မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ငွေကို ပညာရှိစွာ အသုံးပြုပါ

သင်၏ငွေကို ပညာရှိစွာ အသုံးပြုပါ

‘ငွေသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ်ဖြစ်’ ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ သို့သော် သမ္မာကျမ်းစာ အမှန်တကယ်ဆိုလိုသည်မှာ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ်ဖြစ်” သတည်း။ (၁ တိမောသေ ၆:၁၀) လူတချို့သည် ငွေကိုတပ်မက်ကြပြီး ချမ်းသာကြွယ်ဝရန် ဥစ္စာပစ္စည်း ရှာဖွေစုဆောင်းကြသည်။ အချို့မှာ ငွေ၏ကျွန် ဖြစ်လာကြကာ ဝမ်းနည်းဖွယ်ဆိုးကျိုးများ ခံစားခဲ့ရ၏။ သို့သော် ငွေကို နည်းမှန်လမ်းကျ အသုံးပြုမည်ဆိုပါက ငွေသည် အသုံးတည့်သော ကိရိယာတစ်ခု ဖြစ်နိုင်ပါသည်။ “ငွေသည် ပြဿနာများစွာကို ဖြေရှင်းပေး” ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြုသည်။—ဒေ. ၁၀:၁၉Holy Bible—Easy-to-Read Version.

သမ္မာကျမ်းစာသည် ငွေရေးကြေးရေး ကိစ္စများကို ဆွေးနွေးထားသည့် စာအုပ်တစ်အုပ် မဟုတ်သော်လည်း ယင်းတွင်ပါဝင်သော လက်တွေ့ကျ အကြံပြုချက်က သင့်အား ငွေကို ပညာရှိစွာ အသုံးပြုရန် ကူညီပေးနိုင်ပါသည်။ များသောအားဖြင့် အောက်ဖော်ပြပါ အချက်ငါးချက်ကို ငွေကြေးဆိုင်ရာ အကြံပေးသူများက ထောက်ခံကြပြီး ယင်းအချက်များသည် ရှေးကတည်းက သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် မူများနှင့်လည်း ကိုက်ညီသည်။

သင်၏ဝင်ငွေကို သိရှိထားကာ သင်ရရှိသည်ထက် ပိုမသုံးပါနှင့်

စုဆောင်းပါ။ ရှေးအစ္စရေးလူမျိုးသည် စုဆောင်းခြင်း၏ တန်ဖိုးကို သွန်သင်ခံခဲ့ရကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြ၏။ သူတို့သည် မိမိလူမျိုးနှင့်ဆိုင်သော ပွဲတော်များကို တက်ရောက်ရန် သီးသန့်အသုံးပြုဖို့ နှစ်စဉ် ဆယ်ဖို့တစ်ဖို့ (သို့မဟုတ် ၁၀ ရာခိုင်နှုန်း) ဖယ်ထားရမည်ဖြစ်ကြောင်း မိန့်မှာခံရ၏။ (တရားဟောရာ ၁၄:၂၂-၂၇) အလားတူ တမန်တော်ပေါလုလည်း အစောပိုင်းခရစ်ယာန်များကို အပတ်စဉ် ငွေစုရန် အားပေးတိုက်တွန်းခဲ့၏၊ ဤသို့ဖြင့် သူတို့သည် နောက်ပိုင်းတွင် လိုအပ်နေသော ယုံကြည်သူချင်းများကို ကူညီပေးနိုင်ကြသည်။ (၁ ကောရိန္သု ၁၆:၁၊ ၂) ငွေရေးကြေးရေး အကြံပေးသူအများစုက ငွေစုဆောင်းရန် တိုက်တွန်းကြသည်။ ငွေစုခြင်းကို ဦးစားပေးပါ။ သင် လစာရရှိသည်နှင့် တစ်ပြိုင်နက် လုံခြုံစေရန် ဘဏ်တစ်ခုတွင် သို့မဟုတ် အခြားတစ်နေရာတွင် သင်စုဆောင်းလိုသော ငွေပမာဏကို အပ်နှံလိုက်ပါ။ ယင်းက စုဆောင်းဖို့ သင်ကြံရွယ်ထားသည့် ငွေများကို အသုံးပြုရန် မည်သည့်သွေးဆောင်မှုကိုမဆို တွန်းလှန်စေပါလိမ့်မည်။

