလေးသော ပြဿနာများအတွက် ရေတို သို့မဟုတ် ရေရှည်ဖြေရှင်းနည်း မရှိသည်မှာ ထင်ရှား၏။”—LluÍS Maria De Puig၊ ဥရောပကောင်စီ၏ ပါလီမန်အစည်းအဝေး ဥက္ကဌ။

ပိုလန်နိုင်ငံတွင် ယောက်ျားလေး ၁၇ ရာခိုင်နှုန်းနှင့် မိန်းကလေး ၁၈ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အရွယ် ရောက်သောအခါ မူးယစ်ဆေးဝါး စမ်းသပ်သုံးစွဲခဲ့ပြီး ဖြစ်သည်။—ŻYcie Warszawy သတင်းစာ၊ ပိုလန်။

ခြင်္သေ့များနှင့် လူသားတို့စပ်ကြား တိုက်ခိုက်မှု

အာဖရိကတွင် လူဦးရေ တိုးပွားလာသည်နှင့်အမျှ တောရိုင်းတိရစ္ဆာန်တို့ မှီတင်းနေထိုင်ရာနယ်မြေ ကျဉ်းမြောင်းလာရာ “မကြာခဏပင် ပြင်းပြင်းထန်ထန် ပက်ပင်းတိုးမိလေ့ရှိ၏” ဟု ကိပ်တောင်းဂျာနယ်တစ်စောင် (Africa Geographic ) က ဆို၏။ အထူးသဖြင့် ခြင်္သေ့များသည် “လူသားများကို သားကောင်အဖြစ် ယူမှတ်ကြပုံပေါ်သည်။” ဥပမာ၊ တန်ဇန်းနီးယားနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်မှစ၍ နှစ်စဉ် အနည်းဆုံး လူ ၇၀ ကို ခြင်္သေ့များက ကိုက်စားခဲ့ကြသည်။ အခြေအနေတချို့တွင် ခြင်္သေ့အုပ်များသည် “တဲရှေ့မှဝင်၍ လူများကို တိုက်ခိုက်ကာ ဆွဲငင်သွားခြင်း၊ သက်ငယ်အမိုးများနှင့် ကွဲအက်နေသော ရွှံ့နံရံများမှ ဖျက်ဆီးဝင်ရောက်ခြင်းတို့တွင်ပင် ကျွမ်းကျင်လာကြသည်။”

ရှေးအီဂျစ် စပါးကျီများကို တူးဖော်

အီဂျစ်တောင်ပိုင်းတွင် အလုပ်လုပ်နေကြသော ရှီကာဂိုတက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်များသည် ယင်းနိုင်ငံတွင် အကြီးဆုံးဟု သိရှိထားသော ရှေးစပါးကျီ ခုနစ်ခုကို တူးဖော်ခဲ့ကြသည်။ ရှေးဟောင်းသုတေသန ပညာရှင်များသည် အနီးအနားတွင် တွေ့ရှိခဲ့သော ရှေးအသုံးအဆောင် ပစ္စည်းများကို ကြည့်၍ ယင်းစပါးကျီများကို ဘီစီ ၁၆၃၀ နှင့် ၁၅၂၀ အကြားတွင် တည်ဆောက်ခဲ့ကြောင်း သတ်မှတ်နိုင်ခဲ့ကြသည်။ အကယ်၍ အဆိုပါရက်စွဲသည် တိကျမှန်ကန်မည်ဆိုပါက ယင်းစပါးကျီများသည် မောရှေခေတ်က တည်ရှိခဲ့ခြင်း ဖြစ်သည်။ လုံးဝိုင်း၍ ရွှံ့တုံးဖြင့် တည်ဆောက်ထားသော စပါးကျီများသည် အချင်း ၁၈ ပေမှ ၂၁ ပေအထိရှိပြီး အနည်းဆုံး ၂၅ ပေမြင့်ကာ ဒေသန္တရ စီမံခန့်ခွဲရေး ဌာနပိုင် ဖြစ်ဖွယ်ရှိသည်။ ရှာဖွေတွေ့ရှိမှုနှင့်စပ်လျဉ်း၍ တက္ကသိုလ်အစီရင်ခံစာက ယင်းသို့သော ဌာနများသည် “နိုင်းလ်မြစ်ဝှမ်းမှ ပေါများကြွယ်ဝလှသော သီးနှံများကို စုသိမ်းပြီး တိုင်းပြည်ကို ထောက်ပံ့ပေးနေသော နေရာများ ဖြစ်သည်” ဟုဆို၏။ ဆန်စပါးသီးနှံကို ငွေကြေးအဖြစ် အသုံးပြုခြင်းက ဖာရောဘုရင်များ၏ ဘုန်းတန်ခိုးအာဏာကို ဖော်ပြသည်။ “ဆန်စပါးသီးနှံသည် ငွေကြေးစနစ်တစ်ခုဖြစ်သောကြောင့် စပါးကျီများသည် ဘဏ်နှင့် အစာရင်းမြစ်အဖြစ် ဆောင်ရွက်သည်” ဟု အစီရင်ခံစာက ထပ်ဆင့်ဆိုခဲ့၏။

သံတမျှ ခိုင်ခံ့သော စက္ကူ

ဆွီဒင်တော်ဝင်နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များသည် သစ်သားအမျှင်များ၏ သဘာဝခိုင်ခံ့မှုကို ထိန်းသိမ်းထားသော သစ်သားကော်မှ စက္ကူထုတ်လုပ်သည့် နည်းစနစ်တစ်ခုကို ဖော်ထုတ်ခဲ့ကြသည်။ စက္ကူပြုလုပ်ရန် သစ်သားများကို ပျော့ဖတ်အဖြစ် ကြိတ်ခြေသော သာမန်ပြုလုပ်နည်းက အလွန်ပါးလွှာသော ကော်မျှင်များကို ပျက်စီးစေပြီး ယင်းတို့၏ခိုင်ခံ့မှုကို များစွာ လျော့နည်းစေသည်။ သို့သော် ဆွီဒင်သုတေသနပညာရှင်အဖွဲ့သည် ပျော့ဖတ်ကို အင်ဇိုင်းများဖြင့် ခွဲထုတ်ကာ ရိုက်တံကို အသုံးပြု၍ ယင်း၏ကော်မျှင်များကို ရေထဲတွင် အသာအယာ ခွဲထုတ်ရာ၌ အောင်မြင်မှု ရရှိခဲ့ကြသည်။ မပျက်စီးသော အမျှင်များကို ရေစစ်ပြီးနောက် ယင်းတို့ကို ရက်လိုက်သည့်အခါ ဆောက်လုပ်ရေးသုံး သံမဏိနီးပါး ကောင်းမွန်၍ သံကြွပ်ထက် ပို၍ ကွေးနိုင်ဆန့်နိုင်အားကောင်းသော စက္ကူချပ်များ ဖြစ်ပေါ်လာသည်။