မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိန်းကလေးတွေ ဘာလို့ ငါ့ကို သဘောမကျကြတာလဲ

မိန်းကလေးတွေ ဘာလို့ ငါ့ကို သဘောမကျကြတာလဲ

လူငယ်များအမေး

မိန်းကလေးတွေ ဘာလို့ ငါ့ကို သဘောမကျကြတာလဲ

ကျွန်တော် သူ့ကို တကယ်သဘောကျတယ်။ ကျွန်တော်ပိုင်တဲ့ပစ္စည်းတွေ၊ သွားဖူးတဲ့နေရာတွေ၊ သိကျွမ်းတဲ့သူတွေနဲ့ပတ်သက်ပြီး သူ့ကို အားလုံးပြောပြခဲ့တယ်။ သူ ကျွန်တော်နဲ့ ချိန်းတွေ့မှာသေချာတယ်။

ကျွန်မ ထွက်ပြေးချင်စိတ်ပေါက်လာတယ်။ သူဒါတောင်မသိဘူးလား။ ရိုင်းရိုင်းစိုင်းစိုင်း မပြောဘဲ စကားဆက်ပြတ်အောင် ဘယ်လိုလုပ်ရမလဲ။

သင်သည် ချိန်းတွေ့နိုင်သည့်အရွယ် ရောက်နေပြီဖြစ်သည်။ သင်သည် ဆွဲဆောင်မှုရှိ၍ သင်နှင့်ဘာသာရေးယုံကြည်ချက်တူသူ တစ်ဦးဦးနှင့် တွေ့လိုပေမည်။ (၁ ကောရိန္သု ၇:၃၉) သို့သော်၊ ယခင်က သင်သည် ဆက်ဆံရေးတစ်ခုကို အစပြုဖို့ ကြိုးစားလိုက်တိုင်း လုံးဝမအောင်မြင်ဟု သင်ခံစားခဲ့ရ၏။

သင်သည် မိန်းကလေးတစ်ဦးကို ကောင်းစွာသိကျွမ်းလိုလျှင် အဘယ်အချက်များကို ထည့်သွင်းသုံးသပ်ရမည်နည်း။ အဘယ်ကျမ်းစာမူများကို သတိရသင့်သနည်း။

ဦးဆုံးလုပ်ရမည့်အရာ

သင်နှစ်သက်သည့်မိန်းကလေးနှင့် ခင်မင်ရင်းနှီးဖို့မကြိုးစားမီ သင်တတ်မြောက်ရန်လိုအပ်သော အခြေခံစွမ်းရည်တချို့ရှိပါသည်၊ ယင်းတို့က တစ်ဦးတစ်ယောက်နှင့် မိတ်ဆွေဖြစ်ဖို့ သင့်အား ကူညီပေးပါလိမ့်မည်။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။

▪ အမူအကျင့်ကောင်းများကို ပြုစုပျိုးထောင်ပါ။ သမ္မာကျမ်းစာက ‘မေတ္တာသည် မလျောက်ပတ်စွာ မကျင့်တတ်’ ဟုဆိုသည်။ (၁ ကောရိန္သု ၁၃:၅) သင်သည် အခြားသူများကို လေးစားကြောင်း၊ ခရစ်တော်တွင်ရှိသော ကိုယ်ရည်ကိုယ်သွေးကို တုပနေကြောင်း အမူအကျင့်ကောင်းများက ဖော်ပြသည်။ သို့သော်၊ အမူအကျင့်ကောင်းများသည် အခြားသူများအထင်ကြီးစေရန် ဝတ်ဆင်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ချွတ်ပစ်လိုက်သော ဝတ်စုံတစ်စုံနှင့် မတူပါ။ ‘ကျွန်ုပ်သည် မိသားစုဝင်များနှင့်ဆက်ဆံရာတွင် အမူအကျင့်ကောင်းများကို တင်ပြပါသလော’ ဟု သင့်ကိုယ်သင်မေးပါ။ အကယ်၍ သင်သည် သင့်မိသားစုဝင်မဟုတ်သူများနှင့် ဆက်ဆံသောအခါ အမူအကျင့်ကောင်းတို့ကိုပြသသော်လည်း သင့်မိသားစုတွင် မပြသလျှင် သဘာဝကျမည်မဟုတ်ပါ။ သင်သည် အမှန်တကယ်အားဖြင့် မည်သို့သောလူစားမျိုးဖြစ်သည်ကို သိရှိရန် ဝေဖန်ပိုင်းခြားတတ်သော မိန်းကလေးတစ်ဦးသည် သင့်မိသားစုဝင်များနှင့် သင့်ဆက်ဆံပုံအား စောင့်ကြည့်မည်ဖြစ်သည်ကို သတိရပါ။—ဧဖက် ၆:၁၊ ၂

