မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးများ အဝလွန်မှု အဘယ်အရာ ပြုလုပ်နိုင်သနည်း

ကလေးများ အဝလွန်မှု အဘယ်အရာ ပြုလုပ်နိုင်သနည်း

ကလေးများ အဝလွန်မှု အဘယ်အရာ ပြုလုပ်နိုင်သနည်း

ကလေးများ အဝလွန်မှုသည် နိုင်ငံများစွာတွင် လွန်စွာအဖြစ်များလျက် ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် ငါးနှစ်အောက်ကလေး ၂၂ သန်းခန့်မှာ ကိုယ်အလေးချိန် ပိုနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

စပိန်နိုင်ငံမှ အမျိုးသားလေ့လာမှုတစ်ခုက ကလေး ၃ ဦးတွင် ၁ ဦးမှာ ကိုယ်အလေးချိန် ပိုနေသည် သို့မဟုတ် အဝလွန်နေသည်ဟု ဖော်ပြခဲ့သည်။ ဩစတြေးလျတွင် ဆယ်နှစ်အတွင်း (၁၉၈၅-၁၉၉၅) မှာပင် ကလေးများ အဝလွန်မှု သုံးဆ တိုးလာခဲ့သည်။ အမေရိကန်တွင် လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း အသက် ၆ နှစ်မှ ၁၁ နှစ်ရှိကလေးများ အဝလွန်မှုမှာ သုံးဆမက တိုးများခဲ့သည်။

ကလေးများ အဝလွန်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့လည်း ပျံ့နှံ့ရောက်ရှိနေသည်။ နိုင်ငံတကာ အဝလွန်ခြင်းဆိုင်ရာအဖွဲ့၏ အဆိုအရ အာဖရိက၏ အချို့နေရာများတွင် အာဟာရချို့တဲ့မှုထက် အဝလွန်မှုကြောင့် ထိခိုက်ခံရသည့်ကလေး တိုးများလာသည်။ ၂၀၀၇ ခုနှစ်၌ ကလေးများ အဝလွန်မှုတွင် မက္ကဆီကိုသည် ကမ္ဘာပေါ်၌ အမေရိကန်ပြီးလျှင် ဒုတိယနေရာတွင် ရှိခဲ့သည်။ ယင်းသည် မက္ကဆီကိုမြို့တော် တစ်မြို့တည်းတွင်ပင် ကလေးနှင့် မြီးကောင်ပေါက် ၇၀ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် ပိုနေသည် သို့မဟုတ် အဝလွန်နေသည်ဟု ဆိုခဲ့၏။ ကလေးခွဲစိတ်အထူးကု ဒေါက်တာ ဖရန်စစ္စကို ဂေါန်ဇလက်ဇ်က ယင်းသည် “အဝလွန်မှု၏ ဆင့်ပွားရောဂါကြောင့် မိဘများထက် အလျင်သေဆုံးမည့် ပထမဆုံးလူမျိုးဆက်” ဖြစ်နိုင်သည်ဟု သတိပေးခဲ့၏။

ဆင့်ပွားရောဂါဟူသည် အဘယ်နည်း။ ဆင့်ပွားရောဂါ သုံးမျိုးမှာ ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါတို့ ဖြစ်သည်။ ယခင်က ဤရောဂါများသည် လူကြီးများတွင်သာ ဖြစ်ပွားလေ့ရှိ၏။ အမေရိကန် ဆေးဝါးအဖွဲ့အစည်း အဆိုအရ ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်၌ မွေးဖွားသော ယောက်ျားလေး ၃၀ ရာခိုင်နှုန်းနှင့် မိန်းကလေး ၄၀ ရာခိုင်နှုန်းတို့သည် ၎င်းတို့၏အသက်တာ တစ်ချိန်ချိန်တွင် အဝလွန်ခြင်းနှင့်ဆက်နွှယ်သော အဆင့် ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမည့် အန္တရာယ်ရှိသည်။

