မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာဖတ်ရှုခြင်းကို ပျော်စရာဖြစ်အောင် ငါဘယ်လိုလုပ်နိုင်မလဲ

ကျမ်းစာဖတ်ရှုခြင်းကို ပျော်စရာဖြစ်အောင် ငါဘယ်လိုလုပ်နိုင်မလဲ

လူငယ်များအမေး

ကျမ်းစာဖတ်ရှုခြင်းကို ပျော်စရာဖြစ်အောင် ငါဘယ်လိုလုပ်နိုင်မလဲ

ကျမ်းစာကို သင်ဘယ်နှစ်ကြိမ် ဖတ်လေ့ရှိသနည်း။ (တစ်ခုကို အမှတ်အသားလုပ်ပါ)

□ နေ့စဉ်

□ အပတ်စဉ်

□ အခြား ․․․․․

အောက်ဖော်ပြပါစာကြောင်းကို ပြည့်စုံအောင်ဖြည့်စွက်ပါ။

ကျမ်းစာဖတ်ရှုရာတွင် ကျွန်ုပ်မပျော်ရွှင်ရခြင်းမှာ အများအားဖြင့် ကျွန်ုပ်သည် . . . (သက်ဆိုင်ရာအားလုံးကို အမှတ်အသားလုပ်ပါ)

□ ပျင်းရိငြီးငွေ့နေသောကြောင့်

□ ခေါင်းရှုပ်နေသောကြောင့်

□ စိတ်ပျံ့လွင့်နေသောကြောင့်

□ အခြားကြောင့်ဖြစ်သည်။ ․․․․․

သင်သည် ကျမ်းစာဖတ်ရှုရာတွင် စိတ်ထက်သန်မှုမရှိဘဲ ဖြစ်နေပါသလော။ ယင်းသို့ဖြစ်နေပါက ၁၈ နှစ်အရွယ် ဝေးလ် ပြောဆိုရာနှင့် သင်သဘောတူပေမည်– “ကျမ်းစာက စိတ်ဝင်စားစရာမကောင်းတဲ့ပုံ ပေါက်နေနိုင်တယ်။” သို့သော် သူဤသို့ထပ်ဖြည့်စွက်သည်– “အဲဒီလိုဖြစ်တာက ကျမ်းစာကိုဘယ်လိုဖတ်ရမလဲဆိုတာ သင်မသိလို့ပါ။”

ကျမ်းစာ ဖတ်ပုံဖတ်နည်းကို အဘယ်ကြောင့် လေ့လာသင်ယူသင့်သနည်း။

မှန်ကန်သည့်ဆုံးဖြတ်ချက်များ မည်သို့ ချနိုင်ပုံ

▪ မိတ်ဆွေစစ်များ မည်သို့ ရရှိနိုင်ပုံ

▪ ဖိစီးမှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်ပုံ တို့နှင့်ပတ်သက်၍ သင်ပိုမိုသိရှိလိုပါသလော။

သမ္မာကျမ်းစာတွင် ဖော်ပြပါအကြောင်းအရာများသာမက အခြားကိစ္စရပ်များနှင့်ပတ်သက်သော အလွန်ကောင်းမွန်သည့်အကြံပြုချက်များ ပါဝင်သည်။ ထိုအကြံပြုချက်များကိုတွေ့ရှိရန် ကြိုးစားအားထုတ်ရမည်မှာ အမှန်ပင်။ သို့သော် ယင်းသို့ကြိုးစားအားထုတ်ခြင်းသည် ရတနာသိုက်ရှာဖွေခြင်းနှင့် များစွာတူ၏– ပို၍အားစိုက်ထုတ်ရသောအရာကို ရှာဖွေလေ၊ ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသောအရာကို တွေ့ရှိလေဖြစ်သည်။—သု. ၂:၁-၆