မိန်းကလေးများပြောဆိုရာ– “ကျွန်မအတွက် တံခါးဖွင့်ပေးတာမျိုး အသေးအဖွဲကိစ္စတွေမှာသာမက ကျွန်မကိုရော ကျွန်မရဲ့မိသားစုကိုပါ ကြင်နာပြီး ထောက်ထားစာနာတတ်တာမျိုး ကြီးမားတဲ့ကိစ္စတွေမှာပါ အမူအကျင့်ကောင်းတင်ပြတဲ့ ယောက်ျားလေးတစ်ယောက်ဟာ အရမ်းဆွဲဆောင်မှုရှိတယ်။”—တီနာ၊ ၂၀ နှစ်။ *

“စတွေ့ရုံရှိသေးတယ်၊ သူက ‘ချိန်းတွေ့မလား၊’ ‘မင်းရဲ့ပန်းတိုင်တွေက ဘာတွေလဲ’ ဆိုတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေးတဲ့အခါ ကျွန်မလုံးဝငြင်းလိုက်တယ်။ အဲဒီလိုမေးတာဟာ ရိုင်းပြီး ကျွန်မကို အနေရခက်စေတယ်။”—ကေသီ၊ ၁၉ နှစ်။

တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းရှိခြင်းသည် အခြားသူများကိုသာမက သင့်ကိုယ်သင်လည်း လေးစားမှုရှိကြောင်း ပြသရာရောက်သည်။ (မဿဲ ၇:၁၂) သင့်ကိုယ်သင်လေးစားပါက အခြားသူများလည်း သင့်ကို ပို၍လေးစားဖွယ်ရှိသည်။ အခြားတစ်ဖက်တွင်မူ၊ သင်သည် တစ်ကိုယ်ရေသန့်ရှင်းမှုကို လျစ်လျူရှုပါက မိန်းကလေးတစ်ဦး၏ အထင်ကြီးမှုကိုရယူရန် သင်ကြိုးစားနေသည်ကို ထိခိုက်သွားပါလိမ့်မည်။

မိန်းကလေးများပြောဆိုရာ– “ကျွန်မကို စိတ်ဝင်စားတဲ့ကောင်လေးက ခံတွင်းနံ့အရမ်းဆိုးတယ်။ အဲဒါကို ဘယ်လိုမှလျစ်လျူမရှုနိုင်တဲ့အတွက် ကျွန်မ အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်။”—ကယ်လီ၊ ၂၄ နှစ်။

▪ စကားစမြည်ပြောဆိုနိုင်စွမ်းကို ပြုစုပျိုးထောင်ပါ။ တည်မြဲသော ဆက်ဆံရေးတစ်ခု၏အခြေခံမှာ ကောင်းစွာဆက်သွယ်ပြောဆိုခြင်းဖြစ်သည်။ ယင်းတွင် သင်စိတ်ဝင်စားရာများကိုသာမက သင့်သူငယ်ချင်း၏ စိတ်ဝင်စားရာများကိုလည်း ဆွေးနွေးတိုင်ပင်ခြင်းပါဝင်သည်။—ဖိလိပ္ပိ ၂:၃၊ ၄

မိန်းကလေးများပြောဆိုရာ– “ယောက်ျားလေးတစ်ယောက်ဟာ ကျွန်မနဲ့ ပင်ကိုအတိုင်း စကားစမြည်ပြောနိုင်တယ်၊ ကျွန်မ သူ့ကိုပြောခဲ့တဲ့ကိစ္စတွေကို သူပြန်မှတ်မိပြီး စကားဆက်ပြောစေနိုင်တဲ့ မေးခွန်းတွေမေးတယ်ဆိုရင် ကျွန်မ သူ့ကိုအထင်ကြီးတယ်။”—ခရစ္စတင်း၊ ၂၀ နှစ်။

