မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆရာဝန်ညွှန်းသည့်ဆေးဝါးများကို သုံးစွဲခြင်းနှင့် တလွဲသုံးခြင်း

ဆရာဝန်ညွှန်းသည့်ဆေးဝါးများကို သုံးစွဲခြင်းနှင့် တလွဲသုံးခြင်း

ဆရာဝန်ညွှန်းသည့်ဆေးဝါးများကို သုံးစွဲခြင်းနှင့် တလွဲသုံးခြင်း

အန်ဂျီ အမည်ရှိမိန်းကလေးတစ်ဦးသည် သူ၏မောင်လေးမှာ သောက်သုံးနေရသည့်ဆေးဝါးကြောင့် အစာစားချင်စိတ်မရှိကြောင်း မိဘများ ပြောဆိုနေသည်ကို အမှတ်တမဲ့ကြားသွား၏။ မိမိ၏ကိုယ်အလေးချိန်ကို အန်ဂျီ စိုးရိမ်နေသောကြောင့် မောင်လေး၏ဆေးများကို ရက်အနည်းငယ်လျှင် တစ်လုံး စ၍ခိုးသောက်ခဲ့သည်။ မိဘများ သိပ်သတိမပြုမိစေရန် အလားတူဆေးကို သုံးစွဲနေသည့် သူငယ်ချင်းတစ်ဦးထံမှလည်း ဆေးအနည်းငယ်တောင်းသောက်ခဲ့သည်။ *

ဆရာဝန်၏ဆေးစာဖြင့် သုံးစွဲရမည့်ဆေးဝါးများကို အဘယ်ကြောင့် ဤမျှတလွဲသုံးနေကြသနည်း။ အကြောင်းရင်းတစ်ခုမှာ ယင်းဆေးဝါးများကို အိမ်တွင် အသင့်ရရှိနိုင်သောကြောင့်ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ လူငယ်အများက ဆရာဝန်မညွှန်းသည့်ဆေးကို မိမိတို့သုံးစွဲခြင်းသည် ဥပဒေနှင့်ဆန့်ကျင်သောအရာကို လုပ်ဆောင်နေခြင်းမဟုတ်ဟု တလွဲယူမှတ်နေကြသောကြောင့်ဖြစ်သည်။ တတိယအကြောင်းရင်းမှာ ဆရာဝန်၏ဆေးစာဖြင့် သုံးစွဲရမည့်ဆေးဝါးများသည် တားမြစ်ဆေးဝါးများထက် အန္တရာယ်နည်းပုံရသောကြောင့်ဖြစ်၏။ ‘ဆေးစာပါတဲ့ဆေးဝါးတချို့ကို ကလေးတွေသောက်သုံးနိုင်တယ်ဆိုရင် ဘေးကင်းလို့ပဲဖြစ်ရမယ်’ ဟုလူငယ်တချို့က ဆင်ခြင်ကြသည်။

ဆရာဝန်၏ဆေးစာဖြင့် သုံးစွဲရမည့်ဆေးဝါးကို တော်မှန်စွာ အသုံးပြုခြင်းက ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး အသက်ကိုပင် ကယ်တင်ပေးနိုင်သည်မှာ မှန်ပါသည်။ သို့သော် တလွဲသုံးပါက တရားမဝင်ဆေးဝါးများကဲ့သို့ပင် ဘေးပြုနိုင်ပါသည်။ ဥပမာ၊ ဆရာဝန်၏ဆေးစာဖြင့် သောက်ရမည့် စိတ်ကြွဆေးတချို့ကို တလွဲသုံးပါက ရုတ်တရက် နှလုံးခုန်ရပ်ခြင်း သို့မဟုတ် တက်ခြင်းဖြစ်လာနိုင်ပါသည်။ အခြားဆေးဝါးများသည် လူတစ်ဦး၏အသက်ရှူနှုန်းကို နှေးကွေးသွားစေနိုင်ရာ နောက်ဆုံး အသက်ပင်ဆုံးရှုံးစေနိုင်ပါသည်။ ဆေးတစ်မျိုးကို အခြားဆေးတချို့ သို့မဟုတ် အရက်နှင့် တွဲသောက်ပါကလည်း ဘေးဖြစ်စေနိုင်ပါသည်။ ၂၀၀၈ ခုနှစ်အစောပိုင်းတွင် နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တစ်ဦးသည် “စိတ်ငြိမ်ဆေး ခြောက်မျိုး၊ အိပ်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံ ရောသောက်လိုက်ရာ” သေဆုံးသွားကြောင်း သတင်းစာတစ်စောင် (Arizona Republic) ကဆိုခဲ့သည်။

