မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသွင်နှစ်မျိုးနှင့် ဘူခါရက်စ်မြို့

အသွင်နှစ်မျိုးနှင့် ဘူခါရက်စ်မြို့

အသွင်နှစ်မျိုးနှင့် ဘူခါရက်စ်မြို့

ရိုမေးနီးယားမှ နိုးလော့! စာရေးသူ ပေးပို့သည်

သင်သည် ဘူခါရက်စ်မြို့ကို အဝေးမှ လှမ်းကြည့်လိုက်လျှင် ကွန်မြူနစ်အချိန်က ပြည်သူ့အဆောက်အဦဟု လူသိများခဲ့သည့် ပါလီမန်နန်းတော် (၁) အဆောက်အအုံသည် အလွန်သိသာထင်ရှားနေပုံရ၏။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်သော ဤရိုးရှင်းသည့် အဆောက်အအုံသည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်သော မြို့၏အထင်ကရနေရာများအနက် တစ်ခုဖြစ်သည်။

ဤနန်းတော်သည် ဘူခါရက်စ်၏ ခေတ်မီသောအသွင်အပြင်ကို တစ်နည်းတစ်လမ်းဖြင့် သရုပ်ဖော်သည်။ သို့သော် ဘူခါရက်စ်၏ ဒေသခံပြည်သူလူထုကမူ ဤကြီးမားသောအဆောက်အဦနှင့်ပတ်သက်၍ ခံစားချက်အမျိုးမျိုးရှိကြသည်။ မိမိတို့မြို့တော်၏ အခြားအသွင်အပြင်ဖြစ်သော ဆွဲဆောင်မှုရှိသည့် ရှေးခေတ်ဗိသုကာလက်ရာများကို ခရီးသွားဧည့်သည်များက ကြည့်ရှု၍ တန်ဖိုးထားလေးမြတ်ရန်လည်း ဒေသခံများက မျှော်လင့်ကြသည်။

အတိတ်မှမြို့တော်

၁၈၆၂ ခုနှစ်တွင် ရိုမေးနီးယားနိုင်ငံ၏မြို့တော်သည် ဘူခါရက်စ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉ ရာစု၏ ဒုတိယရာစုဝက်အတောအတွင်း ယင်းမြို့တော်သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ပြင်သစ်ဗိသုကာပညာရှင်များ ပုံစံဆွဲခဲ့သော ခမ်းနားတင့်တယ်လှသည့် အဆောက်အအုံများသည် သစ်ပင်များ တန်းစီစိုက်ပျိုးထားသည့် လမ်းမများတစ်လျှောက်တွင် အစီအရီထွက်ပေါ်လာသည်။ ဘူခါရက်စ်တွင် ပန်းခြံများ၊ ဥယျာဉ်များနှင့် ရင်ပြင်များစွာရှိသည့်အတွက် ဥယျာဉ်မြို့တော်ဟု အမည်တွင်လာခဲ့သည်။ ဘူခါရက်စ်သည် ကမ္ဘာပေါ်တွင် လမ်းတစ်လျှောက် ဆီမီးမှန်အိမ်များဖြင့် လင်းထိန်နေသော ပထမဆုံးမြို့တော်လည်းဖြစ်သည်။ ၁၉၃၅ ခုနှစ်တွင် ပဲရစ်မြို့၊ ချမ့်စ်-ရှာဇာလီဇာလမ်းပေါ်ရှိ မုခ်ခုံး (Arc de Triomphe) ၏ပုံစံတူဖြစ်သော အောင်ပွဲခံမုခ်ခုံး (Arch of Triumph) (၂) ကို လှပသော ကီစာလက်ဖ် လမ်းမပေါ်တွင် တည်ဆောက်ခဲ့သည်။ မြို့တော်၏ဆွဲဆောင်မှုရှိသော အသွင်အပြင်သည် ပဲရစ်မြို့နှင့်ဆင်တူသည်။ အမှန်မှာ၊ ဘူခါရက်စ်ကို အရှေ့ဘက်မှ ပဲရစ်မြို့အသေးစားဟုပင် နာမည်ပေးခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ဘူခါရက်စ်သည် ကွန်မြူနစ်၏အုပ်ချုပ်မှုအောက်တွင် ကြီးမားသောအပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ သမိုင်းဝင်ဗိသုကာလက်ရာ အဆောက်အအုံများရှိသော မြို့လယ်ခေါင်မှ အဆောက်အအုံသုံးပုံတစ်ပုံခန့်သည် တိုက်ခန်းတွဲများတည်ဆောက်ရန် ဖြိုဖျက်ခြင်းခံခဲ့ရသည်။ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်အတွင်း၌ပင် တိုက်ခန်းတွဲ ၂၃,၀၀၀ ခန့်ကို တည်ဆောက်ခဲ့ကြသည်။ ၁၉၈၀ ပြည့်နှစ်တွင် ပြည်သူ့အဆောက်အဦတည်ဆောက်ရန်အတွက် စတင်အစီအစဉ်ဆွဲခဲ့ကြသည်။ နောက်ဆုံးတွင် ထိုအဆောက်အအုံကို ရာနှင့်ချီသော မီးပန်းဆိုင်းများနှင့် မြေအောက် ပေ ၃၀၀ နက်သော ဗုံးခိုကျင်းတစ်ခုပါတွဲ၍ တည်ဆောက်ခဲ့ကြသည်။ ကြမ်းခင်းဧရိယာ စတုရန်းပေပေါင်း ၃,၈၇၅,၀၀၀ ကျော်ရှိပြီး ၁၂ ထပ်နှင့် အခန်းပေါင်း ၁,၁၀၀ ပါဝင်သည့်အတွက် ပြင်သစ်နိုင်ငံ၏ ဗာဆိုင်းနန်းတော်ထက် သုံးဆပိုကြီးသည်။ အဆောက်အဦ၏မျက်နှာစာအထိရောက်သည့် ချမ့်စ်-ရှာဇာလီဇာလမ်းမကြီးထက် ပို၍ကျယ်သော လမ်းကျယ်ကြီးတစ်ခုနှင့် နန်းတော်တစ်ခုကို တည်ဆောက်ရန်အတွက် မြို့ဟောင်း၏ နေရာအများအပြားကို ရှင်းလင်းခဲ့ကြသည်။ ယခင်အချိန်က ဘူခါရက်စ်မြို့ကို မြင်တွေ့ခဲ့ဖူးသူများ မြို့ကို မမှတ်မိတော့သည်အထိ ဖြစ်သွားသည်။