လေ့လာမှုများက ကလေးများအကြားရှိ ထိတ်လန့်ဖွယ် အခြေအနေကို ဖော်ပြသည်။ အဝလွန်သည့်နှုန်း တိုးများလာခြင်းက သွေးတိုးရောဂါ ဖြစ်ပွားမှုနှုန်း တိုးများလာခြင်းသို့ ဦးတည်စေသည်။ တိုးများလျက်ရှိသော သွေးတိုးရောဂါ ဖြစ်ပွားမှုနှုန်းကို မလျှော့ချပါက လူလတ်ပိုင်းနှင့် လူကြီးများတွင်ဖြစ်သော နှလုံးသွေးကြောဆိုင်ရာ ရောဂါသစ် တိုးများလာမှုနှင့် ရင်ဆိုင်ရမည်ဟု ဂျော်ဂျီယာနိုင်ငံ၊ အတ္တလန်တာမြို့ရှိ ဆေးကျောင်းမှ ဒေါက်တာ ရီဗက္က ဒန်ဒက်ဟန်က သတိပေးသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ကမ္ဘာချီကပ်ရောဂါ အသွင်ဆောင်နေသော ကလေးများ အဝလွန်မှုသည် အဘယ်ကြောင့် ဖြစ်ရသနည်း။ မျိုးရိုးဗီဇသည် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်သော်လည်း လက်ရှိဆယ်စုနှစ်များအတွင်း ထိတ်လန့်ဖွယ် တိုးများနေသော အဝလွန်မှုမှာ မျိုးရိုးဗီဇတစ်ခုတည်းကြောင့်သာ မဟုတ်ချေ။ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်ခ်ျတက္ကသိုလ်မှ ဆေးဝါးကုသမှုဆိုင်ရာ ဇီဝဓာတုဗေဒနှင့် ဆေးဝါးပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခ စတီဗင်အိုရာဟီလီက “အဝလွန်မှုတိုးများလာခြင်းဟာ မျိုးရိုးဗီဇနဲ့ မသက်ဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇကို အနှစ် ၃၀ အတွင်းမှာ ပြောင်းလဲသွားအောင် ကျွန်တော်တို့ လုပ်လို့မရနိုင်ပါဘူး” ဟုဆို၏။

ဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ အမေရိကန်ရှိ မေရိုဆေးခန်းက ဤသို့ဆိုသည်– “ကလေးများ အဝလွန်မှုတွင် မျိုးရိုးဗီဇနှင့် ဟော်မုန်းအချို့သည် အကြောင်းရင်းဖြစ်နိုင်သော်လည်း ကလေးများ အလေးချိန်တိုးရသည့် အကြောင်းရင်းမှာ အစားအသောက်ကို အလွန်အကျွံစား၍ လေ့ကျင့်ခန်း အနည်းငယ်သာလုပ်ခြင်းကြောင့် ဖြစ်သည်။ နမူနာနှစ်ခုက ယနေ့စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းကို ဖော်ပြသည်။

ပထမတစ်ချက်မှာ အလုပ်လုပ်သော မိဘများသည် အစားအသောက်ပြင်ဆင်ရန် အချိန်နှင့်ခွန်အား အနည်းငယ်သာရှိပြီး အမြန်ရ အစားအစာများသည် ပုံမှန်စားနေကျအရာများ ဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းတွင် အမြန်ရစားသောက်ဆိုင်များ မှိုလိုပေါက်လာသည်။ လေ့လာမှုတစ်ခုအရ အမေရိကန်ရှိ ၄ နှစ်မှ ၁၉ နှစ်ရှိ ကလေး သုံးပုံတစ်ပုံနီးပါးသည် နေ့စဉ် အမြန်ရအစာများကို စားသောက်ကြသည်။ ဤအစားအသောက်များသည် သကြားနှင့် အဆီဓာတ်များလေ့ရှိပြီး ပမာဏများများပေး၍ ဆွဲဆောင်သည်။

ဒုတိယအချက်မှာ နွားနို့နှင့်ရေထက် အချိုရည်ကို ပို၍လူကြိုက်များလာသည်။ ဥပမာ၊ မက္ကဆီကန်လူမျိုးသည် နှစ်စဉ် အခြေခံအစားအစာ ဆယ်မျိုးအတွက်ထက် အချိုရည်များ အထူးသဖြင့် ကိုလာအတွက် ငွေပိုသုံးစွဲကြသည်။ စာအုပ်တစ်အုပ်အရ (Overcoming Childhood Obesity) အောင်စ ၂၀ ရှိသော အချိုရည်ကို တစ်ရက်လျှင် တစ်ကြိမ် သောက်ပါက တစ်နှစ်လျှင် ၂၅ ပေါင် တိုးလာနိုင်သည်။

ကာယလှုပ်ရှားမှု မရှိခြင်းနှင့်ပတ်သက်၍ စကော့တလန်နိုင်ငံ၊ ဂလက်စဂိုတက္ကသိုလ်၏ လေ့လာမှုတစ်ခုအရ သာမန်သုံးနှစ်အရွယ် ကလေးတစ်ဦးသည် “အတော်အသင့်မှ အားစိုက်ထုတ်ရသည့် လှုပ်ရှားမှု” တွင် တစ်ရက်လျှင် မိနစ် ၂၀ သာ ပါဝင်သည်။ ထိုလေ့လာမှုနှင့်ပတ်သက်၍ ကော်လိုရာဒိုတက္ကသိုလ်မှ ကလေးရောဂါနှင့် ဆေးဝါးဆိုင်ရာ ပါမောက္ခ ဒေါက်တာ ဂျိမ်းစ်ဟေးလ်က “ကလေးတွေရဲ့ အထိုင်များတဲ့ အလေ့အထ တိုးများလာတာဟာ ဗြိတိန်နိုင်ငံမှာပဲ မဟုတ်ဘူး၊ ကမ္ဘာတစ်ဝန်းက နိုင်ငံအများစုမှာလည်း တွေ့ရတယ်” ဟုပြောခဲ့သည်။

