မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ရှေးဟောင်းလက်ရေးစာမူများ—မည်သို့ ရက်စွဲသတ်မှတ်သနည်း (ဖေဖော်ဝါရီ ၂၀၀၈ [အင်္ဂလိပ်]) ဒီဆောင်းပါးက ကျွန်တော့်ကို စိတ်မကောင်းဖြစ်စေတယ်။ စီအီး ဆိုတာ “ခရစ်နှစ်” နဲ့ ဘီစီအီး ဆိုတာ “ခရစ်နှစ်မတိုင်မီ” လို့ကျွန်တော် သိရတယ်။ ကျွန်တော့်သက်တမ်း အနှစ် ၇၀ အတွင်းမှာ ဘီစီနဲ့ အေဒီ ကိုပဲ တွေ့ခဲ့ဖူးပြီး ဒီအသုံးအနှုန်းတွေက ယေရှု မမွေးဖွားမီနဲ့ မွေးဖွားပြီးနောက်ပိုင်းကို ရည်ညွှန်းတာ ဖြစ်တယ်။ ကျွန်တော့်အတွက်တော့ ဘီစီအီး ဒါမှမဟုတ် စီအီးကိုသုံးတာက တစ်နည်းနည်းနဲ့ ယေရှုမွေးဖွားခြင်းကို ငြင်းဆန်နေသလိုပဲ။

အာရ်. ဒဗ္ဗလျူ.၊ အမေရိကန်

နိုးလော့!” ပြန်ကြားချက်– အေဒီ (အန်နိုဒိုမီနီ၊ အဓိပ္ပာယ်မှာ “ငါတို့သခင်၏ နှစ်အတွင်း”) နဲ့ ဘီစီ (ခရစ်တော်မပေါ်မီ) ဆိုတာကို ခရစ်ယာန်အမည်ခံ နိုင်ငံများစွာမှာ အသုံးပြုကြပေမဲ့ ကျွန်တော်တို့ကတော့ စီအီး (ခရစ်နှစ်) နဲ့ ဘီစီအီး (ခရစ်နှစ်မတိုင်မီ) ဆိုတာကိုသုံးဖို့ ရွေးချယ်ပါတယ်။ ဘာကြောင့်လဲ။ ပထမအချက်အနေနဲ့ အရေးပါတဲ့အထောက်အထားက ဘီစီအီး ၂ မှာ ယေရှု မွေးဖွားတယ်ဆိုတာ ဖော်ပြတယ်။ ဒုတိယ၊ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့စာပေတွေကို ခရစ်ယာန်မဟုတ်တဲ့သူတွေဖတ်တဲ့ ဘာသာစကားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပါတယ်။ တတိယ၊ “ခရစ်တော်” ဆိုတာ “ဘိသိက်ပေးခြင်းခံရသူ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ယေရှုဟာ စီအီး ၂၉ မှာနှစ်ခြင်းခံတဲ့ အချိန်ကျမှ ဘုရားသခင့်စွမ်းအားတော်နဲ့ ဘိသိက်ပေးခြင်းခံရပြီး မေရှိယ၊ ဒါမှမဟုတ် ခရစ်တော် ဖြစ်လာတယ်။ (မဿဲ ၃:၁၃-၁၇) ဒါကြောင့် ယေရှုဟာ ခရစ်တော်အဖြစ် မွေးဖွားလာတာမဟုတ်ဘဲ သူနှစ်ခြင်းခံတဲ့အချိန်ကျမှ ခရစ်တော် ဖြစ်လာတယ်။ စီအီး နဲ့ ဘီစီအီး ဆိုတဲ့အရေးအသားတွေဟာ အသုံးတွင်ကျယ်လာပြီး ခေတ်သစ်အဘိဓာန်တွေနဲ့ စာပေဆိုင်ရာလုပ်ငန်းတွေ အားလုံးလိုလိုမှာ အထင်အရှား တွေ့လာရတယ်။ ယေဟောဝါသက်သေတွေဟာ ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ပေါ်ရေးနဲ့ ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းအတွက် မရှိမဖြစ်တဲ့ ယေရှုနဲ့ ကိုယ်တော်ရဲ့ ပူဇော်ရာယဇ်ကို ထည့်သွင်းသုံးသပ်တယ်ဆိုတာ ကျေးဇူးပြု၍ စိတ်ချပါ။

