မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် သင့်အား ချမ်းသာကြွယ်ဝစေလိုသလော

ဘုရားသခင်သည် သင့်အား ချမ်းသာကြွယ်ဝစေလိုသလော

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်သည် သင့်အား ချမ်းသာကြွယ်ဝစေလိုသလော

“ဘုရားသခင် ကျွန်တော့်ကို ပေးခဲ့တဲ့ နေ့သစ်တစ်နေ့ပဲ။ ကျွန်တော် ချမ်းသာတော့မယ်ဗျ။”

“ကျွန်တော် အရမ်းချမ်းသာချင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်နဲ့ ကောင်းကင်တမန်တွေက ကျွန်တော့်ကို အရမ်းချမ်းသာစေချင်ကြတယ်။”

“ဘုရားသခင်က ကျွန်တော်တို့ကို ဥစ္စာဓန ပေါများကြွယ်ဝ စေနိုင်တဲ့ အစွမ်းပေးထားတယ်။”

“[သမ္မာကျမ်းစာ] ကြောင့် ကျွန်တော် ကောင်းစားနေပါတယ်။”

အဆိုပါဖော်ပြချက်များက လူတစ်ဦး ရုပ်ပစ္စည်းချမ်းသာကြွယ်ဝခြင်းမှာ ဘုရားသခင် ကောင်းချီးပေးသောကြောင့်ဖြစ်သည်ဟူသော ဘာသာရေးအုပ်စုတချို့၏အမြင်ကို ထင်ဟပ်ဖော်ပြ၏။ သင့်အား ဘုရားသခင်လုပ်ဆောင်စေလိုသည့်အရာကို သင်လုပ်ဆောင်မည်ဆိုလျှင် သင်သည် ဘဝတွင် ရုပ်ပစ္စည်းကြွယ်ဝမည်ဖြစ်ကာ တမလွန်ဘဝတွင်လည်း ဆုချခံရမည်ဟု သူတို့ဟောပြောကြ၏။ ဤဘာသာရေးအယူဝါဒကို အလွန်နှစ်သက်ကြပြီး ယင်းအယူဝါဒကို အားပေးအားမြှောက်ပြုသည့် စာအုပ်များမှာ အရောင်းစွံလှ၏။ သို့သော် ဤ “ကြီးပွားချမ်းသာမှုဆိုင်ရာ ဘာသာရေးအယူဝါဒ” သည် သမ္မာကျမ်းစာနှင့် ညီညွတ်ပါသလော။

“ပျော်ရွှင်သောဘုရားသခင်” ဟုကျမ်းစာခေါ်ဆိုထားသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား ပျော်ရွှင်၍ အောင်မြင်သောဘဝကို ပိုင်ဆိုင်စေလိုတော်မူ၏။ (၁ တိမောသေ ၁:၁၁; ဆာလံ ၁:၁-၃) ထို့ပြင် ကိုယ်တော့်စိတ်တော်နှင့်တွေ့သောသူတို့ကို ကိုယ်တော်ကောင်းချီးပေးတော်မူ၏။ (သု. ၁၀:၂၂) သို့သော် ယနေ့ ကျွန်ုပ်တို့အတွက် အဆိုပါကောင်းချီးသည် ရုပ်ပစ္စည်းကြွယ်ဝမှုပုံစံတစ်မျိုးသာ ဖြစ်သလော။ ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်အညီ ကျွန်ုပ်တို့ အဘယ်အချိန်ပိုင်းတွင်ရောက်ရှိနေသည်ကို နားလည်သည့်အခါ အဖြေမှာ ထင်ရှားလာသည်။