ဖြေရှင်းနည်းကား အဘယ်နည်း

ကလေးများအား အစားအသောက် ကန့်သတ်ခြင်းသည် ကလေး၏ကြီးထွားမှုနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် အာဟာရဗေဒပညာရှင်များက ဤနည်းကို မထောက်ခံပါ။ ယင်းအစား မေရိုဆေးခန်းက ဤသို့ဖော်ပြသည်– “ကလေး၏ ပိုနေသော ကိုယ်အလေးချိန်ကို လျှော့ချနိုင်သည့် အကောင်းဆုံးနည်းတစ်နည်းမှာ သင်တို့မိသားစု၏ စားနေကျအစားအသောက်ကို ပြုပြင်ပြောင်းလဲပြီး ကာယလေ့ကျင့်ခန်းအဆင့်ကို တိုးတက်စေခြင်း ဖြစ်သည်။”—ပူးတွဲပါ လေးထောင့်ကွက်ကို ကြည့်ပါ။

ကျန်းမာသော အလေ့အထကို မိသားစုလိုက် လိုက်နာရန် ဆုံးဖြတ်ပါ။ သင်ထိုသို့ပြုလုပ်ပါက သင့်ကလေးများ လူကြီးဖြစ်လာချိန်အထိ ယင်းတို့သည် ဘဝပုံစံ ဖြစ်လာမည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိဘများ လုပ်နိုင်ရာ

အမြန်ရအစားအသောက်များထက် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ကျွေးပါ။

အချိုရည်များ၊ ချိုသောဖျော်ရည်များနှင့် အဆီနှင့်သကြားဓာတ် များများပါဝင်သော သရေစာများကို ကန့်သတ်ပါ။ ယင်းအစား ရေ သို့မဟုတ် အဆီနည်းသောနွားနို့နှင့် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများကို ကျွေးပါ။

ဆီနှင့်ကြော်သည့်နည်းအစား ဖုတ်ခြင်း၊ ပြုတ်ခြင်း၊ ပေါင်းခြင်းကဲ့သို့သော အဆီနည်းသည့် ချက်ပြုတ်နည်းများကို သုံးပါ။

ပမာဏနည်းနည်းဖြင့် ခွဲကျွေးပါ။

အစားအသောက်ကို ဆု သို့မဟုတ် တံစိုးလက်ဆောင်အဖြစ် အသုံးမပြုပါနှင့်။

ကလေးများအား နံနက်စောစော အစာမစားဘဲ မနေပါစေနှင့်။ နံနက်စာ မစားခြင်းက နောက်ပိုင်းအချိန်များတွင် ပို၍စားသောက်စေပေမည်။

စားပွဲတွင်ထိုင်၍ စားပါစေ။ တီဗွီ သို့မဟုတ် ကွန်ပျူတာရှေ့တွင် စားခြင်းသည် ပိုစားသောက်မိစေ၍ ဗိုက်ပြည့်သော ခံစားချက်ကို သတိမပြုမိဘဲ ဖြစ်စေသည်။

စက်ဘီးစီးခြင်း၊ ဘောလုံးကန်ခြင်းနှင့် ကြိုးခုန်ခြင်းကဲ့သို့သော ကာယလှုပ်ရှားမှုများ ပြုလုပ်ရန် အားပေးပါ။

ရုပ်မြင်သံကြား ကြည့်ရှုချိန်၊ ကွန်ပျူတာ အသုံးပြုချိန်နှင့် ဗီဒီယိုဂိမ်း ကစားချိန်တို့ကို ကန့်သတ်ပါ။

၁၀ မိသားစုလိုက် တိရစ္ဆာန်ရုံသို့ အလည်အပတ် သွားခြင်း၊ ရေကူးခြင်းနှင့် ပန်းခြံတွင် ကစားခြင်းကဲ့သို့သော အိမ်ပြင်လှုပ်ရှားမှုများ စီစဉ်ပါ။

၁၁ သင့်ကလေးများကို လှုပ်လှုပ်ရှားရှားရှိသည့် တောက်တိုမယ်ရကိစ္စများ ခိုင်းပါ။

၁၂ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ခြင်းနှင့် လေ့ကျင့်ခန်းများတွင် ပုံသက်သေပြပါ။

[Credit Line]

Sources: The National Institutes of Health and the Mayo Clinic