မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’

‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’

‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’

အိုလံပစ် အလေးမသမားများသည် တစ်နေ့ထက်တစ်နေ့ အလေးများကို တိုး၍တိုး၍မရန် မကြိုးစားကြချေ။ သူတို့သည် ပေါ့ပါးသောအလေးများနှင့် မှန်မှန်လေ့ကျင့်ခြင်းဖြင့် လေးလံသောအလေးများကိုမရန် ခွန်အားရရှိကြသည်။ အကယ်၍ သူတို့သည် ကန့်သတ်ထားသည်ထက် အမြဲပင် အလွန်အကျွံလေ့ကျင့်နေမည်ဆိုလျှင် သူတို့၏ကြွက်သားများနှင့် အဆစ်များ ထိခိုက်သွားနိုင်ပြီး အလေးမခြင်းကို ရပ်နားကောင်း ရပ်နားလိုက်ရပေမည်။

အလားတူ ကျောင်းသားတစ်ဦးအနေနှင့် သင်သည် ကျောင်းတွင် စာကြိုးစားဖွယ်ရှိပေမည်။ ခက်ခဲသောတာဝန်များ ရရှိသောအခါ သို့မဟုတ် စာမေးပွဲအတွက် ပြင်ဆင်သောအခါ သင်သည် လိုလိုလားလားနှင့် ပို၍ပင် ကြိုးစားအားထုတ်နိုင်စွမ်းရှိသည်။ သို့သော် နေ့ရှိသရွေ့ ကျောင်းစာများနှင့် အခြားသောတာဝန်များနှင့်သာ လုံးပန်းနေသည်ဆိုလျှင်ကော။ သင့်တော်စွာစားသောက်ရန် သို့မဟုတ် လုံလောက်စွာအနားယူရန် သင်အခက်အခဲတွေ့ပေမည်။ အဆက်မပြတ် စိတ်ဖိစီးလွန်းခြင်းက သင့်ကို နောက်ဆုံးတွင် မမာမကျန်းဖြစ်လာစေနိုင်သည်။ ယခုပင် သင်ထိုသို့ ခံစားရဖွယ်ရှိပေမည်။

မပြီးဆုံးနိုင်သော အိမ်စာ

“ကျွန်မ အဆင့်ကောင်းကောင်းရလာတာနဲ့အမျှ အိမ်စာတွေ များလာတဲ့အပြင် ပိုပြီး ခက်ခဲလာတယ်။ အိမ်စာပြီးအောင်လုပ်ဖို့ အချိန်အများကြီးယူရတယ်။ ကျွန်မလုပ်ချင်တဲ့ တခြားကိစ္စတွေ အများကြီးရှိပေမဲ့ အိမ်စာက နောက်တစ်နေ့ဆို ဆရာမကို ပေးရတော့မှာ။ တစ်ခါတလေ ကျွန်မ ကြောက်ဒူးတုန်တယ်” ဟုဂျပန်နိုင်ငံမှ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ ဟီယိုကို * ကဆို၏။ ရုရှားနိုင်ငံမှ အသက် ၁၄ နှစ်အရွယ် စဗဗ်လာနာက သူရရှိသော အိမ်စာနှင့်ပတ်သက်၍ ဤသို့ စာရေးပြောပြသည်– “အိမ်စာပြီးအောင်လုပ်ဖို့ ပိုပြီးခက်ခဲလာတယ်။ နှစ်တိုင်း ကျွန်မမှာ လေ့လာစရာ ဘာသာရပ်တွေက များများလာပြီး ဆရာဆရာမတွေက အကြောင်းအရာတွေ ပိုပြီးပေးလာတယ်။ ပြီးတော့ ဆရာဆရာမတိုင်းဟာ သူတို့ရဲ့ဘာသာရပ်က တခြားဘာသာရပ်တွေထက် ပိုပြီးအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်။ ဒါကြောင့် ဘာသာရပ်တစ်ခုစီကို ကောင်းကောင်းအာရုံစိုက်ဖို့နဲ့ အဲဒါတွေအားလုံးကို ပြီးအောင်လုပ်ဖို့ ခက်ခဲလာတယ်။”