သမ္မာကျမ်းစာထဲမှရတနာသိုက်များကို သင်မည်သို့ ရှာဖွေတွေ့ရှိနိုင်သနည်း။ ညာဖက်အခြမ်းကို ဖြတ်ယူထားလိုက်ခြင်းက ကျမ်းစာကို မည်ကဲ့သို့ဖတ်ရမည်နှင့် နောက်ကျောတွင် အဘယ်အစီအစဉ်ဖြင့် ဖတ်မည်တို့နှင့်ပတ်သက်၍ အကြံရရှိပါလိမ့်မည်။ ထို့ ပြင်၊ အောက်ပါစာမျက်နှာများမှ သင်နှစ်သက်သော အကြံပြုချက်များကို စမ်းကြည့်ပါ။

“လူငယ်များအမေး” အခန်းဆက်မှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် ရှာဖွေ တွေ့ရှိနိုင်ပါသည်

သင်သည် အင်တာနက်အသုံးပြုခွင့် ရပါက သမ္မာကျမ်းစာကို www.watchtower.org/e/bible အွန်လိုင်းပေါ်တွင် ဖတ်ရှုနိုင်ပါသည်

ချင့်တွေးစရာ

ကြိုးစားအားထုတ်မှုတစ်ခုမှ သင်အကျိုးရရှိခြင်းသည် သင်မည်မျှကြိုးစားအားထုတ်ခဲ့သည် ဟူသည့်အချက်အပေါ် မူတည်ကြောင်း ပြောလေ့ရှိသည်။

▪ ကျမ်းစာဖတ်ရှုခြင်းနှင့်ပတ်သက်လာလျှင် ယင်းသည် မည်သို့ မှန်ကန်သနည်း။

▪ သင်သည် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းအတွက် မည်သို့ အချိန်ယူနိုင်သနည်း။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သမ္မာကျမ်းစာဖတ်ရှုပုံ

သမ္မာကျမ်းစာကို သင်မဖတ်ရှုမီ . . .

▪ သင်အာရုံစူးစိုက်နိုင်ရန် သင့်ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်မှုရှိကြောင်း သေချာစေပါ။

▪ နားလည်နိုင်ဖို့ ဆုတောင်းပါ။

သင်ဖတ်ရှုနေစဉ်အတောအတွင်း . . .

▪ ကျမ်းစာရှုခင်းများကို စိတ်တွင်မြင်ယောင်လာစေရန် သင့်အား အထောက်အကူပြုဖို့ ကျမ်းစာမှတ်တမ်းများ၏ မြေပုံများနှင့် ရုပ်ပုံများကို အသုံးပြုပါ။

▪ နောက်ခံကိုစဉ်းစားဆင်ခြင်ပြီး အသေးစိတ်လေ့လာဆန်းစစ်ပါ။

▪ အောက်ခြေမှတ်ချက်များနှင့် ပြန်လှန်အညွှန်းများကို ရှာဖွေဖတ်ရှုပါ။

▪ သင့်ကိုယ်သင် ဤသို့သောမေးခွန်းများမေးပါ။

အကြောင်းအရာ– ယင်းသည် အဘယ်အချိန်တွင် ဖြစ်ပျက်ခဲ့သနည်း။ ထိုစကားများကို မည်သူပြောခဲ့သနည်း။ ထိုစကားများသည် မည်သူ့ကို ပြောနေခြင်းနည်း။

အဓိပ္ပာယ်– ယင်းကို အခြားသူတစ်ဦးဦးအား ကျွန်ုပ် မည်သို့ ရှင်းပြမည်နည်း။

တန်ဖိုး– ယေဟောဝါဘုရားသခင်သည် မိမိ၏နှုတ်မြွက်တော်တွင် ဤမှတ်တမ်းကို အဘယ်ကြောင့် ထည့်သွင်းခဲ့သနည်း။ ယင်းသည် ကိုယ်တော်၏ဥပဓိရုပ် သို့မဟုတ် ကိစ္စရပ်များကို လုပ်ဆောင်ပုံနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ အဘယ်သင်ခန်းစာများကို ကျွန်ုပ်၏အသက်တာတွင် လက်တွေ့ကျင့် သုံးနိုင်သနည်း။

သင်ဖတ်ပြီးသည့်နောက် . . .