ငွေအဝင်အထွက်စာရင်း လုပ်ပါ။ ယင်းသည် သင်၏အသုံးစရိတ်ကို စိစစ်ပြီး ထိန်းချုပ်ရန် သို့မဟုတ် လျှော့ချရန် တစ်ခုတည်းသော လက်တွေ့ကျနည်းလမ်း ဖြစ်သည်။ ကောင်းစွာ အဝင်အထွက်စာရင်း လုပ်ထားခြင်းက သင်၏ငွေ အဘယ်နေရာသို့ ရောက်ရှိသွားသည်ကို သိရှိစေကာ ယင်းက ငွေနှင့်ပတ်သက်၍ သင်ထားရှိသည့် ပန်းတိုင်များသို့ ရောက်ရှိရန် ကူညီပေးနိုင်ပါသည်။ သင်၏ဝင်ငွေကို သိရှိထားကာ သင်ရရှိသည်ထက် ပိုမသုံးပါနှင့်။ လိုအပ်ရာနှင့် လိုချင်ရာတို့ကို ခွဲခြားသိမြင်ပါ။ ယင်းနှင့်စပ်လျဉ်း၍ ယေရှုသည် မိမိ၏နားထောင်နေသူတို့အား မည်သည့်အစီအစဉ်ကိုမဆို မစတင်မီ ‘ကုန်ကျစရိတ်ကို တွက်ချက်’ ရန် ပညာရှိစွာ တိုက်တွန်းခဲ့၏။ (လုကာ ၁၄:၂၈) မလိုအပ်ဘဲ အကြွေးမတင်စေရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အကြံပေးသည်။—သု. ၂၂:၇

အစီအစဉ် ဆွဲပါ။ နောင်တွင် လိုအပ်မည့်အရာများကို အသေအချာ သုံးသပ်ပါ။ ဥပမာ၊ သင်သည် အိမ်တစ်လုံး သို့မဟုတ် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် စီစဉ်နေသည်ဆိုပါက အတိုးနှုန်းအသင့်အတင့်ရှိသော ဘဏ်ချေးငွေ ရယူထားခြင်းသည် ဆုံးဖြတ်ချက်ကောင်းတစ်ခု ဖြစ်ပေမည်။ အလားတူ အိမ်ထောင်ဦးစီးတစ်ဦးသည် မိမိချစ်မြတ်နိုးသူများကို ကာကွယ်ရန် အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ထိခိုက်ဒဏ်ရာရမှုအာမခံ သို့မဟုတ် အခြားအာမခံပုံစံများဝယ်ယူဖို့ လိုအပ်သည်ဟု ခံစားရပေမည်။ ထို့ပြင် နောင်တွင်လိုအပ်မည့်အရာများကို စဉ်းစားသုံးသပ်ခြင်းတွင် အငြိမ်းစားယူမည့်အချိန်အတွက် စီစဉ်ထားခြင်းလည်း ပါဝင်သည်။ နယပုံပြင် ၂၁:၅ [ခမ] က “သေချာစွာ ကြိုတင်စဉ်းစားစီစဉ်မှုနှင့် လုံ့လဝီရိယရှိသောသူသည် ချမ်းသာကြွယ်ဝ” သည်ဟု သတိပေး၏။