လူငယ်များအမေး . . . ငါနေမကောင်းရင် ဘယ်လိုလုပ်မလဲ (ဖေဖော်ဝါရီ ၂၀၀၈) ဒီဆောင်းပါးကို အချိန်မီရရှိခဲ့လို့ ဘယ်လောက်အထိ ကျေးဇူးတင်လေးမြတ်သလဲဆိုတာ ကျွန်မ မပြောပြတတ်တော့ဘူး။ ကျွန်မ နေမကောင်းဖြစ်ပြီး ဆေးရုံ သုံးပတ် တက်လိုက်ရတယ်။ ဆေးရုံက ဆင်းဆင်းချင်း ဒီမဂ္ဂဇင်းကို ရရှိခဲ့တယ်။ ဒီဆောင်းပါးမှာပါတဲ့ လူငယ်တွေရဲ့ အဖြစ်တွေဟာ ကျွန်မနဲ့လည်း နည်းမျိုးစုံနဲ့ သက်ဆိုင်နေနိုင် ပါတယ်။ နမူနာတွေနဲ့ အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါတယ်။

ကေ. ပီ.၊ ကနေဒါ

ယေဟောဝါဘုရားသခင်ဟာ ကျွန်မလို မသန်စွမ်းသူတွေကိုတောင် နှစ်သိမ့်မှုပေးတယ်ဆိုတဲ့အချက်က ကျွန်မကို ထိမိစေခဲ့ပါတယ်။ ကျွန်မ အရမ်းငယ်တဲ့အချိန်တုန်းက ကျွန်မမှာ ဦးနှောက်ကြီး သွက်ချာပါဒရောဂါ ဖြစ်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ်။ ကျွန်မ လမ်းမလျှောက်နိုင်ပေမဲ့ အရန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်နေတယ်။ ရောက်လာတော့မယ့် မြေကြီးပရဒိသုမှာ မသန်စွမ်းသူတွေအားလုံး “ဒရယ်ကဲ့သို့ ခုန်ကြ” မယ့်အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်။—ဟေရှာယ ၃၅:၅၊ ၆

ဂျေ. ဂျေ.၊ ကိုရီးယား သမ္မတနိုင်ငံ

ဒီဆောင်းပါးကို ကျွန်မ အထပ်ထပ်အခါခါ ပြန်ဖတ်တယ်။ ယေဟောဝါရဲ့နွေးထွေးတဲ့ သဘောထားတွေကို ခံစားရပြီး ငိုခဲ့တယ်။ ဘာနဲ့မှ မထိခိုက်မိအောင် ကျွန်မတို့ကို နွေးထွေးတဲ့စောင်တစ်ထည်နဲ့ ပတ်ထားသလိုပဲ ခံစားရတယ်။ အရမ်းကျေးဇူးတင်ပါတယ်။

အမ်. တီ.၊ ဂျပန်

သေခြင်း—ယင်းသည် အမှန်ပင် ဘဝနိဂုံးလော (ဒီဇင်ဘာ ၂၀၀၇) လွန်ခဲ့တဲ့လ အနည်းငယ်လောက်ကပဲ ကျွန်မရဲ့အမေ ဆုံးသွားတယ်၊ ဒီဆောင်းပါးတွဲမှာပါတဲ့ ရှင်းပြချက်တွေ အထူးသဖြင့် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ကျွန်မနှလုံးကို တကယ်ထိမိခဲ့တယ်။ အရမ်းကျေးဇူးတင်ပါတယ်။ အဲဒါက ကျွန်မကို စစ်မှန်တဲ့နှစ်သိမ့်မှုနဲ့ အားပေးမှု ရရှိစေတယ်။

အမ်. အာရ်.၊ မာဒါဂါစကာ