မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စည်းစိမ်ဥစ္စာထက် သာ၍ကြီးမြတ်သော ကောင်းချီးများ

စည်းစိမ်ဥစ္စာထက် သာ၍ကြီးမြတ်သော ကောင်းချီးများ

ဂျော်န်တွင် အမေရိကန်နိုင်ငံ၌ အလွန်အောင်မြင်သော အလုပ်အကိုင်တစ်ခု ရှိခဲ့သည်။ လူရွယ်တစ်ဦးဖြစ်သော်လည်း သူသည် ကမ္ဘာပတ်ခဲ့ပြီး ငွေအမြောက်အမြား ရရှိခဲ့သည်။ သူနှင့် သူ၏ဇနီးတွင် လှပသောအိမ်တစ်လုံးရှိပြီး သက်သောင့်သက်သာရှိသော ဘဝပုံစံကို ပိုင်ဆိုင်ထားကြသည်။ သူတို့ ကောင်းချီးခံစားရသည်ဟု လူအများက ရှုမြင်ကြ၏။

နောက်ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ အထင်ကရ ဥရောပဘဏ်တစ်ခုတွင် လျှောက်ထားသူ ၅,၀၀၀ ကျော်အနက် အလုပ်သင်အဖြစ် လူ ၈၀ ကိုသာရွေးချယ်ခဲ့ရာ ကိုစတက်စ် * လည်းအပါအဝင် ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း သူသည် ပိုမိုကောင်းမွန်သော အလုပ်များ ရရှိခဲ့ပြီး နောက်ဆုံး အခြားဘဏ်တစ်ခုတွင် ဌာနကြီးတစ်ခု၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။ မိမိကိုယ်ပိုင် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရန် ထိုအလုပ်မှ ထွက်လိုက်သည့်အချိန်တွင် သူသည် လူအများစု တစ်သက်လုံး ရှာဖွေစုဆောင်းရသည့်ငွေထက် ပိုများသောငွေကို တစ်နှစ်အတွင်း ရရှိလေသည်။ ကောင်းချီးခံစားရသည်ဟု သူယူမှတ်ခဲ့၏။

သို့သော် ရုပ်ပစ္စည်းကြွယ်ဝမှုထက် ပို၍ကြီးမြတ်သော ကောင်းချီးများရှိကြောင်း အဆိုပါအမျိုးသားနှစ်ဦးစလုံး ယုံကြည်ခဲ့ကြ၏။ ဥပမာ၊ ယနေ့တွင် ဂျော်န်သည် အခြားသူများအား ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ကူညီပေးသော ကျမ်းစာသွန်သင်သူတစ်ဦးအဖြစ် စေတနာ့ဝန်ထမ်းနေ၏။ “ရုပ်ပစ္စည်း ကြွယ်ဝချမ်းသာမှုက ပျော်ရွှင်မှုမပေးဘူးဆိုတာကို ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခံစားခဲ့ရတယ်။ ငွေကို ကြိုးစားရှာဖွေစုဆောင်းနေတဲ့အတွက် တခြားအရာတွေကို လုပ်ဆောင်ဖို့ အချိန်နည်းနည်းမှ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျမ်းစာမူတွေအတိုင်း အသက်ရှင်တာက ပိုပြီးပျော်ရွှင်တဲ့ အိမ်ထောင်၊ စိတ်ငြိမ်သက်မှုနှင့် ကိုယ်ကိုယ်ကိုယ်သိစိတ် စင်ကြယ်မှုစတဲ့ ကောင်းချီးတွေ အများကြီးရဖို့ လမ်းဖွင့်ပေးတယ်” ဟု ဂျော်န်က ဆို၏။

