မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်တွင်သစ္စာရှိခြင်း အမှန်အားဖြင့် အဘယ်အရာကို ဆိုလိုသနည်း

အိမ်ထောင်တွင်သစ္စာရှိခြင်း အမှန်အားဖြင့် အဘယ်အရာကို ဆိုလိုသနည်း

သမ္မာကျမ်းစာရှုထောင့်

အိမ်ထောင်တွင်သစ္စာရှိခြင်း အမှန်အားဖြင့် အဘယ်အရာကို ဆိုလိုသနည်း

လူအများစုသည် အိမ်ထောင်ဖက်များအား လိင်ကိစ္စနှင့်ပတ်သက်လာလျှင် တစ်ဦးကိုတစ်ဦး သစ္စာရှိရန် မျှော်လင့်ကြသည်။ အိမ်ထောင်တွင် သစ္စာရှိမှုနှင့်ပတ်သက်သော ယင်းအမြင်သည် သမ္မာကျမ်းစာ၏ ဤအဆိုနှင့်လည်း ကိုက်ညီပါသည်– “လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်။”—ဟေဗြဲ ၁၃:၄

အခြားသူများနှင့် လိင်ကိစ္စရှောင်ကြဉ်ခြင်းသည် အိမ်ထောင်တွင် သစ္စာရှိခြင်းဟူသော အဓိပ္ပာယ်အပြည့်အစုံဖြစ်သလော။ သင့်အိမ်ထောင်ဖက်အပြင် အခြားသူတစ်ဦးနှင့် လိင်ကိစ္စစိတ်ကူးယဉ်ခြင်းကော အသို့နည်း။ လိင်ခြားသူတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်ခြင်းက “ဖောက်ပြန်မှု” ပုံစံတစ်မျိုး ဖြစ်လာနိုင်ပါသလော။

လိင်ကိစ္စစိတ်ကူးယဉ်ခြင်းသည် အန္တရာယ်ကင်းပါသလော

လိင်သည် သဘာဝဖြစ်ပြီး အိမ်ထောင်သည်ဘဝကို အကျိုးပြုသောအပိုင်းတစ်ပိုင်း၊ ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှု အပြန်အလှန်ပေးရာရင်းမြစ်တစ်ခုအဖြစ် သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ (သု. ၅:၁၈၊ ၁၉) သို့သော် အိမ်ထောင်သည်တစ်ဦးအတွက် အခြားလိင်ဆက်ဆံဖက်များအကြောင်း စိတ်ကူးယဉ်ခြင်းသည် သာမန်ဖြစ်သည့်အပြင် ကျန်းမာရေးနှင့်ပင် ညီညွတ်ကြောင်း ခေတ်သစ်ပညာရှင်များစွာက ယူမှတ်ကြသည်။ အိမ်ထောင်ရေးမဖောက်ပြန်မချင်း ယင်းသို့သောစိတ်ကူးယဉ်မှုများက အန္တရာယ်ကင်းပါသလော။

လိင်ဆိုင်ရာစိတ်ကူးယဉ်မှုများသည် လူတစ်ဦး၏သာယာမှုကို အဓိကအာရုံစိုက်၏။ ယင်းသို့သော ကိုယ်ကျိုးရှာသည့်အကျင့်သည် အိမ်ထောင်သည်များနှင့်သက်ဆိုင်သော ကျမ်းစာအကြံပြုချက်နှင့် ဆန့်ကျင်သည်။ လိင်ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဇနီးသည် မိမိခန္ဓာကိုယ်ကို မပိုင်၊ ခင်ပွန်းသာလျှင် ပိုင်၏။ ထိုနည်းတူ ခင်ပွန်းသည်လည်း မိမိခန္ဓာကိုယ်ကို မပိုင်၊ ဇနီးသာလျှင် ပိုင်၏။” (၁ ကောရိန္သု ၇:၄) ကျမ်းစာဆုံးမစကားကိုလိုက်နာခြင်းက လိင်ကို စိတ်ကူးယဉ်ခြင်းကြောင့် ဖြစ်ပေါ်လာသော တစ်ကိုယ်ကောင်းဆန်သည့်ဆန္ဒများကိုသာ ဖြည့်ဆည်းပေးသောအရာဖြစ်စေခြင်းမှ ကာကွယ်ပေးသည်။ သို့နှင့် အိမ်ထောင်ဖက်နှစ်ဦးစလုံး ပျော်ရွှင်ကျေနပ်မှုများစွာ ခံစားရသည်။—တမန်တော် ၂၀:၃၅; ဖိလိပ္ပိ ၂:၄

အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆိုင်ရာစိတ်ကူးယဉ်မည်ဆိုပါက မိမိ၏အိမ်ထောင်ဖက်ကို စိတ်နာကြည်းစေမည့် လုပ်ရပ်တစ်ခုကို ကျူးလွန်ရန် အသင့်ပြင်ခြင်းနှင့်တူပေသည်။ လိင်ဆိုင်ရာစိတ်ကူးယဉ်ခြင်းက အိမ်ထောင်ရေးဖောက်ပြန်ဖို့အကြောင်း တိုးများစေမည်လော။ အဖြေမှာ ရိုးရိုးလေးပင်၊ တိုးများစေပါသည်။ အကြံအစည်နှင့်လုပ်ရပ်စပ်ကြား ဆက်နွှယ်မှုကို သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။”—ယာကုပ် ၁:၁၄၊ ၁၅

“မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” ဟု ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၂၈) အိမ်ထောင်ရေးဖောက်ပြန်စေသည့် စိတ်ကူးယဉ်မှုများကို တနုံ့နုံ့တွေးတောရန် ငြင်းဆန်ခြင်းဖြင့် သင်သည် ‘သင်၏နှလုံးကို စောင့်ရှောက်’ ပြီး သင့်အိမ်ထောင်ရေးကို ကာကွယ်ပေးရာရောက်သည်။—သု. ၄:၂၃

အဘယ်ကြောင့် စိတ်ပိုင်းအရ သစ္စာရှိရ

အောင်မြင်သောအိမ်ထောင်တစ်ခုဖြစ်ရန် မိမိ၏အိမ်ထောင်ဖက်အပေါ် “အားကြီးသောမေတ္တာ” ရှိရန်လိုသည်။ (ရှောလမုန်သီချင်း ၈:၆သမ္မာ; သု. ၅:၁၅-၁၈) ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ အိမ်ထောင်ပြင်ပတွင် အမျိုးသားအမျိုးသမီးမိတ်ဆွေများ ထားရှိခြင်းက သာမန်ဖြစ်သော်လည်း သင့်အိမ်ထောင်ဖက်သည်သာ သင်၏အချိန်၊ ဂရုစိုက်မှုနှင့် စိတ်ပိုင်းဆိုင်ရာအင်အားတို့ကို ရပိုင်ခွင့်ရှိသည်။ သင့်အိမ်ထောင်ဖက် ပိုင်ဆိုင်ခွင့်ရှိသောအရာကိုယူ၍ အခြားတစ်ဦးဦးအား ပေးလိုက်သည့် မည်သည့်ဆက်ဆံရေးမျိုးမဆိုသည် လိင်မှုကိစ္စပါဝင်ပတ်သက်မှုမရှိလျှင်ပင် “အိမ်ထောင်ရေးဖောက်ပြန်မှု” ပုံစံတစ်မျိုးဖြစ်သည်။ *

ဤသို့သောဆက်ဆံရေးသည် မည်သို့ဖြစ်ပေါ်လာနိုင်သနည်း။ လိင်ခြားသူတစ်ဦးသည် သင့်အိမ်ထောင်ဖက်ထက် ပို၍ဆွဲဆောင်မှုရှိပုံရပေမည် သို့မဟုတ် ပို၍ မျှဝေခံစားတတ်ပုံရပေမည်။ လုပ်ငန်းခွင် သို့မဟုတ် လူမှုပေါင်းသင်းချိန်တွင် ထိုသို့သောသူနှင့် အချိန်ဖြုန်းခြင်းက သင့်အိမ်ထောင်ရှိ ပြဿနာများ သို့မဟုတ် စိတ်ပျက်စရာများအပါအဝင် ကိုယ်ရေးကိုယ်တာကိစ္စများ ဆွေးနွေးခြင်းအဖြစ်သို့ ဦးတည်စေနိုင်သည်။ သင်သည် စိတ်ပိုင်းဆိုင်ရာထောက်မမှုအတွက် ထိုသူကို စတင်အားကိုးလာပေမည်။ မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း၊ တယ်လီဖုန်းဖြင့်ဆက်သွယ်ခြင်း သို့မဟုတ် အင်တာနက်တွင် စကားပြောခြင်း (online chat) သည် အတွင်းရေးကိစ္စများကို ထုတ်ဖော်ပြောဆိုသည်အထိ ဖြစ်စေနိုင်ပါသည်။ အိမ်ထောင်ဖက်များသည် အကြောင်းအရာတချို့ကို သူတို့အချင်းချင်းသာ ဆွေးနွေးပြောဆိုကြမည်ဖြစ်ပြီး “လျှို့ဝှက်အပ်သောအရာကို” သိုသိုသိပ်သိပ်ထားရှိမည်ဖြစ်ကြောင်း အမှန်ပင် မျှော်လင့်ကြသည်။—သု. ၂၅:၉သမ္မာ။