ဆရာဆရာမများသည် ကျောင်းသားများကို အဘယ်ကြောင့် အိမ်စာတစ်ပုံကြီး ပေးရသနည်း။ ဘရာဇီးနိုင်ငံမှ အသက်ဆယ့်ရှစ်နှစ်အရွယ် ဇီဘာတိုက ဤသို့စာရေးပြောပြသည်– “ကျွန်တော်တို့ အလုပ်ကောင်းကောင်းရဖို့အတွက် အသင့်ပြင်ပေးချင်တယ်ဆိုပြီး ဆရာဆရာမတွေက ပြောကြတယ်။” ယင်းသို့ဆိုသည့်တိုင် သင်ရရှိသောအိမ်စာ တစ်ပုံကြီးကြောင့် သင်သည် ဖိအားအောက်တွင် ရောက်ရှိနေသည်ဟု ခံစားရနိုင်သည်။ ယင်းနှင့်ပတ်သက်၍ မိမိ၏အမြင်ကိုပြောင်းပြီး လက်တွေ့ကျကျ လုပ်ဆောင်မည်ဆိုပါက သင်သည် ပို၍စနစ်တကျရှိသူ ဖြစ်လာနိုင်ပါသည်။

သင်သည် အရွယ်ရောက်သူတစ်ဦးအနေနှင့် အောင်မြင်မှုရရှိနိုင်ရန် တိုးများလာသောအိမ်စာကို သင်လိုအပ်သော လေ့ကျင့်မှုအဖြစ် သတ်မှတ်ပါ။ အိမ်စာအတွက် သင်အသုံးပြုသောအချိန်မှာ ဘယ်တော့မျှ ကုန်ဆုံးမည့်ပုံမပေါ်သော်လည်း သင်၏စာသင်နှစ်များသည် သင်ထင်သည်ထက်စော၍ ကုန်ဆုံးသွားပါလိမ့်မည်။ သင့်ကိုသင် ထောက်ပံ့ရန် စတင်အလုပ်လုပ်သောအခါ ထိုခက်ခဲသောတာဝန်များကို သင်ပြီးမြောက်ခဲ့သည့်အတွက် သင်ဝမ်းမြောက်ပေလိမ့်မည်။ သင်ကျောင်းနေစဉ် ကြိုးစားအားထုတ်ခဲ့သည့်အတွက် ကောင်းသောအရာကို တွေ့ မြင်ရပါလိမ့်မည်။—ဒေ. ၂:၂၄

သင်သည် လုံ့လဝီရိယရှိပြီး တာဝန်သိကာ စနစ်တကျရှိခြင်းဖြင့် စိတ်ဖိစီးမှုကို များစွာ လျော့နည်းစေနိုင်ပါသည်။ ( “စိတ်ဖိစီးမှုကို လျော့နည်းစေသည့် လက်တွေ့ကျနည်းလမ်းများ” လေးထောင့်ကွက်ကိုကြည့်ပါ။) သင်သည် ကျောင်းစာကို ပေးထားသောအချိန်အတွင်းတွင် ဂရုတစိုက်နှင့် ပုံမှန်လုပ်ဆောင်သည့်အခါ ဆရာဆရာမများသည် သင့်ကို ယုံကြည်စိတ်ချကာ ကူညီပေးလိုကြပေမည်။ ဆရာဆရာမတစ်ဦးနှင့် ထိုသို့သောဆက်ဆံရေးမျိုး သင်၌ရှိထားသည်ကို မြင်ယောင်ကြည့်လိုက်ပါ။ မျှော်လင့်မထားသောအရာတစ်ခုခု ပေါ်ပေါက်လာပြီး တာဝန်ကို အချိန်မီမပြီးစီးနိုင်ဟု သူ့အား ကြိုတင်ပြောပြထားမည်ဆိုလျှင် သူက ထောက်ထားစာနာပေးမည်ဟု သင်ယူဆပါသလော။ ဒံယေလအမည်ရှိ ဘုရားသခင်၏ကျေးကျွန်တစ်ဦးသည် “သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှမရှိ” ခဲ့ချေ။ ဒံယေလသည် မိမိ၏တာဝန်ကို ဝီရိယရှိရှိ လုပ်ဆောင်ခဲ့သောကြောင့် ရှင်ဘုရင်၏ ချီးမွမ်းမှုနှင့်ယုံကြည်ကိုးစားမှုကို ရရှိခဲ့သည်။ (ဒံယေလ ၆:၄) သင်သည် ကျောင်းတာဝန်များကို ကိုင်တွယ်ရာတွင် ဒံယေလကို အတုယူမည်ဆိုပါက သင်လိုအပ်သည့်အခါ အထူးထောက်စာမှုရရှိပေမည်။

