ဖိစီးမှုဒဏ်ခံနေရသောကလေးများ
ဖိစီးမှုဒဏ်ခံနေရသောကလေးများ
▪ ဆရာမက အိမ်စာအကြောင်းမေးသောအခါ ရှစ်နှစ်အရွယ် ပါလိုက “ကျွန်တော့်မှာ အချိန်အလုံအလောက်မရှိဘူး။ ကျွန်တော်ပင်ပန်းနေတယ်” ဟုပြန်ပြောခဲ့သည်။ စပိန်မှ အိပ်ချင်မူးတူးဖြစ်နေသော ဤကလေးနည်းတူ ကလေးများစွာသည် ၁၂ နာရီကြာသော သို့မဟုတ် ထို့ထက်ပင် အချိန်ယူ၍လုပ်ရသော သင်ခန်းစာများ၊ အိမ်စာများဖြင့် လုံးပန်းနေရကာ မောပန်းနွမ်းနယ်စေသော နေ့ရက်ရှည်များကို ဖြတ်သန်းနေရသည်။ အဘယ်ကြောင့် ဤမျှ အချိန်ကြာရှည်ရသနည်း။
အချို့မိဘများသည် မိမိတို့အိမ်ပြန်မရောက်မချင်း ကလေးများကို အလုပ်များနေစေဖို့ ကျောင်းချိန်နောက်ပိုင်းလှုပ်ရှားမှုများတွင်ပါဝင်ရန် စာရင်းသွင်းထားကြသည်။ အချို့က မိမိတို့ကလေးများ ကျောင်းတွင် ထူးချွန်ရန်နှင့် အလုပ်အကိုင် ကောင်းကောင်းရရန် အချိန်ပြည့်ဇယားတစ်ခုချမှတ်ပေးပြီး ယင်းအတိုင်းလုပ်ရန် အတင်းအကျပ်ဖိအားပေးကြသည်။ ယင်းသို့ပြုလုပ်ရာတွင် တောင်ကိုရီးယားမှ မိဘများသည် မိမိတို့၏ဆယ်ကျော်သက်များအား အလွန်စည်းကမ်းတင်းကျပ်သောကျောင်းများသို့ ပို့ကာ တစ်ပတ်လျှင် ခုနစ်ရက် နွမ်းလျစေသောအချိန်ဇယားအတိုင်း လိုက်နာစေကြရာ တစ်ခါတစ်ရံ နံနက် ၇:၃၀ နာရီမှသန်းခေါင်အထိ သို့မဟုတ် သန်းခေါင်ကျော်အထိဖြစ်သည်။ “သူတို့၏ကလေးများ ထိပ်တန်းတက္ကသိုလ်များတွင် ဝင်ခွင့်ရရေးအတွက် အဘယ်အရာကိုမဆို လုပ်ဆောင်လိုကြသည်” ဟု နယူးယောက်တိုင်းမ်စ် ကဆို၏။
စပိန်ပတ်စဉ်မဂ္ဂဇင်း မူဟာဝှိုက် ကဤသို့ဖော်ပြသည်– “မိဘများသည် မိမိတို့၏ကလေးများအား ဖိအားပေးရခြင်းမှာ သူတို့ ကို အကောင်းဆုံးဖြစ်စေလိုကြ၍ဖြစ်သည်၊ သို့သော် သူတို့သည် ကလေးများထံမှ အလွန်အကျွံတောင်းဆိုကြ၏။” ကလေးများသည် မိဘများ၏မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် မရမနေလုပ်ဆောင်ကြမည်ဖြစ်ရာ ယင်းက သူတို့အတွက် ဖိစီးမှုဖြစ်နိုင်သည်။ “ကျွန်ုပ်တို့၏ လေ့လာတွေ့ ရှိချက်အရ လူငယ်များသည် မနိုင်ဝန်ထမ်းနေကြရသည်” ဟု စိုးရိမ်ပူပန်မှုနှင့် ဖိစီးမှုများကို လေ့လာသော စပိန်လူမှုအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်သူ အန်တိုနီရိုကာနိုကဆိုသည်။ အခွင့်အာဏာရှိသူနောက်တစ်ဦး၏ အဆိုအရ စပိန်နိုင်ငံရှိ အသက် ၁၅ နှစ်အောက်ကလေး ၄၀ ရာခိုင်နှုန်းသည် အလွန်အကျွံဖိစီးမှုဒဏ် ခံနေရသည်ဟုဆို၏။ ယင်းသို့သောဖိအားသည် လူငယ်များအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည်အထိ ဖြစ်သွားနိုင်၏။ ဥပမာ၊ တောင်ကိုရီးယား၌ “၁၀ နှစ်မှ ၁၉ နှစ်အကြား လူငယ်များသေဆုံးမှုတွင် သေကြောင်းကြံစည်မှုသည် ယာဉ်တိုက်မှုပြီးလျှင် ဒုတိယနှင့် အဖြစ်အများဆုံးဖြစ်သည်” ဟု နယူးယောက်တိုင်းမ်စ်ကဆို၏။
လူငယ်များသည် ကျောင်းတွင် စာကြိုးစားသင့်ပြီး မိဘများက ကလေးများအား အတတ်နိုင်ဆုံး ကူညီပေးသင့်သည်မှာ မှန်ပါသည်၊ အကြောင်းမှာ ထိုနှစ်များကို ပြန်ရနိုင်စရာအကြောင်းမရှိသောကြောင့်ဖြစ်သည်။ သို့သော် “ကလေးများသည် လူကြီးများမဟုတ်ကြပါ။ ရှည်လျား၍ပင်ပန်းသော နေ့ရက်များကို ကလေးများ မခံရပ်နိုင်ပါ” ဟုဆရာမတစ်ဦးဖြစ်သူ အီရီနာအာရီမဒစ်ကဆိုသည်။ ဤအချက်ကိုသတိပြုမိသည့် မေတ္တာရှိသောမိဘများသည် မိမိတို့ကလေးများအတွက် လုံလောက်သောအနားယူချိန်နှင့် အကျိုးပြုသောမိသားစုလုပ်ဆောင်မှုများရှိရန် သေချာစေကြသည်။ ဟန်ချက်ညီရန်လိုအပ်ကြောင်း ထောက်ပြကာ ပညာရှိဘုရင် ရှောလမုန် ဤသို့ရေးခဲ့သည်– “ငြိမ်သက်ခြင်းနှင့်ယှဉ်လျက် လက်တစ်ဆုပ်တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့်ယှဉ်လျက် လက်နှစ်ဖက်၌ပြည့်သောဥစ္စာထက် သာ၍ကောင်း၏။”—ဒေ. ၄:၆။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ကလေးများကြုံတွေ့နေရသော ဖိစီးမှုများအကြောင်း အသေးစိတ်ဆွေးနွေးမှုကို ဧပြီ ၂၀၀၉ နိုးလော့! ပါ “ကျောင်းတွင်းကျောင်းပြင် ဖိစီးမှု” ဆောင်းပါးတွဲကိုကြည့်ပါ။