ချစ်စိတ်ဝင်ခြင်းရှိနေနိုင်သည့်တိုင် မရှိပါဟု ကိုယ့်ကိုယ်ကို ဆင်ခြေပေးခြင်းကို သတိပြုပါ။ ‘စိတ်နှလုံးသည် စဉ်းလဲတတ်၏’ ဟု ယေရမိ ၁၇:၉ ကဆိုသည်။ သင်သည် လိင်ခြားသူတစ်ဦးဦးနှင့် ရင်းနှီးကျွမ်းဝင်ခြင်းရှိသည်ဆိုလျှင် ကိုယ့်ကိုယ်ကို ဤသို့မေးပါ– ‘ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး တခြားသူက မေးမြန်းလာတဲ့အခါ ငါ ဆင်ခြေပေးသလား ဒါမှမဟုတ် ဖုံးကွယ်ဖို့ကြိုးစားသလား။ ငါတို့ပြောဆိုတဲ့စကားတွေကို ငါ့ရဲ့အိမ်ထောင်ဖက် အမှတ်တမဲ့ကြားသွားမယ်ဆိုရင် ငါ သက်သောင့်သက်သာရှိပါ့မလား။ ငါ့ရဲ့အိမ်ထောင်ဖက်မှာလည်း ငါ့လို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေရှိမယ်ဆိုရင် ငါ ဘယ်လိုခံစားရမလဲ။’—မဿဲ ၇:၁၂

စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုသည် နောက်ဆုံးတွင် လိင်ဆိုင်ရာရင်းနှီးမှုအဖြစ်သို့ ဦးတည်သွားစေနိုင်သည့်အတွက် မသင့်လျော်သောဆက်ဆံရေးသည် အိမ်ထောင်ရေးကို ပျက်ပြားစေနိုင်ပါသည်။ ယေရှုသတိပေးခဲ့သည့်အတိုင်း ‘အိမ်ထောင်ရေးဖောက်ပြန်ခြင်း . . . သည် စိတ်နှလုံးထဲက ထွက်လာ၏။’ (မဿဲ ၁၅:၁၉) သို့သော် အိမ်ထောင်ရေးဖောက်ပြန်သည့်အဖြစ်မျိုးသို့ မရောက်ရှိလျှင်ပင် ယုံကြည်စိတ်ချမှု ဆုံးရှုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးကို ပြန်လည်ပြုပြင်ရန် အလွန်ခဲယဉ်းနိုင်ပါသည်။ ကာရင် *အမည်ရှိ ဇနီးသည်တစ်ဦးက ဤသို့ပြောခဲ့၏– “မာ့ခ်ဟာ အမျိုးသမီးတစ်ယောက်နဲ့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ တိတ်တိတ်လေး ဖုန်းပြောနေတာကို ကျွန်မ တွေ့သွားတဲ့အခါ အရမ်းကိုစိတ်ထိခိုက်ခဲ့ရတယ်။ သူတို့နှစ်ယောက်ဟာ လိင်မှုကိစ္စမှာ မပတ်သက်ဘူးဆိုတာကို ယုံရခက်နေတယ်။ သူ့ကို ကျွန်မ ဆက်ပြီးယုံကြည်စိတ်ချလို့ ရပါ့မလားဆိုတာ မသေမချာဖြစ်နေတယ်။”

