မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးဝါးများကို မိမိသဘောဖြင့် သုံးစွဲခြင်း

ဆေးဝါးများကို မိမိသဘောဖြင့် သုံးစွဲခြင်း

ဆေးဝါးများကို မိမိသဘောဖြင့် သုံးစွဲခြင်း

“ကျွန်မအသက် ၁၄ နှစ်အရွယ်ကစပြီး ဆရာဝန်ညွှန်းတဲ့ဆေးတွေကို သုံးစွဲလာခဲ့တယ်။ ပိန်မှ ဆွဲဆောင်မှုရှိမှာလို့ ခံစားရတဲ့အတွက် ကျွန်မတို့ရဲ့မိသားစုဆရာဝန်က ကျွန်မကို ပိန်ဆေးတွေ ညွှန်းပေးခဲ့တယ်။ ကျွန်မပျော်တယ်လို့ ခံစားရတဲ့အချိန်က ယောက်ျားလေးတွေ ကျွန်မကို သဘောကျလာပုံပေါ်တဲ့အချိန်လေးပါပဲ။ နောက်ဆုံး မူးယစ်ဆေးဝါးနဲ့ အကျင့်ယိုယွင်းတဲ့ဘဝပုံစံဘက်ကို ပြောင်းသွားတယ်။ အဆုံးစွန်အထိ ပီတိဖြစ်နေအောင် ကျွန်မ အမြဲကြိုးစားနေခဲ့တယ်” ဟုလီနာ * အမည်ရှိ အမျိုးသမီးတစ်ဦးက ပြောခဲ့သည်။

မီရာအမည်ရှိ အမျိုးသမီးတစ်ဦးသည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ခံစားနေရသဖြင့် ၎င်း၏ဆရာဝန်က အကိုက်အခဲပျောက်ဆေး ညွှန်းပေးလိုက်သည်။ အချိန်တန်သော် သူသည် ဝေဒနာသက်သာစေရုံအတွက်သာမက ဆေးစွဲနေသည်ကို အာသာဖြေရန်အတွက်ပါ ပိုမိုသုံးစွဲတော့၏။ ထို့ ပြင် သူသည် အခြားမိသားစုဝင်များသာသုံးစွဲရသည့် ဆေးဝါးများကိုလည်း စတင်သုံးစွဲလာခဲ့သည်။

အရေအတွက်တိုးများလာသော လူငယ်များနှင့် အံ့ဩစရာကောင်းလောက်အောင် တိုးများလာနေသော လူကြီးများသည် စိတ်ပြေလက်ပျောက်ဖြစ်ရန်၊ စိုးရိမ်ပူပန်မှုကို ဖြေရှင်းရန်၊ နိုးကြားနေရန်၊ ကိုယ်အလေးချိန်လျှော့ချရန် သို့မဟုတ် စိတ်တက်ကြွနေရန် ကြိုးပမ်းသည့်အနေနှင့် ဆရာဝန်၏ဆေးစာဖြင့်သာ သောက်ရမည့် ဆေးဝါးများကို တလွဲသုံးနေကြကြောင်း မှတ်တမ်းများက ဖော်ပြသည်။ အများဆုံး တလွဲသုံးစွဲလေ့ရှိသည့် ဆေးဝါးတချို့ကို အိမ်များ၌ တွေ့ရ၏၊ ယင်းတို့မှာ အကိုက်အခဲပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေးနှင့် စိတ်ဖြေဆေးတို့ဖြစ်သည်။ * တလွဲသုံးသည့်ဆေးဝါးများတွင် အိပ်ဆေး၊ ချွဲမြှေးကျုံ့ဆေးနှင့် ဓာတ်မတည့်မှုကို ပျောက်ကင်းစေသည့် ဆေးများကဲ့သို့သော ဆေးစာမပါသည့်ဆေးဝါးများလည်း ပါဝင်ပါသည်။