အခြားဖြစ်နိုင်ဖွယ်အန္တရာယ်တစ်မျိုးမှာ ဆေးစွဲခြင်းဖြစ်သည်။ အလွန်အကျွံသုံးစွဲသည့်အခါ သို့မဟုတ် မှားယွင်းသောရည်ရွယ်ချက်အတွက် သုံးစွဲသည့်အခါ တချို့သောဆေးဝါးများသည် တရားမဝင်ဆေးဝါးများကဲ့သို့ လုပ်ဆောင်ကြသည်၊ ယင်းတို့သည် ဦးနှောက်အတွင်းရှိ ပျော်ရွှင်ကြည်နူးမှုကိုဖြစ်စေသော အပိုင်းများကို လှုံ့ဆော်ပေးပြီး ယင်းက ဆေးကို အာသာပြင်းပြင်း တောင့်တစေနိုင်ပါသည်။ သို့သော် မူးယစ်ဆေးတလွဲသုံးခြင်းသည် အဆက်မပြတ် တက်တက်ကြွကြွ ရှိနေစေမည့်အစား သို့မဟုတ် ဘဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းတတ်ရန် လူတို့အား ကူညီပေးမည့်အစား အခြေအနေကို ပို၍ဆိုးဝါးစေပါသည်။ ယင်းသည် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တိုး၍ဖြစ်စေနိုင်ကာ ကျန်းမာရေးနှင့် ပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်စွမ်းကို ထိခိုက်ပျက်စီးစေပြီး ဆေးစွဲစေသည် သို့မဟုတ် ယင်းတို့အားလုံးကို ဖြစ်စေနိုင်သည်။ ဆေးစွဲသူများသည် အိမ်၊ ကျောင်း သို့မဟုတ် အလုပ်ခွင်တွင် ပြဿနာများ မလွဲဧကန်ရှိကြ၏။ ဆရာဝန်၏ဆေးစာဖြင့်သာ သောက်ရမည့် ဆေးဝါးများကို အဘယ်အချိန်တွင် မှန်ကန်စွာသုံးစွဲသည်၊ အဘယ်အချိန်တွင် တလွဲသုံးသည်ကို ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။

မှန်ကန်စွာ သုံးစွဲခြင်းလော၊ တလွဲသုံးခြင်းလော

ရိုးရိုးလေးပြောရလျှင် သင်သည် သင်၏ဆေးရာဇဝင်ကို ကောင်းကောင်းသိထားသော ဆရာဝန်တစ်ဦး၏ ညွှန်ကြားချက်နှင့်အညီ ဆေးဝါးများကိုသုံးစွဲပါက ယင်းသည် မှန်ကန်စွာသုံးစွဲခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းတွင် မှန်ကန်သော ဆေးဘက်ဆိုင်ရာအကြောင်းရင်းအတွက် မှန်ကန်သောဆေးညွှန်းဖြင့် အချိန်မှန်၊ နည်းမှန်သုံးစွဲခြင်း ပါဝင်သည်။ ထိုသို့ပြုလုပ်သည့်တိုင် မလိုလားသော သို့မဟုတ် မျှော်လင့်မထားသော ရောဂါလက္ခဏာများ ပေါ်လာပေမည်။ ထိုသို့ဖြစ်လာပါက သင့်ဆရာဝန်ကို ချက်ချင်းပြောပြပါ။ သူသည် သင့်ဆေးညွှန်းကို ပြောင်းလဲပေးပေမည် သို့မဟုတ် ရပ်ဆိုင်းလိုက်ပေမည်။ အလားတူမူများသည် ဆေးစာမပါဘဲဝယ်ယူနိုင်သော ဆေးဝါးများနှင့်လည်း သက်ဆိုင်ပေသည်– သင့်တွင် တရားဝင်သုံးစွဲခွင့်ရှိမှသာ ယင်းဆေးဝါးများကို အသုံးပြုပါ၊ လေဘယ်လ်ပေါ်မှ ညွှန်ကြားချက်များကို အသေအချာလိုက်နာပါ။