“ယောက်ျားလေးတွေက သူတို့မြင်ရတဲ့အရာတွေနဲ့ ဆွဲဆောင်ခံရပေမဲ့ မိန်းကလေးတွေကျတော့ သူတို့ကြားရတဲ့အရာတွေနဲ့ ပိုပြီးဆွဲဆောင်ခံရတယ်လို့ ကျွန်မထင်တယ်။”—လော်ရာ၊ ၂၂ နှစ်။

“လက်ဆောင်ပေးတာ အရမ်းနှစ်သက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ယောက်ျားလေးတစ်ယောက်ဟာ ကောင်းကောင်း စကားအပြန်အလှန်ပြောနိုင်တယ်၊ သင့်ကို နှစ်သိမ့်ပြီး အားပေးနိုင်တယ်ဆိုရင် . . . အဲဒါက ဆွဲဆောင်မှုဖြစ်စေတယ်။”—အေမီ၊ ၂၁ နှစ်။

“ဟာသဉာဏ်ရှိပေမဲ့လည်း ပိုပြီးအရေးကြီးတဲ့ကိစ္စတွေကို ဟန်ဆောင်ခြင်းမရှိဘဲ ပြောတတ်တဲ့သူတစ်ဦးဦးကို ကျွန်မ ကောင်းကောင်းသိကျွမ်းချင်တယ်။”—ကယ်လီ၊ ၂၄ နှစ်။

အထက်ဖော်ပြပါအကြံပြုချက်များကို လက်တွေ့ကျင့်သုံးခြင်းက မိတ်ကောင်းဆွေကောင်းများဖြင့် ပျော်မွေ့ရန် သင့်ကို အထောက်အကူပြုပါလိမ့်မည်။ သို့သော်၊ သင်သည် မိန်းကလေးတစ်ဦးနှင့် လေးနက်သောဆက်ဆံရေးကို အစပြုဖို့ အသင့်ဖြစ်နေပြီဟု ခံစားရသည်နှင့် သင် အဘယ်အရာပြုလုပ်သင့်သနည်း။

ထပ်ဆင့်ခြေလှမ်း

▪ အစပြုလုပ်ဆောင်ပါ။ သင်နှစ်သက်မြတ်နိုးသော မိတ်ဆွေတစ်ဦးကို အိမ်ထောင်ဖက်ကောင်းတစ်ဦး ဖြစ်နိုင်သည်ဟု သင်ယူမှတ်လျှင် သူ့ကိုစိတ်ဝင်စားနေကြောင်း အသိပေးပါလေ။ သင့်ခံစားချက်များကို ပြောပြရာတွင် ရှင်းရှင်းလင်းလင်းဖြင့် ရိုးသားဖြောင့်မတ်မှုရှိပါ။ ယင်းသို့ပြုလုပ်ရန် အလွန်ခက်ခဲနိုင်ပါသည်။ အငြင်းခံရမည်ကို သင်ကြောက်သည်။ သို့သော်၊ အစပြုလုပ်ဆောင်လိုစိတ်ရှိနေခြင်းက သင်သည် အရွယ်ရောက်၍ ရင့်ကျက်လာပြီဟူသည့် အမှတ်လက္ခဏာတစ်ခုဖြစ်သည်။

မိန်းကလေးများပြောဆိုရာ– “စိတ်ထဲမှာ ဘာရှိလဲဆိုတာ ကျွန်မ,မသိနိုင်ဘူး။ ဒါကြောင့် တစ်ယောက်ယောက်က ကျွန်မကို ပိုပြီးသိကျွမ်းချင်တယ်ဆိုရင် သူဟာ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ကျွန်မကို လာပြောပြဖို့လိုတယ်။”—နီနာ၊ ၂၃ နှစ်။

“အကယ်၍ သင်တို့ဟာ အချိန်တော်တော်ကြာတဲ့အထိ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်ဆိုရင် အနေရခက်တဲ့ အပြောင်းအလဲတစ်ခုဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မကို တစ်ယောက်ယောက်က သူငယ်ချင်းအဆင့်ထက် ပိုပြီးသိကျွမ်းချင်တယ်လို့ ရိုးရိုးသားသားပြောလာခဲ့ရင် ကျွန်မ သူ့ကိုလေးစားတယ်။”—ဟယ်လင်၊ ၂၅ နှစ်။