ယင်းပြဿနာသည် နေရာတကာတွင် ပျံ့နှံ့လျက်ရှိပြီး တိုးများလာနေပါသည်။ ဥပမာ၊ အာဖရိကဒေသတချို့၊ ဥရောပနှင့် တောင်အာရှတွင် ဆရာဝန်၏ဆေးစာဖြင့်သာ သုံးစွဲရသောဆေးဝါးများကို တလွဲသုံးခြင်းသည် တရားမဝင်ဆေးဝါးများကို တလွဲသုံးခြင်းထက် ကျော်လွန်နေသည်။ အမေရိကန်နိုင်ငံတွင် ဆရာဝန်၏ဆေးစာဖြင့်သာ သုံးစွဲရသောဆေးဝါးများကို တလွဲသုံးခြင်းသည် ဆေးခြောက်မှလွဲ၍ တားမြစ်ဆေးဝါးအားလုံးနီးပါးကို တလွဲသုံးခြင်းထက် ကျော်လွန်နေ၏။ မကြာသေးမီက သတင်းစာတစ်စောင်၏ဖော်ပြချက်အရ “ဆရာဝန်၏ဆေးစာဖြင့်သာ သုံးစွဲရမည့် ဆေးဝါးများကို တလွဲသုံးနေကြသည့်” အသက် ၁၂ နှစ်အရွယ်မှ အသက် ၁၇ နှစ်အရွယ်လူငယ်များသည် “ကိုကင်း၊ ဘိန်းဖြူနှင့် မက်သာဖီတမင်းဆေးဝါးများကို တလွဲသုံးနေသော” လူငယ်များထက် ပိုများသည်။ အမှန်မှာ ဝယ်လိုအား အလွန်မြင့်မားလာခြင်းကြောင့် ဆေးဝါးမှောင်ခိုရောင်းဝယ်သောလုပ်ငန်းများ ပေါ်ပေါက်လာခဲ့၏။

ဆရာဝန်၏ဆေးစာဖြင့်သာ သုံးစွဲရမည့် ဆေးဝါးဖြစ်စေ၊ တားမြစ်ဆေးဝါးဖြစ်စေ ယင်းတို့ကိုတလွဲသုံးခြင်းမှ သင်ကိုယ်တိုင်နှင့် သင့်သားသမီးများကို မည်သို့ကာကွယ်ပေးနိုင်သနည်း။ ယင်းမေးခွန်းကို နောက်ဆောင်းပါးများတွင် ဆန်းစစ်ထားပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 ဤဆောင်းပါးတွဲများတွင် အမည်များကို ပြောင်းထားပါသည်။

^ အပိုဒ်၊ 4 ဤဆောင်းပါးတွဲများတွင် ဆွေးနွေးထားသော မူများစွာသည် တားမြစ်ဆေးဝါးများ သုံးစွဲခြင်း၊ အရက်ယမကာတလွဲသုံးခြင်းတို့နှင့်လည်း သက်ဆိုင်ပါသည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

“ဆေးစွဲခြင်း၏လက္ခဏာများမှာ အာသာပြင်းပြင်း သုံးစွဲခြင်း၊ ဆေးကုသမှုအတွက်မဟုတ်ဘဲ သုံးစွဲခြင်း၊ အန္တရာယ်ရှိလင့်ကစား ဆက်လက်သုံးစွဲခြင်းတို့ဖြစ်သည်” ဟု စာအုပ်တစ်အုပ် (Physicians’ Desk Reference) ကဆို၏။ ချုပ်တည်းမှုမရှိခြင်းနှင့် ဆေးဝါးကိုအလွန်အမင်းစွဲလမ်းခြင်းတို့သည်လည်း ဆေးစွဲခြင်း၏လက္ခဏာများဖြစ်ကြ၏။ (လူနာတချို့သည် ဘိန်းပါသည့်ဆေးဝါးကဲ့သို့သော ဆရာဝန်ညွှန်းသည့်ဆေးဝါးတချို့ သုံးစွဲခြင်းကို ရပ်လိုက်သောအခါ ဆေးဖြတ် လက္ခဏာများ ခံစားကြရသည်။ ယင်းသည် သာမန် တုံ့ပြန်မှုဖြစ်ပြီး ဆေးစွဲခြင်းနှင့်မတူချေ။)

ဆေးမတိုးခြင်းက ဝေဒနာသက်သာစေရန် သောက်နေကျ ဆေးပမာဏထက် ပိုသောက်ဖို့လိုသည်ကို ဖော်ပြ၏။