▪ ထပ်ဆင့်သုတေသနပြုလုပ်ပါ။ ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာအပေါ်ထိုးထွင်းအမြင် နှင့် ‘ကျမ်းစာတစ်ကျမ်းလုံး ဘုရားသခင်မှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု’ ကဲ့သို့သော ကိရိယာများကို သင့်ဘာသာစကားဖြင့်ရရှိနိုင်ပါက အသုံးပြုပါ။

▪ ထပ်မံဆုတောင်းပါ။ အဘယ်အရာ သင်ယူသိရှိခဲ့ပြီး ယင်းကို အသုံးပြုရန် မည်သို့စီစဉ်ထားကြောင်း ယေဟောဝါကိုပြောပြပါ။ ကိုယ်တော်၏နှုတ်မြွက် စကားတော် သမ္မာကျမ်းစာအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

 အဘယ်အစီအစဉ်ဖြင့် ကျမ်းစာကို သင်ဖတ်မည်နည်း

ရွေးချယ်စရာများ . . .

□ အစမှအဆုံးဖတ်ပါ။

□ သမ္မာကျမ်းစာမှတ်တမ်းများကို ကျမ်းစာ,စာစောင်များရေးထားသည့် အစဉ်အတိုင်း သို့မဟုတ် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အစီအစဉ်အတိုင်း ဖတ်ပါ။

□ သမ္မာကျမ်းစာမှ မတူညီသော အပိုင်းတစ်ခုကို နေ့စဉ်ဖတ်ပါ။

တနင်္လာ– စိတ်လှုပ်ရှားဖွယ် သမိုင်းကြောင်း (ကမ္ဘာဦးမှ ဧသတာ)

အင်္ဂါ– ယေရှု၏ဘဝအသက်တာနှင့် သွန်သင်ချက်များ (မဿဲမှ ယောဟန်)

ဗုဒ္ဓဟူး– အစောပိုင်းခရစ်ယာန်အသင်းတော် (တမန်တော်)

ကြာသပတေး– ပရောဖက်ပြုချက်နှင့် ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက် (ဟေရှာယမှ မာလခိ၊ ဗျာဒိတ်)

သောကြာ– စိတ်ကိုထိမိစေသော ကဗျာလင်္ကာနှင့် သီချင်း (ယောဘ၊ ဆာလံ၊ ရှောလမုန်သီချင်း)

စနေ– အသက်ရှင်နေထိုင်ပုံအတွက် ဉာဏ်ပညာ (သု.၊ ဒေ.)

တနင်္ဂနွေ– အသင်းတော်များထံသို့ပေးစာများ (ရောမမှ ယုဒ)

မည်သည့်အစီအစဉ်ကို သင်ရွေးချယ်ပါစေ၊ သင်ဖတ်ရှုရာများကို မှတ်သားပါ။ တစ်ခန်းဖတ်ပြီးတိုင်း အမှတ်အသားလုပ်ပါ၊ သို့မဟုတ် အခြားနည်းလမ်းဖြင့် သင်ဖတ်ပြီးသောအခန်းများကို မှတ်တမ်းတစ်ခုလုပ်ပါ။

ဤအပိုင်းကို ညှပ်ယူထားပြီး သင့်ကျမ်းစာအုပ်တွင် သိမ်းထားပါ။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ပုံကြမ်း]