အတန်းထဲတွင် အာရုံစိုက်နားထောင်ခြင်း၊ အိမ်စာလုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင်လုပ်ခြင်းက ကျောင်းနှင့်ပတ်သက်သောစိတ်ဖိစီးမှုမှ သက်သာစေပါမည်လော။ မသက်သာစေပါ၊ သို့သော် ဆက်ရှိနေသေးသော စိတ်ဖိစီးမှုအနည်းငယ်သည် ကောင်းစွာလုပ်ဆောင်လိုသည့် သင့်ဆန္ဒမှ ထွက်ပေါ်လာခြင်းသာ ဖြစ်ပေမည်။ သင်သည် ကျောင်းစာကို သက်သက်သာသာ လုပ်နိုင်သည့်နည်းလမ်းကို ရှာဖွေနေမည့်အစား ကျောင်းစာများကို လိုလိုလားလားသင်ယူပြီး အကျိုးရယူပေမည်။

ယင်းသို့သော စိတ်ဖိစီးမှုမျိုးသည် အကျိုးပြုသည့်အတွက် ရှိထားသင့်ပါသည်။ သို့သော် ဘေးဖြစ်စေပြီး မလိုအပ်သော စိတ်ဖိစီးမှုမျိုး သင်ရင်ဆိုင်ရပေမည်။

ကျောင်းချိန်ပြင်ပလုပ်ဆောင်မှုများက ဗျာများစေ

အမြဲဆိုသလို မိမိကားကို ကြမ်းတမ်းစွာမောင်းနှင်သူတစ်ဦးကို မြင်ယောင်ကြည့်ပါ။ သူသည် ယာဉ်ရပ်နားဆိုင်းဘုတ်သို့ အရှိန်ပြင်းပြင်းဖြင့် မောင်းသွားကာ ရုတ်တရက် ထိုးရပ်လိုက်သည်။ ယင်းနောက် လီဗာကိုနင်းလိုက်ပြီး ကားဘီးများကို ချာချာလည်စေကာ မောင်းထွက်သွားသည်။ အမောင်းကြမ်းသော ထိုဒရိုင်ဘာသည် ၎င်း၏ကားကို မည်သို့ ဖြစ်စေမည်နည်း။ သူသည် အင်ဂျင်နှင့် အခြားသောအစိတ်အပိုင်းများကို ဖျက်ဆီးနေခြင်းဖြစ်ပေမည်။ သို့သော် ယင်းမတိုင်မီ ပြင်းထန်သောမတော်တဆမှုတစ်ခုကြောင့် ကားပျက်စီးသွားပေမည်။

အလားတူ ကျောင်းသားများစွာသည် ကျောင်းမတက်မီနှင့် ကျောင်းဆင်းပြီးနောက် ကိုယ်ရောစိတ်ပါ အပြင်းအထန် ကြိုးစားအားထုတ်ကြသည်။ ဒါနိဇ်ကလာ့ခ်ပုပ်က စာအုပ်တစ်အုပ် (Doing School) တွင် မိမိတွေ့ဆုံခဲ့ရသည့် ကျောင်းသားအတော်များများအကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်– “သူတို့သည် လူကြီးအများစု အလုပ်မစမီ တစ်နာရီနှစ်နာရီစော၍ ကျောင်းစတက်ခဲ့ကြပြီး ဘောလုံးလေ့ကျင့်ခြင်း၊ အကလေ့ကျင့်ခြင်း၊ ကျောင်းသားကောင်စီစည်းဝေးလုပ်ခြင်း၊ အချိန်ပိုင်းအလုပ်ဆင်းခြင်းနှင့် အိမ်စာလုပ်ချိန်ပြီးသည့်နောက် ညဉ့်နက်မှ အဆုံးသတ်သွားလေ့ရှိသည်။