ဒေသခံပြည်သူလူထုများစွာအတွက်မူ ခမ်းနားလှသော နန်းတော်ကြီးသည် ယင်းကိုတည်ဆောက်ခဲ့သူ နှစ်မြို့ဖွယ်မကောင်းသော အာဏာရှင်ဟောင်း နီးကိုလိုင် ချောင်ဆက်စကူအား အမှတ်ရစေသည်။ ထိုသူသည် မိမိအတွက် အထိမ်းအမှတ်တစ်ခု စိုက်ထူလိုသည့် စိတ်ဆန္ဒ၏လှုံ့ဆော်မှုကြောင့် ဗိသုကာပညာရှင် ၇၀၀ နီးပါးနှင့် တစ်ရက်လျှင် ၈ နာရီစီ အဆိုင်းသုံးဆိုင်းဖြင့် နေ့ရောညပါ အလုပ်လုပ်သော အလုပ်သမား ထောင်ပေါင်းများစွာကို အသုံးပြုခဲ့သည်။ ၎င်း၏အစိုးရ ပြိုလဲသော ၁၉၈၉ ခုနှစ်တွင် ထိုအဆောက်အအုံသည် ဒေါ်လာ သန်းတစ်ထောင်ကျော် ကုန်ကျနေပြီဖြစ်သော်လည်း လက်စမသတ်နိုင်သေးချေ။

နောက်အသွင်အပြင်တစ်ခု

ကျန်ရှိနေသော မြို့ဟောင်း၏အစိတ်အပိုင်းတွင် အလွန်ကွဲပြားခြားနားသော အသွင်အပြင်တစ်ခုကို တွေ့ မြင်နိုင်ပါသည်။ ထိုတွင် သင်သည် ဘူခါရက်စ်မြို့ဟောင်း၏ ခမ်းနားလှပသော ဗိသုကာပညာရပ်ကို အံ့သြချီးမွမ်းနေနိုင်ဆဲဖြစ်၏။ ထို့ပြင် မြို့ရှိ ပြတိုက်များစွာထဲမှတစ်ခုဖြစ်သော ကျေးရွာပြတိုက် (၃) တွင် ရိုမေးနီးယား ကျေးလက်ဒေသ၏ ကွဲပြားသောဘဝပုံစံကို သင်စွဲမှတ်သွားနိုင်ပါသည်။ ကန်တစ်ခုကို အပေါ်စီးမှမြင်ရသော ငြိမ်သက်အေးချမ်းသည့် ဥယျာဉ်ကြီးတစ်ခုတွင် အာရုံဖမ်းစားနိုင်သည့် အစုအဝေးတစ်ခုကို ဖန်တီးရန် ရိုမေးနီးယားနိုင်ငံတစ်ဝန်းမှ လယ်သမားများ၏ အိမ်ပေါင်း ၅၀ ကျော်နှင့် အခြားသောအဆောက်အအုံများကို အပင်ပန်းခံ၍ ပြင်ဆင်ခဲ့ကြသည်။ ယနေ့ခေတ် ဘူခါရက်စ်မြို့နှင့် အလွန်ကွဲပြားခြားနားသော ကိရိယာတန်ဆာပလာများ၊ လက်မှုပညာများနှင့် ရိုမေးနီးယားအိမ်ဝန်းကျင်ကို ပြသထားသောကြောင့် အိမ်တိုင်းသည် ပြတိုက်တစ်ခုနှင့်တူသည်။

ဤမြို့၏ ခေတ်သစ်နှင့်ခေတ်ဟောင်း အစိတ်အပိုင်းနှစ်ခုအကြား ကွဲလွဲမှု အနည်းငယ်ရှိနေသည်။ မတူညီသောအချိန်များ၌ တည်ဆောက်ခဲ့သည့် အဆောက်အအုံများ (၄) ကိုကပ်လျက် တွေ့ရခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ထို့ကြောင့် အတိတ်နှင့်ပစ္စုပ္ပန်မှ လက်ရာများ ဝိုင်းရံနေသော ဘူခါရက်စ်၏အသွင်နှစ်မျိုးသည် မြို့အနှံ့တွင် ယှဉ်တွဲတည်ရှိနေကြသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

၁ ပါလီမန်နန်းတော်

၂ အောင်ပွဲခံမုခ်ခုံး

၃ ကျေးရွာပြတိုက်

၄ မတူညီသောအချိန်များ၌ တည်ဆောက်ခဲ့သည့် အဆောက်အအုံများ

[Credit Line]

© Sari Gustafsson/​hehkuva/​age fotostock