ယခုအချိန်သည် ချမ်းသာကြွယ်ဝရန်အချိန်လော

ယေဟောဝါဘုရားသခင်သည် ရှေးအချိန်က မိမိ၏ကျေးကျွန်တချို့ကို ဥစ္စာပစ္စည်းများဖြင့် ကောင်းချီးပေးခဲ့သည်။ ယောဘနှင့် ဘုရင်ရှောလမုန်တို့သည် ပုံနမူနာကောင်းများဖြစ်ကြ၏။ (၃ ဓမ္မရာဇဝင် ၁၀:၂၃; ယောဘ ၄၂:၁၂) သို့သော် နှစ်ခြင်းဆရာယောဟန်နှင့် ယေရှုခရစ်အပါအဝင် ဘုရားသခင်ကိုကြောက်ရွံ့သော အခြားအမျိုးသားများတွင် ရုပ်ပစ္စည်းအနည်းငယ်သာရှိခဲ့ကြ၏။ (မာကု ၁:၆; လုကာ ၉:၅၈) အဘယ်ကြောင့်နည်း။ သမ္မာကျမ်းစာအရ ဘုရားသခင်သည် ယင်းအချိန်၌ သူတို့အတွက်ထားရှိသည့် မိမိ၏ရည်ရွယ်ချက်နှင့်အညီ သူတို့ကိုပြုမူဆက်ဆံတော်မူ၏။ (ဒေ. ၃:၁) အဆိုပါမူသည် ယနေ့ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။

ကျွန်ုပ်တို့သည် “လောကစနစ်နိဂုံးပိုင်း” သို့မဟုတ် လက်ရှိလောက၏ “နောက်ဆုံးသောနေ့ရက်များ” တွင်အသက်ရှင်နေကြောင်း ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြ၏။ ဤခေတ်ကာလကို စစ်မှု၊ ရောဂါ၊ အစာခေါင်းပါးမှု၊ မြေငလျင်နှင့် လူ့ဘောင်အဖွဲ့အစည်းပျက်ပြားမှုတို့က မှတ်သားဖော်ပြ၏၊ ယင်းအခြေအနေများသည် ၁၉၁၄ ခုနှစ်ကတည်းက လူသားတို့အပေါ် မကြုံစဖူးအတိုင်းအတာဖြင့် ထိခိုက်လျက်ရှိသည်။ (မဿဲ ၂၄:၃; ၂ တိမောသေ ၃:၁-၅; လုကာ ၂၁:၁၀၊ ၁၁; ဗျာ. ၆:၃-၈) အတိုချုပ်ပြောရလျှင် ဤလောကသည် နစ်မြုပ်တော့မည့် သင်္ဘောတစ်စင်းနှင့်တူပေသည်။ ထိုအဖြစ်မှန်များကိုထောက်ရှုသော် ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ပစ္စည်းဥစ္စာဖြင့် ကောင်းချီးပေးခြင်းက အဓိပ္ပာယ်ရှိသလော သို့မဟုတ် ကျွန်ုပ်တို့အတွက် ကိုယ်တော့်တွင် အခြားသော သာ၍အရေးကြီးသည့်အရာများ ရှိသလော။

ယေရှုခရစ်သည် ကျွန်ုပ်တို့၏ခေတ်ကာလကို နောဧခေတ်နှင့်နှိုင်းယှဉ်ခဲ့၏။ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။ အကြောင်းမူကား ရေမလွှမ်းမိုးမီ နောဧ သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ ထိမ်းမြားပေးစားလျက် နေကြ၏။ ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည့်နည်းတူ လူသားရောက်ရှိနေချိန်တွင် ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၃၇-၃၉) ထို့ပြင် ယေရှုသည် ကျွန်ုပ်တို့၏ခေတ်ကို လောတခေတ်နှင့်လည်း နှိုင်းယှဉ်ခဲ့၏။ သောဒုံမြို့နှင့် ဂေါမောရမြို့ရှိ လောတ၏အိမ်နီးချင်းများသည် ‘စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေကြ၏။’ “သို့သော် လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့် မီးမိုးရွာ၍ ထိုသူအပေါင်းတို့ ပျက်စီးလေ၏။ ထိုနည်းတူ လူသားပေါ်ထွန်းချိန်၌ ဖြစ်လိမ့်မည်” ဟုယေရှုထပ်ဆင့်မိန့်ဆိုခဲ့သည်။—လုကာ ၁၇:၂၈-၃၀