ကျောင်းသားများသည် နေ့စဉ် များပြားလှသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရသည့်အခါ ပြဿနာများနှင့်ကြုံရဖွယ်ရှိပေမည်။ ပြင်းထန်သောစိတ်ဖိစီးမှုကြောင့် အစာအိမ်ရောဂါနှင့် ခေါင်းကိုက်ဝေဒနာများ ခံစားရပေမည်။ အဆက်မပြတ် ပင်ပန်းနွမ်းနယ်မှုက ကိုယ်ခံစွမ်းအားကို ကျဆင်းစေသဖြင့် နေထိုင်မကောင်းဖြစ်ပေမည်။ ထို့နောက် ရုတ်တရက် သူတို့လုပ်ဆောင်နေသောအရာကို ဆက်မလုပ်ဆောင်နိုင်တော့ဘဲ အားပြန်ပြည့်လာရန် အတော်ပင် ကြိုးစားအားထုတ်ရပေမည်။ သင်၌လည်း အလားတူဖြစ်ပျက်နေပြီလော။

အကျိုးဖြစ်ထွန်းသော ပန်းတိုင်များအတွက် ကြိုးစားခြင်းက ကောင်းပါသည်၊ သို့သော် သင်သည် မည်မျှပင် ကျန်းမာကြံ့ခိုင်နေပါစေ တစ်ရက်အတွင်း သင်လုပ်ဆောင်နိုင်ရာမှာ ကန့်သတ်ချက်ရှိပါသည်။ သမ္မာကျမ်းစာက ကောင်းမွန်သောအကြံပေးချက်ကို ဤသို့ကမ်းလှမ်းထားသည်– “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅) “အကျိုးသင့်အကြောင်းသင့်” ဟူသောစကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်မျိုးမှာ “အစွန်းမရောက်ခြင်း သို့မဟုတ် အလွန်အကျွံမဖြစ်ခြင်း” နှင့် “ချင့်ချိန်မှုကောင်းပိုင်ဆိုင်ခြင်း” ဟူ၍ဖြစ်သည်။ အကျိုးသင့်အကြောင်းသင့်ရှိသူတစ်ဦးသည် မိမိကိုယ်တိုင်အား သို့မဟုတ် အခြားသူများအား မထိခိုက်စေသော ဆုံးဖြတ်ချက်များချတတ်၏။ သူသည် ရင့်ကျက်မှုပြပြီး ယင်းက ယနေ့ မတည်ငြိမ်သောလောကတွင် အလွန်တန်ဖိုးရှိသော အရည်အသွေးတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းနေရန်၊ အကျိုးသင့်အကြောင်းသင့်ရှိရန် သင်တာဝန်ယူထားသော အကျိုးမရှိသည့် လုပ်ဆောင်မှုတချို့ကို ဖယ်ရှားပစ်ပါလေ။

ငွေကြေးဥစ္စာနောက်လိုက်ခြင်း

သို့သော် လူငယ်တချို့အတွက် အကျိုးသင့်အကြောင်းသင့်ရှိမှုသည် မိမိတို့၏ပန်းတိုင်များသို့ တက်လှမ်းရာတွင် အကူအညီတစ်ခုဖြစ်မည့်အစား အတားအဆီးတစ်ခုဖြစ်ပုံရပေမည်။ ယင်းသို့သောကျောင်းသားများသည် အောင်မြင်မှုအတွက် အရေးကြီးဆုံးအရာမှာ လစာမြင့်သောအလုပ်နှင့် ယင်းအလုပ်မှရရှိသည့် ငွေကြေးဥစ္စာဖြစ်သည်ဟု ယူမှတ်ကြသည်။ ပုပ်က မိမိတွေ့ဆုံခဲ့ရသော လူငယ်တချို့တွင် ယင်းစဉ်းစားတွေးခေါ်ပုံမျိုးရှိကြောင်း တွေ့ရှိခဲ့သည်။ သူဤသို့ ထုတ်ဖော်ပြောဆိုခဲ့၏– “ကျောင်းသားတွေဟာ အိပ်ချိန်များများရပြီး ကျန်းမာရေးကောင်းဖို့ ဆန္ဒရှိကြပေမဲ့ ကျောင်း၊ မိသားစုနဲ့ အလုပ်တာဝန်တွေအပါအဝင် လုပ်ဆောင်စရာများပြားလှတဲ့ ဇယားတွေကြောင့် သူတို့ အဲဒီအခွင့်အရေးမရခဲ့ဘူး။ ထပ်တူပဲ သူတို့ရဲ့သူငယ်ချင်းတွေနဲ့အတူ အချိန်ပိုသုံးပြီး တခြားကိစ္စတွေလုပ်ဆောင်ဖို့ ဒါမှမဟုတ် ရက်အနည်းငယ် အနားယူဖို့ ဆန္ဒရှိကြပေမဲ့ အများစုက အဆင့်ကောင်းကောင်းဆက်ရဖို့အတွက် အဲဒီအရာတွေကို မလုပ်ဆောင်နိုင်ဘူးလို့ ယူဆခဲ့ကြတယ်။ သူတို့ဟာ ရွေးချယ်မှုပြုလုပ်ဖို့လိုအပ်တယ်လို့ သိမြင်ခဲ့ကြပြီး သူတို့အတွက် အနာဂတ်အောင်မြင်မှုဟာ လက်ရှိပျော်ရွှင်မှုထက် ပိုပြီးအရေးပါတယ်။”