ကိုစတက်စ်ကလည်း ထိုသို့ပင် သတိပြုမိသည်– “ဘုရားသခင်က ကျွန်တော်တို့ကို ရုပ်ပစ္စည်းတွေ အလွန်အကျွံ ပိုင်ဆိုင်ဖို့ မလိုလားဘူး။ ကျွန်တော်တို့ကို ကိုယ်တော် ပေးထားသမျှဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လိုအပ်ရာတွေထက် သာလွန်တယ်ဆိုတဲ့ ပြင်းပြတဲ့ခံစားချက်က ကိုယ်တော်ရဲ့ အလိုတော်နဲ့အညီ ငွေကို တာဝန်သိသိနဲ့ သုံးစွဲစေတယ်။” မကြာသေးမီက ကိုစတက်စ်နှင့် သူ၏မိသားစုသည် ပို၍များသောလူတို့ကို ကျမ်းစာမူများသင်ပေးရန် အခြားဘာသာစကားတစ်ခုကို စတင်သင်ယူခဲ့ကြသည်။ “ပေးကမ်းခြင်းက ခံယူခြင်းထက် ပိုပြီးပျော်ရွှင်စေတယ်ဆိုတာကို ကျွန်တော်တို့ သင်ယူသိရှိခဲ့ရတယ်” ဟု သူက ပြောပြသည်။—တမန်တော် ၂၀:၃၅

အမှန်မှာ ဘုရားသခင်ထံမှ ရရှိသော ကောင်းချီးများသည် ရုပ်ပစ္စည်းချမ်းသာကြွယ်ဝမှုထက် များစွာတန်ဖိုးရှိကြောင်း ဂျော်န်နှင့် ကိုစတက်စ်တို့ နှစ်ဦးစလုံး သိရှိခဲ့ကြသည်။ စိတ်ကျန်းမာရေး ပညာရှင်များသည် “ချမ်းသာကြွယ်ဝမှုနှင့် ပျော်ရွှင်မှုတို့၏ဆက်နွှယ်မှုကို ဆယ်စုနှစ်များစွာ လေ့လာခဲ့ကြရာ ချမ်းသာကြွယ်ဝမှုသည် လူတို့ကို ဆင်းရဲမွဲတေမှုမှ ဆွဲထုတ်ကာ အလယ်အလတ်တန်းစားသို့ ပို့ဆောင်ပေးသည့်အခါ လူတို့သည် ပို၍ပျော်ရွှင်လာကြကြောင်း ခြုံငုံကောက်ချက်ချခဲ့ကြ” ကြောင်း ဟားဗတ်တက္ကသိုလ်မှ လူမှုရေးစိတ်ပညာ ပါမောက္ခဖြစ်သူ ဒန်နီယဲလ် ဂီလ်ဘာ့တ်က သတိပြုမိ၏။ သို့သော် သူက “အဲဒီနောက်ပိုင်းမှာတော့ ချမ်းသာကြွယ်ဝမှုက ပျော်ရွှင်မှုကို မတိုးပွားစေတော့ဘူး” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အထိနာမှရလေ့ရှိသော သင်ခန်းစာ

“လူတစ်ဦး ဆင်းရဲတွင်းမှ လွတ်မြောက်သည်နှင့် တစ်ပြိုင်နက် ဝင်ငွေတိုးလာခြင်းက ထိုသူ၏ပျော်ရွှင်မှုနှင့် ဆက်နွှယ်မှုမရှိခြင်းမှာ အံ့ဩစရာကောင်းကြောင်း” စဉ်းစားတွေးခေါ်တတ်သူတစ်ဦး သတိပြုမိခဲ့၏။ လွန်ခဲ့သောရာစုအစောပိုင်းက သတင်းထောက်တစ်ဦးသည် ထိုစဉ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် တစ်ဦးဖြစ်ခဲ့သော သံမဏိလုပ်ငန်းကို အစပြုသူ အန်ဒရူး ကာနီဂီနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းအားစွဲမှတ်စေခဲ့သည့် သင်ခန်းစာတစ်ခုကို ရရှိလိုက်၏။ “လူတွေ ကျွန်တော့်ကို မနာလို မဖြစ်သင့်ဘူး။ ကျွန်တော့်ရဲ့စည်းစိမ်တွေက ကျွန်တော့်ကို ဘာကူညီပေးနိုင်လို့လဲ။ ကျွန်တော် အသက်ခြောက်ဆယ်ရှိပြီ၊ ကောင်းကောင်း အစာမချေနိုင်တော့ဘူး။ ကျွန်တော်သာ အသက်ပြန်ငယ်ပြီး ပြန်ကျန်းမာလာနိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ငွေအားလုံးကို ပေးပစ်လိုက်မယ်” ဟု ကာနီဂီက သူ့ကို ပြောပြခဲ့သည်။