လူတို့သည် ဆေးဝါးများကို မှားယွင်းသောရည်ရွယ်ချက်အတွက် သုံးစွဲသည့်အခါ၊ ဆေးညွှန်းကို လျစ်လျူရှု၍ သုံးစွဲသည့်အခါ၊ အခြားသူတစ်ဦးအတွက် သတ်မှတ်ထားသောဆေးဝါးများကို သုံးစွဲသည့်အခါ သို့မဟုတ် ဆေးကိုမမှန်မကန်သုံးစွဲသည့်အခါ ဘေးဖြစ်စေနိုင်ပါသည်။ ဥပမာ၊ ဆေးလုံးတချို့ကို အလုံးလိုက် မျိုချရမည်ဖြစ်သည်၊ သို့မှသာ ဆေး၏အာနိသင်သည် ကိုယ်ခန္ဓာထဲ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိသွားသည်။ ဆေးကိုတလွဲသုံးသူများသည် ဆေးမသောက်မီ ဆေးလုံးများကို ကြိတ်ချေခြင်း သို့မဟုတ် ဝါးခြင်း၊ ကြိတ်ချေကာ ရှူရှိုက်ခြင်း သို့မဟုတ် အရည်ဖျော်၍ ထိုးသွင်းခြင်းတို့ဖြင့် ဆေး၏အာနိသင်ကို ပျက်ပြယ်စေတတ်ကြသည်။ အကျိုးသက်ရောက်မှုမှာ မြင့်မားနိုင်သော်လည်း ဆေးစွဲခြင်းအဖြစ်သို့ရောက်ရှိစေသည့် ဦးဆုံးအဆင့်လည်း ဖြစ်သွားနိုင်ပါသည်။ ပို၍ဆိုးသည်မှာ အသက်အန္တရာယ်ရှိနိုင်ခြင်းဖြစ်၏။

အခြားတစ်ဖက်တွင် လူတစ်ဦးသည် ဆေးညွှန်းစာပါသည့်ဆေးကို နည်းမှန်လမ်းကျ သောက်သုံးသော်လည်း ဆေးစွဲသည့်အခြေအနေသို့ ရောက်ရှိလာသည်ဟု သံသယဝင်ပါက မနှောင့်နှေးဘဲ ဆရာဝန်ကို အသိပေးသင့်သည်။ ဆရာဝန်သည် မူလကျန်းမာရေးပြဿနာကို လျစ်လျူမရှုဘဲ ကိစ္စရပ်ကိုပြုပြင်တည့်မတ်ရန် ဘေးအကင်းဆုံးနည်းကို သိရှိထားသင့်သည်။

ပုံစံမျိုးစုံဖြင့် ဆေးဝါးတလွဲအသုံးပြုခြင်း ပျံ့နှံ့လာမှုက ကျွန်ုပ်တို့၏ခေတ်ကာလကို ထင်ဟပ်နေပါသည်။ မိသားစုသည် နေ့စဉ်ရင်ဆိုင်နေရသည့် ဖိစီးမှုများမှ အကာအကွယ်ရစေသည့် မေတ္တာရိပ်မြုံဖြစ်သင့်သော်လည်း အကျဉ်းအကျပ်တွေ့နေ၏။ အသက်ကို တန်ဖိုးထားခြင်းကိစ္စနည်းတူ ကိုယ်ကျင့်တရားကောင်းနှင့် ဘာသာတရားစံနှုန်းများ ပပျောက်နေသည်။ (၂ တိမောသေ ၃:၁-၅) နောက်အကြောင်းရင်းတစ်ခုမှာ ပိုမိုကောင်းမွန်သော အနာဂတ်မျှော်လင့်ချက် မရှိခြင်းဖြစ်သည်။ လူများစွာက အနာဂတ်မျှော်လင့်ချက် ကင်းမဲ့နေသည်ဟု ယူဆကြ၏။ ထို့ကြောင့် သူတို့သည် တစ်ခဏတာအတွက်သာ အသက်ရှင်ကြပြီး တစ်ခါတစ်ရံ သူတို့ရနိုင်သမျှ မည်သည့်အပျော်အပါးကိုမဆို အဆင်အခြင်မဲ့စွာ လိုက်စားကြတော့သည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏လမ်းပြမှုကို မခံယူလျှင် လူတို့သည် အကျိုးနည်းဖြစ်ကြ၏ ဟုဆိုထားသည်။—သု. ၂၉:၁၈