ယင်းသို့အပြင်းအထန်ကြိုးစားသော ကျောင်းသားများသည် ပညာရှိပုဂ္ဂိုလ်တစ်ဦး ပြောခဲ့ဖူးရာကို ဆင်ခြင်သုံးသပ်သင့်သည်– “လူသည် တစ်လောကလုံးကို အပိုင်ရ၍ မိမိအသက်ရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။ မိမိအသက်ကို အဘယ်အရာနှင့် လဲလှယ်မည်နည်း။” (မဿဲ ၁၆:၂၆) ဤလောက၌ ကျွန်ုပ်တို့အရောက်လှမ်းဖို့ ကြိုးပမ်းကြမည့် ပန်းတိုင်များသည် ကာယပိုင်း၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတွင် အကျိုးမရှိကြောင်း ယေရှုခရစ်၏ အဆိုပါစကားများက သတိပေးသည်။

“ငွေ၊ ပညာရေး၊ အာဏာ၊ ဂုဏ်နှင့် ရုပ်ပစ္စည်းများသည် ပျော်ရွှင်မှုကင်းမဲ့ခြင်း သို့မဟုတ် စိတ်ကျရောဂါတို့မှ အကာအကွယ်မပေးချေ” ဟုစိတ်ပညာရှင် မက်ဒလန် လာဗင်းက ၎င်း၏စာအုပ် (The Price of Privilege) တွင် ရေးသားခဲ့သည်။ အစောပိုင်းတွင် ရည်ညွှန်းခဲ့သည့် ပုပ်က ဤသို့ ထပ်ဆင့်ပြောဆိုခဲ့၏– “အောင်မြင်မှုကို အဓိပ္ပာယ်တလွဲဖွင့်ပြီး ပြီးပြည့်စုံဖို့ လုံးပမ်းနေကြတဲ့ မိဘတွေနဲ့ ကျောင်းသားများစွာကို ကျွန်မတွေ့နေရတယ်။ . . . ရုပ်ပစ္စည်းတွေထက် ပိုပြီးအရေးကြီးတဲ့အရာအပေါ် အာရုံစိုက်သင့်တယ်။”

အချို့သောအရာများသည် ငွေထက် များစွာပို၍အရေးပါ၏။ ယင်းတို့တွင် စိတ်ပိုင်းနှင့်ရုပ်ပိုင်းကျန်းမာမှု၊ ကြည်လင်သောကိုယ်ကိုကိုယ်သိစိတ်နှင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်မိတ်ဆွေဖြစ်မှုတို့ ပါဝင်သည်။ ယင်းတို့သည် ဘုရားသခင်ထံမှရရှိသော အဖိုးမဖြတ်နိုင်သည့် လက်ဆောင်များဖြစ်ကြသည်။ သင်သည် ကျော်ကြားမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုနောက် တကောက်ကောက်လိုက်နေခြင်းကြောင့် ယင်းတို့ကို ဆုံးရှုံးသွားပါက ဘယ်တော့မျှ ပြန်လည်ရရှိမည်မဟုတ်ပေ။ ယင်းကိုစိတ်စွဲမှတ်လျက် ယေရှုသွန်သင်ခဲ့ရာကို သတိပြုကြည့်ပါ– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။”—မဿဲ ၅:၃