ထို့နောက် သတင်းထောက်က ဤသို့ ထပ်ဆင့်ပြောပြခဲ့၏– “မစ္စတာကာနီဂီဟာ ရုတ်တရက် နောက်လှည့်သွားပြီး ‘ငါ့ဘဝကို တစ်ကပြန်စနိုင်မယ်ဆိုရင် ရှိသမျှအရာအားလုံးကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ငါရောင်းချလိုက်မယ်’ ဆိုပြီး လေသံတိုးတိုးနဲ့ ပြောခဲ့တယ်။ ခံစားချက်ပြင်းပြင်းနဲ့ ပြောလိုက်တဲ့ သူ့ရဲ့စကားတွေကို ဖော်ပြဖို့ ခက်တယ်။” သန်းကြွယ်သူဌေး နောက်တစ်ဦးဖြစ်သူ ရေနံလုပ်ငန်းရှင်ကြီး ဂျေ. ပေါလ် ဂက်တီက နောက်ပိုင်းတွင် ဤသို့တစ်သဘောတည်း ပြောဆိုခဲ့၏– “ငွေကြေးဟာ ပျော်ရွှင်မှုနဲ့ အမြဲမဆက်စပ်ဘူး။ ဝမ်းနည်းခြင်းနဲ့ပဲ ဆက်စပ်စရာအကြောင်း ရှိနိုင်တယ်။”

သင်သည် ဤသို့တောင်းဆိုခဲ့သည့် ကျမ်းရေးသူနှင့် လုံးလုံးသဘောတူပေမည်– ‘ဆင်းရဲခြင်းနှင့် ကြွယ်ဝခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သော အစာကိုသာ ပေးတော်မူပါ။ သို့မဟုတ် အကျွန်ုပ်သည် ကြွယ်ဝ၍ ထာဝရဘုရားသခင်ကား အဘယ်သူနည်းဟုဆိုလျက် ကိုယ်တော်ကို ငြင်းပယ်မည်ဟူ၍လည်းကောင်း၊ နွမ်းပါး၍ သူ့ဥစ္စာကိုခိုးသဖြင့် အကျွန်ုပ်၏ဘုရားသခင့်နာမတော်ကို ရှုတ်ချမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိပါ၏။”—သု. ၃၀:၈၊ ၉သမ္မာ။

ရှေးအစ္စရေးနိုင်ငံ၏ ဘုရင်ရှောလမုန်က ဤသို့ရှင်းပြခဲ့၏– “ငါ့အရင် ယေရုရှလင်မြို့၌ ရှိနှင့်သောသူ အပေါင်းတို့ထက် ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို့ ရောက်၏။” သို့သော် သူ ဤသို့ထပ်ပြောခဲ့သည်– ‘အလုံးစုံသည် အချည်းနှီးသောအရာ၊ လေကိုကျက်စားသောအရာ ဖြစ်၏။’ ရှောလမုန်က ဤသို့လည်း ဖော်ပြခဲ့သည်– ‘ယေဟောဝါ၏ ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းကို ရောနှောတော်မမူ။”—ဒေ. ၂:၉-၁၁။ ၅:၁၂၊ ၁၃။ သု. ၁၀:၂၂သမ္မာ။

ငွေကို ပညာရှိရှိ ကိုင်တွယ် အသုံးပြုခြင်းက ဘဝကို ပိုပျော်ရွှင်စေနိုင်

ထာဝရကောင်းချီးများ ရစေသော နည်းလမ်း

ရှင်းနေသည်မှာ ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိမှသာ စစ်မှန်၍ တည်မြဲသော ပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ဦးစားထားမည်ဆိုပါက ကျွန်ုပ်တို့၏ ဘဝကဏ္ဍတိုင်းသည် ပို၍ကြွယ်ဝလာကာ ပို၍အကျိုးဖြစ်ထွန်းကြောင်း တွေ့ရပါလိမ့်မည်။