ကျမ်းစာကို အသက်ဝင်စေပါ

သင်ဖတ်ရှုရာကို စိတ်ဝင်စားဖွယ်ဖြစ်စေသည့် နည်းလမ်းများကို ရှာဖွေပါ။ ဥပမာ–

□ နာမည်စာရင်းကို မိသားစုပုံစံကားချပ် အဖြစ် ပြောင်းလိုက်ပါ။

ရုပ်ပုံကားချပ်များဖန်တီးပါ။ ဥပမာ၊ သစ္စာရှိဇာတ်ကောင်တစ်ဦးအကြောင်း သင်ဖတ်ရှုသောအခါ ထိုပုဂ္ဂိုလ်၏အရည်အသွေးများနှင့် လုပ်ရပ်များကို သူရရှိခဲ့သည့် ကောင်းချီးများနှင့် ဆက်စပ်ကြည့်ပါ။—သု. ၂၈:၂၀

[ပုံကြမ်း]

ဘုရားသခင့် မိတ်ဆွေ

သစ္စာရှိခြင်း

နာခံခြင်း

↑ ↑

အာဗြဟံ

□ မှတ်တမ်းကိုသရုပ်ဖော်ရန် ရုပ်ပုံများ ရေးဆွဲပါ။

□ ဆက်တိုက်ဖြစ်ပျက်သော ဖြစ်ရပ်များကို သရုပ် ဖော်ရန် ရိုးရှင်းသောအခန်းဆက်ရုပ်ပုံများကို ရေးဆွဲပါ။ မြင်ကွင်းတစ်ခုစီတွင် အဘယ်အရာ ဖြစ်နေကြောင်း ဖော်ပြပါ။

□ နောဧ၏သင်္ဘောကဲ့သို့သော ပုံစံငယ်တစ်ခုကို ဖန်တီးပြုလုပ်ပါ။—ဥပမာ၊ ဇန်နဝါရီ ၂၀၀၇၊ နိုးလော့!၊ စာမျက်နှာ ၁၅ ကိုကြည့်ပါ။

□ သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များနှင့် အတူ အသံကျယ်ကျယ်ဖြင့်ဖတ်ပါ။ အကြံပြုချက်– ဇာတ်ကြောင်းကိုဖတ်ရန် တစ်ဦးကို တာဝန်ပေးပါ။ အခြားသူများသည် ဇာတ်ကောင်၏ကဏ္ဍများကို တာဝန်ယူနိုင်ပါသည်။

□ မှတ်တမ်းတစ်ခုကို ရွေးချယ်ပြီး ယင်းကို သတင်း ဖြစ်ရပ်အသွင် ပြောင်းလိုက်ပါ။ အဓိကဇာတ်ကောင်များနှင့် မျက်မြင်သက်သေများ၏ “လူတွေ့မေးမြန်းခန်း” ကို ပါဝင်စေခြင်းဖြင့် အဖြစ်အပျက်ကို ရှုထောင့်အမျိုးမျိုးမှ ပြောပြပါ။

□ ပညာမဲ့သောဆုံးဖြတ်ချက်တစ်ခုကိုချခဲ့သည့် ဇာတ်ကောင်တစ်ဦး၏ မှတ်တမ်းတစ်ခုကိုရွေးချယ်ကာ တစ်မျိုးတစ်ဖုံ ဆုံးဖြတ်နိုင်ပုံကို မြင်ယောင်ကြည့်ပါ။ ဥပမာ၊ ယေရှုအား ပေတရုငြင်းဆန်ပုံကို သုံးသပ်ပါ။ (မာကု ၁၄:၆၆-၇၂) ပေတရုသည် ထိုခက်ခဲသည့်အခြေအနေအတွင်း ပိုမိုကောင်းမွန်သည့် အဘယ်နည်းလမ်းဖြင့် တုံ့ပြန်နိုင်ခဲ့သနည်း။