များစွာသောလူငယ်တို့သည် ထိုအမှန်တရားကို လက်ခံလာကြသည်။ သူတို့သည် ကျောင်းတွင် အတတ်နိုင်ဆုံး ကြိုးစားကြသော်လည်း ပညာရေးတွင်ထူးချွန်မှုနှင့် ရုပ်ပစ္စည်းကြွယ်ဝမှုတို့သည် တည်မြဲသောပျော်ရွှင်မှုမပေးကြောင်း သူတို့သိရှိကြသည်။ ယင်းပန်းတိုင်များနောက် တကောက်ကောက်လိုက်ခြင်းသည် မိမိတို့အား မလိုအပ်ဘဲ စိတ်ဖိစီးစေကြောင်း သူတို့အသိအမှတ်ပြုကြသည်။ “ဘုရားသခင်အား မှီခို” ခြင်းသည် အမှန်ပင် ပျော်ရွှင်သည့်အနာဂတ်အတွက် အခြေခံဖြစ်ကြောင်း ထိုကျောင်းသားများ သင်ယူသိရှိခဲ့ကြသည်။ ဘုရားသခင်အား သင်မှီခိုသည်နှင့်အမျှ မည်သို့ပျော်ရွှင်နိုင်ပုံကို ဤမဂ္ဂဇင်းထုတ်ဝေသူများ သို့မဟုတ် သင့်ဒေသတွင်းရှိ ယေဟောဝါသက်သေများက ဝမ်းမြောက်စွာ ပြသပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အမည်တချို့ကို ပြောင်းထားပါသည်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

သင်မည်မျှပင် ကျန်းမာကြံ့ခိုင်နေပါစေ တစ်ရက်အတွင်း သင်လုပ်ဆောင်နိုင်ရာမှာ ကန့်သတ်ချက်ရှိ

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

သင့်ဖန်ဆင်းရှင်နှင့်ဆိုင်သော အသိပညာကိုဆည်းပူးခြင်းက သင်ရရှိနိုင်သည့် အကောင်းဆုံးပညာရေးဖြစ်

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

စိတ်ဖိစီးမှုကိုလျော့နည်းစေသည့် လက်တွေ့ကျနည်းလမ်းများ

❑ သင်လိုချင်သောအရာကို စာရွက်စာတမ်းများနှင့် မှတ်စုစာအုပ်များတွင် ရှာနေခြင်း၌ အချိန်အတော်များများ အသုံးပြုပါသလော။ လူတချို့သည် ကောင်းစွာစီစဉ်ဖွဲ့စည်းရန် အကူအညီ လိုအပ်သည်။ အခြားသူများထံ အကြံဉာဏ်တောင်းခံဖို့ မရှက်ပါနှင့်။

 ❑ သင်သည် အချိန်ဆွဲပါသလော။ စမ်းသပ်သည့်အနေနှင့် တာဝန်တစ်ခုကို ကြိုတင်ပြီးစီးအောင် ကြိုးစားကြည့်ပါ။ သင်ခံစားရသည့် စိတ်သက်သာရာရမှုနှင့် စိတ်ကျေနပ်မှုက သင့်ကို အံ့အားသင့်စေမည်ဖြစ်ပြီး ကျောင်းစာလုပ်ရန် အချိန်ရွှေ့ဆိုင်းခြင်းမပြုဖို့ သင့်ကို လှုံ့ဆော်ပေးပေမည်။

❑ အတန်းချိန်အတွင်း စိတ်ကူးယဉ်နေပါသလော။ ဤအချက်ကို တစ်လကြိုးစားကြည့်ပါ– စာသင်ခန်းဆွေးနွေးမှုများကို ဂရုတစိုက်နားထောင်ပြီး နောင်ကိုးကားရန်အတွက် မှတ်စုကောင်းကောင်းယူပါ။ အိမ်စာသည် မည်မျှပို၍လွယ်ကူလာကြောင်း သင်အံ့သြသွားပေမည်။ ထိုရလဒ်ကောင်းက ကျောင်းတွင်းစိတ်ဖိစီးမှုကို လျော့နည်းစေပါလိမ့်မည်။