ဘုရားသခင်အား ကျွန်ုပ်တို့ ဦးစားထားမည်ဆိုပါက ကျွန်ုပ်တို့၏ အသက်တာသည် ပို၍ အကျိုးဖြစ်ထွန်းလာနိုင်

ကျွန်ုပ်တို့သည် ငွေနှင့်ပတ်သက်၍ အမြဲစိုးရိမ်နေမည် မဟုတ်ကြောင်း ပြောဆိုနိုင်ခြင်းက ကျေးဇူးတင်စရာပင်။ အနာဂတ်တွင် လိုဘကြီးပြီး အမြတ်ထုတ်တတ်သော ကုန်သွယ်မှုလုပ်ငန်းသည် ထာဝစဉ် ဖယ်ရှားခံရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား စိတ်ချစေသည်။ (၁ ယောဟန် ၂:၁၅-၁၇) ဘုရားသခင်၏ လာမည့်အစီအစဉ်စနစ်သစ်ကို ကိုယ်တော်၏ ဖြောင့်မတ်သောမူများဖြင့် အုပ်ချုပ်ပါလိမ့်မည်။ ကမ္ဘာမြေကြီးသည် ပထမလူသားမောင်နှံကို ဘုရားသခင် နေရာချပေးခဲ့ချိန်၊ ကိုယ်တော် မူလရည်ရွယ်ထားသည့်အတိုင်း သာယာလှပသောနေရာအဖြစ် ပြောင်းလဲသွားပါလိမ့်မည်။ ကမ္ဘာမြေတစ်ခုလုံး ပျော်ရွှင်မှု၊ ငြိမ်သက်မှု၊ မေတ္တာတို့ဖြင့် လွှမ်းခြုံနေသည်ကို တွေ့မြင်ရခြင်းက တကယ့်ကောင်းချီးဖြစ်မည်တကား။—ဟေရှာယ ၂:၂-၄။ ၂ ပေတရု ၃:၁၃။ ၁ ယောဟန် ၄:၈-၁၁

ထိုအချိန်ရောက်လျှင် ဘဝဟူသည် ငြီးငွေ့ဖွယ်ကောင်းတော့မည်မဟုတ်။ ဘုရားသခင်သည် လူသားတို့အား သာယာလှပသည့် ကမ္ဘာမြေကြီးပေါ် ထာဝစဉ်နေထိုင်စေရန်ဟူသော မိမိ၏မူလရည်ရွယ်ချက်ကို ပြီးမြောက်စေသည်နှင့်အမျှ လူသားတို့သည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးအပြင် ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများလည်း ရရှိကြပါလိမ့်မည်။ ထိုတွင် အားလုံးအတွက် အစာရေစာ၊ နေစရာနှင့် အဓိပ္ပာယ်ရှိသောအလုပ်ထက်မက ရှိနေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြသည်။ ဆင်းရဲမွဲတေမှုသည် အမြစ်ပါမကျန် ပယ်ရှင်းခြင်းခံရပါလိမ့်မည်။—ဆာလံ ၇၂:၁၆။ ဟေရှာယ ၆၅:၂၁-၂၃။ မိက္ခာ ၄:၄

သမ္မာကျမ်းစာ၏ ဘုရားသခင် ယေဟောဝါအား ယုံကြည်ကြောင်း စိတ်ရင်းမှန်ဖြင့် တင်ပြကြသူတိုင်း စိတ်ပျက်ရလိမ့်မည်မဟုတ်။ (ရောမ ၁၀:၁၁-၁၃) ထို့ကြောင့် ယခုတွင်ပင် ချမ်းသာကြွယ်ဝမှုထက် ပို၍ကြီးမြတ်သော ကောင်းချီးများကို လိုက်စားခြင်းက ပညာရှိရာရောက်သည်တကား။—၁ တိမောသေ ၆:၆-၁၀

^ အပိုဒ်၊ 3 နာမည် ပြောင်းထားသည်။