လိုအပ်ရာနှင့် လိုချင်ရာတို့ကို ခွဲခြားသိမြင်ပါ

သင်ယူပါ။ အတတ်ပညာများ ဆည်းပူးရယူခြင်းနှင့် သင့်ကာယရေးနှင့် စိတ္တရေးကျန်းမာမှုကို ဂရုစိုက်ခြင်းဖြင့် သင့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပါ။ ယင်းတို့သည် သင့်အား ပြန်လည်အကျိုးရရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်။ ရေရှည်အကျိုးပြုမည့် အလေ့အကျင့်တစ်ခုကို မွေးမြူပါ။ “ပညာဉာဏ်နှင့် ထိုးထွင်းဉာဏ်” ကို သမ္မာကျမ်းစာ အလွန်တန်ဖိုးထားပြီး ယင်းတို့ကို ဆက်လက်ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။—သု. ၃:၂၁၊ ၂၂ခမ; ဒေ. ၁၀:၁၀

မျှတမှုရှိပါ။ ငွေကို သူ့နေရာနှင့်သူ ထားပါ။ ငွေထက် လူများကို ပိုဂရုစိုက်သောသူတို့သည် ပို၍ပျော်ရွှင်ကြကြောင်း လေ့လာဆန်းစစ်မှုများစွာက ဖော်ပြခဲ့ပြီဖြစ်သည်။ လူတချို့သည် လိုဘကြီးခြင်း၏ ထိန်းချုပ်မှုကို ခံကြ၏။ မည်သို့အားဖြင့်နည်း။ မိမိတို့၏ အခြေခံလိုအပ်ရာများကို လုံလောက်စွာ ဖြည့်ဆည်းပြီးနောက် သူတို့သည် ချမ်းသာကြွယ်ဝရန် စတင်ကြိုးစားလာကြသည်။ သို့သော် အမှန်တကယ်တွင် လူတစ်ဦးသည် စားစရာ၊ ဝတ်စရာနှင့် နေစရာအပြင် တခြားအဘယ်အရာ လိုသေးသနည်း။ ဤဆောင်းပါး၏အစတွင် ကိုးကားဖော်ပြထားသည့် ကျမ်းရေးသူက ဤသို့ရေးသားခဲ့သည်မှာလည်း အံ့ဩစရာမဟုတ်ပေ– “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” (၁ တိမောသေ ၆:၈) ကျေနပ်ရောင့်ရဲသည့်သဘောကို မွေးမြူခြင်းက ငွေကိုတပ်မက်ခြင်းနှင့် ယင်းကြောင့် ပေါ်ပေါက်လာသော ပြဿနာမှန်သမျှမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးသည်။

ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုများစွာ၏ မူလအမြစ် အမှန်ပင် ဖြစ်သည်။ သင်ခွင့်ပြုသည်ဆိုလျှင် ငွေသည် သင်၏သခင် ဖြစ်လာပါလိမ့်မည်။ သို့သော် ကောင်းစွာစီမံခန့်ခွဲပါက ငွေသည် သင့်အား မိသားစု၊ မိတ်ဆွေများ၊ ဘုရားသခင်နှင့် ရင်းနှီးသည့်နှောင်ကြိုးကဲ့သို့သော ဘဝတွင် ပို၍အရေးကြီးသည့် အရာများကို လွတ်လွတ်လပ်လပ် လိုက်စားစေနိုင်ပါသည်။ သို့သော် ဤလောကတွင် ငွေနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများနှင့် လုံးဝကင်းဝေးနိုင်မည့်ပုံ မပေါ်ချေ။ ငွေသည် စိုးရိမ်ပူပန်မှုကို ဖြစ်စေသည့်အကြောင်းရင်း အမြဲဖြစ်နေမည်လော။ ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရန် အဘယ်မျှော်လင့်ချက် ရှိသနည်း။ ဤဆောင်းပါးတွဲများ၏ နောက်ဆုံးဆောင်းပါးက ထိုမေးခွန်းများကို အဖြေပေးပါလိမ့်မည်။

အမှန်တကယ်တွင် လူတစ်ဦးသည် စားစရာ၊ ဝတ်စရာနှင့် နေစရာအပြင် တခြား အဘယ်အရာ လိုသေးသနည်း