□ ကျမ်းစာပြဇာတ်များ၏ အသံသွင်းဓာတ်ပြားများကို ကြည့်ပါ သို့မဟုတ် နားထောင်ပါ။

ကိုယ်ပိုင်ပြဇာတ်ရေးပါ။ မှတ်တမ်းမှသင်ယူနိုင်သော သင်ခန်းစာများပါဝင်စေပါ။—ရောမ ၁၅:၄

ရည်ရွယ်ချက်– သင့်သူငယ်ချင်းအုပ်စုငယ်လေးနှင့်အတူ ထိုပြဇာတ်ကို သရုပ်ဆောင်ပါ။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လှုံ့ဆော်မှုခံရရန်

✎ ပန်းတိုင်တစ်ခုချမှတ်ပါ။ သင်၏ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို စတင်လိုသည့် နေ့ရက်တစ်ရက်ကို အောက်တွင်ချရေးပါ။

․․․․․

▪ သင်စိတ်ဝင်စားသည့် ကျမ်းစာမှအပိုင်းတစ်ပိုင်းကို ရွေးချယ်ပါ။ ( “အဘယ်အစီအစဉ်ဖြင့် ကျမ်းစာကို သင်ဖတ်မည်နည်း” လေးထောင့်ကွက်ကို ကြည့်ပါ။) ထို့နောက် ကျမ်းစာထဲမှ မည်သည့်အပိုင်းအား သင်ဦးစွာဖတ်ရှုမည်ကို အောက်တွင်ချရေးပါ။

․․․․․

▪ အချိန်နည်းနည်းဖြင့် စတင်ပါ။ ကျမ်းစာကို ၁၅ မိနစ် ဖတ်ရှုခြင်းပင်လျှင် လုံးဝမဖတ်ရှုခြင်းထက် ပိုကောင်းပါသည်။ ယင်းလုပ်ဆောင်မှုအတွက် အချိန်မည်မျှ သင်ဖယ်ထားနိုင်သည်ကို အောက်တွင်ချရေးပါ။

․․․․․

အကြံပြုချက်– လေ့လာရန်အတွက် ကျမ်းစာအုပ်တစ်အုပ် သတ်သတ်ထားရှိပါ။ ယင်းတွင် မှတ်စုများရေးပါ။ သင့်အတွက် အထူးအဓိပ္ပာယ်ရှိသော အခန်းငယ်များကို မှတ်သားပါ။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူချင်းများပြောဆိုရာ

“ကျွန်မအိပ်ရာမဝင်ခင် ညတိုင်း ကျမ်းပိုဒ် အနည်းငယ်ကို ဖတ်ဖို့ကြိုးစားတယ်။ အဲဒါက ကျွန်မအတွက် ကောင်းတဲ့အရာတစ်ခုခုကိုတွေးပြီး အိပ်စက်စေတယ်။”—မာဂန်။

“ကျွန်တော်ဟာ အခန်းငယ်တစ်ခုကို ၁၅ မိနစ် အချိန်ပေးတယ်။ အောက်ခြေမှတ်ချက်တိုင်းကို ဖတ်တယ်၊ ပြန်လှန်အညွှန်းတိုင်းကို ရှာဖွေတယ်၊ ပြီးတော့ ထပ်ဆင့်သုတေသနပြုလုပ်တယ်။ တစ်ခါ တလေကျရင် တစ်ထိုင်တည်းနဲ့အခန်းငယ်တစ်ခုကို ကျွန်တော်အဆုံးမသတ်နိုင်ပေမဲ့ အဲဒီနည်းလမ်းကြောင့် ကျွန်တော့်ဖတ်ရှုခြင်းကနေ အကြောင်းအရာ အများကြီး သိရှိရတယ်။”—ကိုရီ။

“တစ်ခါတုန်းက ကျွန်တော် ၁၀ လနဲ့ ကျမ်းစာတစ်အုပ်လုံးကို အပြီးဖတ်ခဲ့တယ်။ အဲဒီလိုဖတ်ခဲ့တဲ့ အတွက် အရင်တုန်းက ကျွန်တော်တစ်ခါမှ သတိမပြုမိခဲ့ဖူးတဲ့ ကျမ်းစာရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေကြားထဲက ဆက်စပ်မှုတွေကို ကျွန်တော်တွေ့ ရှိခဲ့ရတယ်။”—ဂျွန်။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