သင်သည် မိဘတစ်ဦးဖြစ်သည်ဆိုလျှင် ကမ္ဘာပေါ်တွင် ကပ်သင့်နေသော ကိုယ်ကျင့်တရားနှင့် ဘာသာတရားစံနှုန်းများ လျော့ရဲနေခြင်းမှ သင့်မိသားစုကို ကာကွယ်ပေးလိုမည်မှာ သေချာပါသည်။ သို့သော် ယင်းကို သင်မည်သို့လုပ်ဆောင်နိုင်သနည်း။ လမ်းညွှန်မှုကောင်းနှင့် ပိုမိုကောင်းမွန်သောအနာဂတ်အတွက် ယုံကြည်စိတ်ချရသော မျှော်လင့်ချက်ကို အဘယ်နေရာတွင် သင်ရှာတွေ့နိုင်သနည်း။ နောက်ဆောင်းပါးများက ယင်းမေးခွန်းများကို ဆွေးနွေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဆယ်ကျော်သက်ကျန်းမာရေး ဝက်ဘ်ဆိုက်မှ။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

မူးလျှင်ပြီးရော ဘာမဆိုလုပ်မည်

အချို့သူတို့သည် ယစ်မူးနိုင်ရန် ဘာမဆိုလုပ်ဆောင်ကြပေမည်။ အထူးသဖြင့် ဘေးပြုနိုင်သောအမူအကျင့်များတွင် သန့်ရှင်းရေးသုံးဆေးရည်များ၊ လက်သည်းဖျက်ဆေး၊ ပရိဘောဂအရောင်တင်ဆေး၊ ဓာတ်ဆီ၊ ကော်၊ ဓာတ်မီးခြစ်တွင် ထည့်သောအရည်၊ မှုတ်ဆေးနှင့် အခြားအငွေ့ ပြန်လွယ်သောအရာဝတ္ထုများကို ရှူရှိုက်ခြင်းပါဝင်သည်။ ရှူရှိုက်လိုက်သော အခိုးအငွေ့များသည် သွေးကြော ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားကာ ချက်ချင်းဆိုသလို တုံ့ပြန်စေသည်။

ဘေးပြုနိုင်သော နောက်အမူအကျင့်တစ်မျိုးမှာ အရက်ပါဝင်သော သို့မဟုတ် ငိုက်မျဉ်းစေသော ဆရာဝန်၏ဆေးစာမပါသည့် ဆေးဝါးများကို တလွဲသုံးခြင်း ဖြစ်သည်။ ယင်းဆေးဝါးများကို အလွန်အကျွံသုံးစွဲပါက အာရုံများ၊ အထူးသဖြင့် အကြားအာရုံနှင့် အမြင်အာရုံများကို အနှောင့်အယှက်ပေးပြီး စိတ်ရှုပ်ထွေးခြင်း၊ သွေးလေချောက်ချားခြင်း၊ ထုံကျဉ်ခြင်းနှင့် အစာအိမ်နာခြင်းတို့ကို ဖြစ်စေနိုင်သည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

“ဆေးရအောင် ကြံဖန်သည့်နည်းလမ်းများ”

“‘ဆေးရအောင် ကြံဖန်ခြင်း’ သည် ဆေးစွဲသူများနှင့် ဆေးတလွဲသုံးသူများတွင် အဆန်းမဟုတ်ချေ” ဟုစာအုပ်တစ်အုပ် (Physicians’ Desk Reference) ကဆို၏။ “ဆေးရအောင် ကြံဖန်သည့်နည်းလမ်းများတွင် ရုံးဆင်းခါနီးမှ အရေးပေါ် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အရေးတကြီးရောက်လာခြင်း၊ သက်ဆိုင်သောစစ်ဆေးမှု၊ ဆေးစစ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းကိုခံယူရန် ငြင်းဆိုခြင်း၊ ဆေးစာများ အကြိမ်ကြိမ် ‘ပျောက်ဆုံးခြင်း၊’ ဆေးစာပြင်ရေးခြင်းနှင့် ဆေးမှတ်တမ်းများ ကြိုပေးရန် တွန့်ဆုတ်ခြင်း သို့မဟုတ် ကုသပေးနေသော အခြားဆရာဝန် (များ) နှင့် ဆက်သွယ်နိုင်သည့် လိပ်စာပေးဖို့ တွန့်ဆုတ်ခြင်းတို့ပါဝင်သည်။ ထပ်ဆင့်ဆေးစာများရရှိရန် ‘ဆရာဝန်တစ်ဦးမှ နောက်တစ်ဦးသို့ပြောင်း’ ခြင်းသည် ဆေးဝါးတလွဲသုံးသူများနှင့် ဆေးစွဲခြင်းကို မကုသဘဲထားသူများတွင် ဖြစ်တတ်သည်။”