❑ ကျောင်းပညာရေးကို အရှိန်တိုးမြှင့်ပေးသော်လည်း အချိန်နှင့်အားစိုက်ထုတ်မှု များစွာလိုအပ်သည့် အတန်းများကို သင်ရွေးချယ်ထားသလော။ ထိုအတန်းများတက်ဖို့ အရေးကြီးသလော။ သင့်မိဘများနှင့် တိုင်ပင်ပါ။ ပညာရေးနှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိသူတစ်ဦးဦး၏ အမြင်ကိုရယူပါ။ အဆိုပါစိတ်ကြိုက်အတန်းများသည် သင်ကျောင်းပြီးဖို့ အထောက်အကူမပြုသလောက်ဖြစ်ကြောင်း တွေ့ရပေမည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

စိတ်ကူး၌သာရှိသော အကာအကွယ်

“ငွေရတတ်သောသူက ငါ့စည်းစိမ်သည် ခိုင်ခံ့သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ်၏။” (သု. ၁၈:၁၁) ရှေးအချိန်က လူတို့သည် ရန်ပြုတိုက်ခိုက်မှုမှ အကာအကွယ်ရရန် မြင့်မားသောမြို့ရိုးများကို အားထားခဲ့ကြသည်။ သို့သော် သင့်စိတ်ကူးတွင်သာ မြို့ရိုးရှိသည့် မြို့တစ်မြို့တွင် နေထိုင်နေသည်ဟု စဉ်းစားကြည့်ပါ။ မြို့ရိုးတကယ်ရှိကြောင်း သင့်ကိုယ်သင် ယုံကြည်စိတ်ချနေလျှင်ပင် ယင်းက သင့်ရန်သူများ၏တိုက်ခိုက်မှုမှ ကာကွယ်ပေးမည်မဟုတ်ပေ။

အကာအကွယ်မဲ့နေသော နေရာတစ်နေရာတွင် နေထိုင်သူများကဲ့သို့ပင် ချမ်းသာကြွယ်ဝမှုနောက် တကောက်ကောက်လိုက်နေကြသော လူငယ်များသည် စိတ်ပျက်မှုသို့ ဦးတည်ခဲ့ကြ၏။ သင်သည် မိဘတစ်ဦးလော။ ရုပ်ပစ္စည်းတပ်မက်မှုထောင်ချောက် ထဲသို့ သင့်ကလေး မကျဆင်းသွားစေရန်နှင့် စိတ်ကူးယဉ်မြို့ရိုးသာရှိသော မြို့တွင် အသက်မရှင်ရန် ကူညီပေးသင့်ပါသည်။

အောက်ပါ ကျမ်းစာအခြေခံ အမှန်တရားများက သင့်ကလေးနှင့်ကျိုးကြောင်း ဆင်ခြင်ရာတွင် ကူညီပေးနိုင်ပါသည်–

▪ ချမ်းသာကြွယ်ဝခြင်းက ကူညီဖြေရှင်းဖို့ထက် ပြဿနာများစွာဖြစ်ပေါ်စေသည်။ “ရတတ်သောသူ၏စည်းစိမ် မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။”—ဒေ. ၅:၁၂; ၁ တိမောသေ ၆:၉၊ ၁၀

▪ ကောင်းစွာစီစဉ်ထားသူတစ်ဦးသည် ပျော်ရွှင်ဖို့အတွက် ချမ်းသာကြွယ်ဝရန်မလိုပေ။ ‘လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်ဆိုင်ပေ၏။’—သု. ၂၁:၅; လုကာ ၁၄:၂၈

▪ လူတစ်ဦး၏လိုအပ်ရာအတွက် အတော်အသင့်ရှိသော ဝင်ငွေနှင့် လုံလောက်ပြီး ကျေနပ်ရောင့်ရဲစေသည်။ “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။”သု. ၃၀:၈

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

အရာများစွာကိုလုပ်ရန်ကြိုးစားခြင်းသည် မလိုလားအပ်သော ရလဒ်ဖြစ်ပေါ်စေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အိမ်စာကို အခက်အခဲတစ်ခုအဖြစ် မဟုတ်ဘဲ အလုပ်သင်ခြင်း၏အစိတ်အပိုင်းတစ်ခု အဖြစ် ရှုမြင်ပါ