သင်၌ ရွေးချယ်ခွင့်ရှိ

ဖြစ်ရပ်တစ်ခုကို ရွေးချယ်ပါ။ သမ္မာကျမ်းစာတွင် ဖြစ်ရပ်မှန်ဇာတ်လမ်းများ ပြည့်နှက်နေသည်။ သင်စိတ်ဝင်စားသော မှတ်တမ်းတစ်ခုကို ရွေးချယ်ပြီး ယင်းကို အစမှအဆုံး ဖတ်ပါ။

ခရစ်ဝင်ကျမ်းတစ်စောင်ကို ရွေးချယ်ပါ။ မဿဲ (ပထမဆုံး ခရစ်ဝင်ကျမ်း)၊ မာကု (စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များ ပါဝင်သောကြောင့် ထင်ရှား)၊ လုကာ (ဆုတောင်းခြင်းနှင့် အမျိုးသမီးများကို အထူးအာရုံစိုက်ထား) သို့မဟုတ် ယောဟန် (အခြားခရစ်ဝင်ကျမ်းများတွင် မဖော်ပြထားသည့်အရာကို ခြုံငုံမိ) တို့ကို ဖတ်ပါ။

အကြံပြုချက်– မဖတ်ရှုမီ ကျမ်းစောင်၊ ကျမ်းရေးသူတို့နှင့်ပတ်သက်သော အချက်အလက်ကို အကျဉ်းချုပ်ကြည့်ရှုခြင်းက အခြားသောခရစ်ဝင်ကျမ်းများနှင့်မတူညီသော အချက်များကို ပို၍ကောင်းစွာနားလည်စေနိုင်ပါသည်။

ဆာလံကျမ်းကို ရွေးချယ်ပါ။ ဥပမာအနေဖြင့်–

သင်သည် အထီးကျန်ကာ မိတ်ဆွေများမရှိဟုခံစားရပါက ဆာလံ ၁၄၂ ကိုဖတ်ပါ။

သင့်အားနည်းချက်များကြောင့် စိတ်ပျက်အားလျော့နေသည်ဆိုပါက ဆာလံ ၅၁ ကိုဖတ်ပါ။

ဘုရားသခင့်စံနှုန်းများ၏တန်ဖိုးကို သံသယရှိနေပါက ဆာလံ ၇၃ ကိုဖတ်ပါ။

အကြံပြုချက်– အထူးသဖြင့် သင့်အတွက် အားပေးမှု ဖြစ်စေသော ဖတ်ရှုခဲ့သည့် ဆာလံကျမ်းများကို စာရင်းလုပ်ထားပါလေ။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

နက်နက်တူးပါ

နောက်ခံကို ထည့်သွင်းသုံးသပ်ပါ။ စာပိုဒ်တစ်ပိုဒ်၏နောက်ခံ ဖြစ်ရပ် ဖြစ်ပျက်သည့်အချိန်၊ တည်နေရာနှင့် အခြေအနေများကို ဆန်းစစ်ပါ။

ဥပမာ– ယေဇကျေလ ၁၄:၁၄ ကိုဖတ်ပါ။ ယေဟောဝါသည် ဒံယေလကို မည်သည့်အရွယ်တွင် ပုံသက်သေကောင်းသူတစ်ဦးအဖြစ် နောဧ၊ ယောဘတို့နှင့်အတူယှဉ်တွဲကာ ဖော်ပြခဲ့ခြင်းဖြစ်နိုင်သနည်း။

သဲလွန်စ– ယေဇကျေလ အခန်းကြီး ၁၄ သည် ဒံယေလ ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီးနောက် ငါးနှစ်အကြာမျှသာရှိစဉ် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သောကြောင့် ဆယ်ကျော်သက်တစ်ဦးသာဖြစ်ပုံရသည်။