သင့်အိမ်ထောင်ဖက်မဟုတ်သော လိင်ခြားသူများနှင့် ရင်းနှီးလွန်းခြင်းမရှိစေပါနှင့်။ မလျောက်ပတ်သောခံစားချက်များ ကိန်းအောင်းလာခြင်းကို လျစ်လျူမရှုပါနှင့် သို့မဟုတ် မတော်လျော်သည့်စိတ်ဆန္ဒများအတွက် ရှာကြံဆင်ခြေမပေးပါနှင့်။ ဆက်ဆံရေးတစ်ခုသည် သင့်အိမ်ထောင်ရေးကို ခြိမ်းခြောက်နေသည်ဟု သင်သိမြင်လာပါက ယင်းကို လျင်မြန်စွာ ကန့်သတ်လိုက်ပါ သို့မဟုတ် အဆုံးသတ်ပစ်လိုက်ပါ။ “ပညာသတိရှိသောသူသည် ဘေးကိုမြော်မြင်၍ ပုန်းနေတတ်၏။ မလိမ္မာသောသူမူကား သွားမြဲသွား၍ ဒဏ်ခံရ၏” ဟုသမ္မာကျမ်းစာကဆိုသည်။—သု. ၂၂:၃သမ္မာ။

တစ်သားတစ်ကိုယ်တည်းဖြစ်မှုကို ကာကွယ်ပါ

အိမ်ထောင်ရေးသည် လူသားနှစ်ဦးစပ်ကြား အရင်းနှီးဆုံးဆက်ဆံရေးဖြစ်သင့်ကြောင်း ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ရည်ရွယ်တော်မူခဲ့သည်။ လင်ယောက်ျားနှင့်ဇနီးတို့သည် “တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်” ဟုကိုယ်တော် မိန့်တော်မူခဲ့၏။ (ကမ္ဘာဦး ၂:၂၄) တစ်သားတစ်ကိုယ်တည်းဖြစ်မှုတွင် လိင်ဆက်ဆံခြင်းထက်မက ပါဝင်သည်။ ယင်းတွင် ရင်းနှီးသော စိတ်ခံစားမှုဆိုင်ရာနှောင်ကြိုး ပါဝင်ပြီး ကိုယ်ကျိုးမဖက်မှု၊ ယုံကြည်စိတ်ချမှုနှင့် အပြန်အလှန်ရိုသေလေးစားမှုတို့ဖြင့် ယင်းကို ခိုင်မြဲစေသည်။ (သု. ၃၁:၁၁; မာလခိ ၂:၁၄၊ ၁၅; ဧဖက် ၅:၂၈၊ ၃၃) အဆိုပါမူများကို ကျင့်သုံးခြင်းက သင့်အိမ်ထောင်ရေးကို စိတ်ဓာတ်ပိုင်းနှင့် စိတ်ခံစားမှုပိုင်း သစ္စာမဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးမှကာကွယ်ရန် ကူညီပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 11 သို့သော် အိမ်ထောင်ပြင်ပတွင် လိင်မှုကိစ္စရှုပ်ပွေမှသာလျှင် သမ္မာကျမ်းစာအရ ကွာရှင်းခွင့်ရှိကြောင်း သတိပြုရန်အရေးကြီးသည်။—မဿဲ ၁၉:၉

^ အပိုဒ်၊ 14 အမည်များကို ပြောင်းထားပါသည်။

သင်စဉ်းစားဖူးသလော

▪ လိင်ကိစ္စစိတ်ကူးယဉ်မှုများက လုပ်ရပ်များသို့ ဦးတည်စေနိုင်သလော။—ယာကုပ် ၁:၁၄၊ ၁၅

▪ လိင်ခြားသူတစ်ဦးနှင့် ရင်းနှီးသောဆက်ဆံရေးသည် သင့်အိမ်ထောင်ရေးကို ခြိမ်းခြောက်နိုင်ပါသလော။ —ယေရမိ ၁၇:၉; မဿဲ ၁၅:၁၉

▪ သင့်အိမ်ထောင်ရေးနှောင်ကြိုးကို မည်သို့ ခိုင်မြဲစေနိုင်သနည်း။—၁ ကောရိန္သု ၇:၄; ၁၃:၈; ဧဖက် ၅:၂၈၊ ၃၃

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

“မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” —မဿဲ ၅:၂၈