အများဆုံး တလွဲသုံးလေ့ရှိသည့် ဆေးဝါးများမှာ အောက်ပါသုံးမျိုးဖြစ်ကြသည်–

▪ နာကျင်မှုကိုသက်သာစေသော ဘိန်းပါသည့်ဆေးဝါးများ (Opioids)

စီအဲန်အက်စ် (ဗဟိုနဗ်ကြောစနစ်) နှိမ်ဆေးများ—စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် အအိပ်ပြဿနာများအတွက် ညွှန်းပေးသော ဘာဘီကျူရိတ်နှင့် ဘန်ဇိုဒိုင်ယာဇီပဲန်ဆေးများ (စိတ်ငြိမ်ဆေး သို့မဟုတ် စိတ်ဖြေဆေးအဖြစ် ရည်ညွှန်းလေ့ရှိ)

စိတ်ကြွဆေးများ—ဂနာမငြိမ် အာရုံစူးစိုက်မှုချို့တဲ့ခြင်းဝေဒနာ (အေဒီအိပ်ခ်ျဒီ)၊ အိပ်ချင်လွန်ရောဂါ သို့မဟုတ် အဝလွန်ရောဂါအတွက် ညွှန်းပေးသောဆေးဝါးများ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 24 အမေရိကန်ပြည်ထောင်စုရှိ မူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာ အမျိုးသားအဖွဲ့မှရရှိသည့် သတင်းအချက်အလက်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဆရာဝန်ညွှန်းသည့် ဆေးဝါးများကို ဘေးကင်းစွာသုံးစွဲရန် လမ်းညွှန်ချက်များ

၁။ ညွှန်ကြားချက်များကို အသေအချာလိုက်နာပါ။

၂။ သင်၏ဆရာဝန်နှင့်တိုင်ပင်ခြင်းမရှိဘဲ ဆေးပမာဏကို မပြောင်းလဲပါနှင့်။

၃။ ဆေးဝါးများ သုံးစွဲခြင်းကို သင့်သဘောဖြင့် မရပ်လိုက်ပါနှင့်။

၄။ သတ်သတ်မှတ်မှတ် မညွှန်ကြားထားဘဲနှင့် ဆေးလုံးများကို ကြိတ်ချေခြင်း သို့မဟုတ် ချိုးဖဲ့ခြင်း မပြုလုပ်ပါနှင့်။

၅။ ဆေးဝါးသည် ကားမောင်းခြင်းနှင့် အခြားလုပ်ဆောင်မှုများအပေါ် အကျိုးသက်ရောက်နိုင်သည်ကို သတိပြုပါ။

၆။ ဆေးဝါးသည် အရက်၊ ဆရာဝန်ညွှန်းထားသော အခြားဆေးဝါးများ သို့မဟုတ် ဆေးညွှန်းစာမပါသော ဆေးဝါးများနှင့် မည်သို့အပြန်အလှန် အကျိုးသက်ရောက်နိုင်ကြောင်းကို သိရှိအောင် ကြိုးစားပါ။

၇။ သင်သည် ဆေးဝါးများကို တလွဲသုံးခဲ့ဖူးသည်ဆိုလျှင် သင့်ဆရာဝန်အား ပြောပြပါ။

၈။ အခြားသူတစ်ဦးအတွက် ညွှန်းထားသောဆေးဝါးများကို မသုံးစွဲပါနှင့်။ သင့်ဆေးဝါးများကိုလည်း ပေးမသုံးပါနှင့်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 36 အမေရိကန် အစားအစာနှင့်ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့ မှရရှိသည့် အကြံပြုချက်များအပေါ် အခြေပြုပါသည်။