စားသောက်ခြင်း၊ ထိမ်းမြားခြင်း၊ ရောင်းဝယ်ခြင်းက ဘာမျှမမှားချေ။ သို့သော် ထိုအရာများတွင် လွန်စွာအာရုံနစ်နေခြင်းက ခေတ်ကာလ၏အရေးကြီးမှုကို ကျွန်ုပ်တို့အား သတိမမူမိစေသောကြောင့် အန္တရာယ်ရှိ၏။ ထို့ကြောင့် ‘ကျွန်ုပ်တို့၏ဘဝတွင် စိတ်ပျံ့လွင့်စရာများ ပြည့်နှက်နေမည့်အရာများဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင်ကောင်းချီးပေးမည်ဆိုလျှင် ကျွန်ုပ်တို့ကို ဘုရားသခင် ကျေးဇူးပြုခြင်းဖြစ်ပါမည်လော’ ဟု ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ * ယင်းနှင့်ဆန့်ကျင်စွာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အကျိုးယုတ်စေရန် ပြုလုပ်နေခြင်းဖြစ်ပါလိမ့်မည်။ ယင်းသည် မေတ္တာရှင်ဘုရားသခင်၏ နည်းလမ်းတော်မဟုတ်ချေ။—၁ တိမောသေ ၆:၁၇; ၁ ယောဟန် ၄:၈

အသက်ကယ်ရန်အချိန်

လူ့သမိုင်း၏ ဤခဲယဉ်းကျပ်တည်းသောအချိန်၌ ဘုရားသခင့်လူတို့တွင် အရေးတကြီးလုပ်ဆောင်ရမည့်အလုပ်တစ်ခု ရှိထားကြသည်။ ယေရှုက “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၁၄) ယေဟောဝါသက်သေများသည် ထိုစကားများကို အလွန်အလေးအနက်ထားကြပါသည်။ ယင်းကြောင့် သူတို့သည် အိမ်နီးချင်းများအား ဘုရားသခင့်နိုင်ငံတော်အကြောင်းနှင့် ထာဝရအသက်အတွက် ဘုရားသခင့်တောင်းဆိုချက်များကို သင်ယူရန် အားပေးကြ၏။—ယောဟန် ၁၇:၃

သို့သော် ဘုရားသခင်သည် မိမိ၏သစ္စာတည်ကြည်သောကျေးကျွန်များအား အလွန့်အလွန်ခြိုးခြံစွာကျင့်ကြံဖို့ မမျှော်လင့်ချေ။ ယင်းအစား ဘဝ၏အခြေခံလိုအပ်ရာများဖြင့် ကျေနပ်ရောင့်ရဲဖို့ ကိုယ်တော်အလိုရှိတော်မူ၏၊ သို့မှသာ သူတို့သည် ကိုယ်တော်၏အမှုတော်ကို အာရုံစိုက်နိုင်မည်ဖြစ်သည်။ (မဿဲ ၆:၃၃) တစ်ဖန် ကိုယ်တော်သည် သူတို့လိုအပ်သောအရာများကို ဖြည့်ဆည်းပေးပါလိမ့်မည်။ ဟေဗြဲ ၁၃:၅ ကဤသို့ဆို၏– “သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။ အကြောင်းမူကား [ဘုရားသခင်] က ‘ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား’ ဟုမိန့်တော်မူ၏။”