ဖုံးကွယ်နေသောရတနာ– ယေဟောဝါအတွက် ဒံယေလ၏သစ္စာရှိမှုကို သတိပြုမိရန် သူသည် ငယ်ရွယ်လွန်းပါသလော။ အဘယ်မှန်ကန်သည့် ဆုံးဖြတ်ချက်များသည် သူ့အတွက် ကောင်းချီးများဖြစ်စေခဲ့သနည်း။ (ဒံယေလ ၁:၈-၁၇) ဒံယေလ၏ပုံသက်သေသည် မှန်ကန်သည့်ဆုံးဖြတ်ချက်များချရာတွင် သင့်ကို မည်သို့အထောက်အကူပြုနိုင်သနည်း။

အသေးစိတ်ဆန်းစစ်လေ့လာပါ။ တစ်ခါတစ်ရံ စကားလုံးတစ်လုံး သို့မဟုတ် နှစ်လုံးလောက်သာ သိသာထင်ရှားနေသည်။

ဥပမာ– မဿဲ ၂၈:၇ နှင့် မာကု ၁၆:၇ ကိုနှိုင်းယှဉ်ကြည့်ပါ။ မာကုက တပည့်တော်တို့ “နှင့်ပေတရု” သည် ယေရှုကို မကြာခင် မြင်တွေ့ရတော့မည်ဖြစ်ကြောင်း အဘယ်ကြောင့် အသေးစိတ် ထည့်သွင်းခဲ့သနည်း။

သဲလွန်စ– ထိုအဖြစ်အပျက်များတွင် မာကုသည် မျက်မြင်သက်သေတစ်ဦး မဟုတ်ပါ၊ ထင်ရှားနေသည်မှာ သူသည် ပေတရုထံမှ အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်သည်။

ဖုံးကွယ်နေသော ရတနာ– ယေရှုသည် မိမိအား တစ်ဖန်ပြန်တွေ့လိုသည်ကို ကြားရခြင်းက ပေတရုအတွက် အဘယ်ကြောင့် အားပေးမှုဖြစ်သနည်း။ (မာကု ၁၄:၆၆-၇၂) ယေရှုသည် ပေတရုအတွက် မိတ်ဆွေစစ်တစ်ဦးဖြစ်ကြောင်း မည်သို့သက်သေပြခဲ့သနည်း။ ယေရှုကို သင်မည်သို့တုပနိုင်ပြီး အခြားသူများအတွက် မိတ်ဆွေစစ်တစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း။

ထပ်ဆင့်သုတေသနပြုလုပ်ပါ။ ရှင်းပြချက်များအတွက် ကျမ်းစာ စာပေများတွင် ရှာဖွေပါ။

ဥပမာ– မဿဲ ၂:၇-၁၅ ကိုဖတ်ပါ။ နက္ခတ်ဗေဒင်ဆရာတို့သည် အဘယ်အချိန်တွင် ယေရှုထံ သွားရောက်လည်ပတ်ခဲ့ကြသနည်း။

သဲလွန်စ– ယေဟောဝါသက်သေများထုတ်ဝေသော ဇန်နဝါရီ ၁၊ ၂၀၀၈ ကင်းမျှော်စင် စာမျက်နှာ ၃၁ တွင်ကြည့်ပါ။

ဖုံးကွယ်နေသော ရတနာ– ယေရှု၏မိသားစု အီဂျစ်ပြည်တွင် ရောက်ရှိနေစဉ်အတွင်း ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာလိုအပ်ရာများကို ယေဟောဝါ မည်သို့ထောက်ပံ့ပေးခဲ့သနည်း။ ဖိစီးမှုများသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းသည် သင့်အား မည်သို့ကူညီပေးနိုင်သနည်း။—မဿဲ ၆:၃၃၊ ၃၄