ဘုရားသခင်သည် စစ်မှန်သောဝတ်ပြုသူများဖြစ်ကြသည့် “လူအုပ်ကြီး” အား လက်ရှိအစီအစဉ်စနစ်ကို ကပ်ကျော်စေကာ ငြိမ်းချမ်းပြီး စစ်မှန်သောကြွယ်ဝမှုရှိသည့် ကမ္ဘာသစ်ထဲ ပို့ဆောင်သည့်အခါ ထူးခြားသောနည်းဖြင့် အဆိုပါစကားများကို ပြည့်စုံစေပါလိမ့်မည်။ (ဗျာ. ၇:၉၊ ၁၄) ယေရှုက “ငါမူကား [သစ္စာတည်ကြည်သော နောက်လိုက်များ] ကို အသက်ရစေရန်၊ အသက်တာ ကြွယ်ဝပြည့်စုံစေရန်လာ၏။” (ယောဟန် ၁၀:၁၀) ထို ‘ကြွယ်ဝပြည့်စုံသောအသက်တာ’ သည် လက်ရှိ ရုပ်ပစ္စည်းပေါများကြွယ်ဝသည့် အသက်တာကိုမဆိုလိုဘဲ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိ သာယာလှပသောပရဒိသုတွင် ရရှိမည့် အဆုံးမဲ့အသက်တာကို ရည်ညွှန်းပါသည်။—လုကာ ၂၃:၄၃

လူတစ်ဦးကို အမှန်တကယ် အရေးကြီးသောအရာမှ အာရုံလွဲသွားစေသည့် ကြီးပွားချမ်းသာမှုဆိုင်ရာ ဘာသာရေးအယူဝါဒ၏ လှည့်ဖြားမှုကိုခံခြင်းဖြင့် အရေးမကြီးသောအရာများတွင် နစ်မြုပ်မနေပါနှင့်။ ယင်းအစား ယေရှု၏ မေတ္တာပါပြီး အရေးကြီးသော ဤစကားများကို လိုက်လျှောက်ပါလေ– “သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ အကြောင်းမူကား ထိုနေ့ရက်သည် မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ် ထောင်ချောက်သဖွယ် ကျရောက်လိမ့်မည်။”—လုကာ ၂၁:၃၄၊ ၃၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ပထမရာစုတွင်ကဲ့သို့ ယနေ့ခေတ်တွင်လည်း သစ္စာရှိခရစ်ယာန်တချို့ ချမ်းသာကြွယ်ဝကြပါသည်။ သို့သော် မိမိတို့၏ငွေကြေးဥစ္စာတွင် မကိုးစားရန်၊ ယင်းတို့ကြောင့် စိတ်မပျံ့လွင့်ရန် သူတို့ကို ဘုရားသခင်သတိပေး၏။ (သု. ၁၁:၂၈; မာကု ၁၀:၂၅; ဗျာ. ၃:၁၇) ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အားလုံး ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို အဓိကထားသင့်ပေသည်။—လုကာ ၁၂:၃၁

သင်စဉ်းစားဖူးသလော

▪ ယခုအချိန်သည် အဘယ်အရာကို လုပ်ဆောင်ရမည့်အချိန်ဖြစ်သနည်း။—မဿဲ ၂၄:၁၄

▪ ကျွန်ုပ်တို့၏ခေတ်ကာလကို အဘယ်ကျမ်းစာဇာတ်ကောင်များ၏ ခေတ်ကာလများနှင့် ယေရှုနှိုင်းယှဉ်ခဲ့သနည်း။ —မဿဲ ၂၄:၃၇-၃၉; လုကာ ၁၇:၂၈-၃၀

▪ ထာဝရအသက်ကို ကျွန်ုပ်တို့ ရလိုလျှင် အဘယ်အရာကို ရှောင်ကြဉ်ရမည်နည်း။—လုကာ ၂၁:၃၄

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကြီးပွားချမ်းသာမှုဆိုင်ရာ ဘာသာရေးအယူဝါဒဟူသည် အမှန်တကယ်တွင် အာရုံလွဲစေသည့် အယူဝါဒဖြစ်