မိန်းကလေး၏ဆုံးဖြတ်ချက်ကို လေးစားပါ။ သင့်သူငယ်ချင်းသည် သင်နှင့် နောက်တစ်ဆင့်တက်ရန် ဆန္ဒမရှိဟု ပြောသည်ဆိုလျှင် အသို့နည်း။ သူ့နှလုံးသားကို သူသိကြောင်း၊ သူတကယ်ပြောနေခြင်းဖြစ်ကြောင်း ယုံကြည်လက်ခံခြင်းဖြင့် သူ့ကို လေးစားကြောင်းပြပါ။ အကယ်၍ သင်သည် နောက်တစ်ဆင့်တက်လိုကြောင်း သူ့အား ဆက်လက်တောင်းဆိုနေသည်ဆိုလျှင် သင်သည် မရင့်ကျက်သေးကြောင်း ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။ အမှန်မှာ၊ မိန်းကလေးတစ်ဦး၏ ပြတ်သားသော ငြင်းပယ်မှုကို သင်လျစ်လျူရှုလျှင်၊ သူငြင်းပယ်သည်ကို ဒေါသပင် ထွက်လာလျှင် သင်သည် သူ့အကျိုးကို အမှန်တကယ် စဉ်းစားပေးနေခြင်းလော၊ သို့မဟုတ် သင့်ကိုယ်ကျိုးအတွက် စဉ်းစားနေခြင်းလော။—၁ ကောရိန္သု ၁၃:၁၁

မိန်းကလေးများပြောဆိုရာ– “ကျွန်မ ကောင်လေးတစ်ယောက်ကို ပြတ်ပြတ်သားသားငြင်းလိုက်ပေမဲ့ သူက ဆက်ကြိုးစားနေတော့ ကျွန်မ ဒေါသထွက်လာတယ်။”—ကောလင်း၊ ၂၀ နှစ်။

“ကျွန်မ ကောင်လေးတစ်ယောက်ကို စိတ်မဝင်စားဘူးလို့ ရှင်းပြခဲ့ပေမဲ့ ကျွန်မရဲ့ဖုန်းနံပါတ်ကို သူ မရမကလိုက်တောင်းတယ်။ ကျွန်မ ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်ချင်တယ်။ အမှန်တော့ သူ့ရဲ့ခံစားချက်တွေကို သတ္တိရှိရှိနဲ့ပြောပြဖို့ သူ့အတွက် မလွယ်ကူတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူ့ကိုခပ်ပြတ်ပြတ်ပဲ ကျွန်မငြင်းလိုက်ရတယ်။”—စာရာ၊ ၂၃ နှစ်။

ရှောင်သင့်သည့်အရာ

လူငယ်အချို့သည် မိန်းကလေးများအား သူတို့ကိုကြိုက်လာအောင် ကြိုးစားရသည်မှာ အခက်အခဲမရှိကြောင်း ခံစားကြရသည်။ သူတို့သည် မိမိတို့၏ရွယ်တူချင်းများကြားတွင် မိန်းကလေးအများစု၏ အာရုံစိုက်မှုကို မည်သူရယူနိုင်သည်ကို ယှဉ်ပြိုင်မှုများပင် ပြုလုပ်ကြပေမည်။ သို့သော်၊ ယင်းသို့သော ယှဉ်ပြိုင်မှုများသည် ရက်စက်ရာကျပြီး သင့်ကို နာမည်ပျက်စေပါလိမ့်မည်။ (သု. ၂၀:၁၁) သင်သည် အောက်ဖော်ပြရာများကို လုပ်ဆောင်ပါက ထိုသို့သောအကျိုးဆက်ကို ရှောင်ရှားနိုင်ပါသည်။

ပရောပရည်မလုပ်ပါနှင့်။ ပရောပရည်လုပ်သူတစ်ဦးသည် မြှောက်ပင့်သည့်အသုံးအနှုန်းများနှင့် လိင်စိတ်နှိုးဆွပေးသော အမူအရာများကို အသုံးပြုသည်။ သူသည် ဂုဏ်အသရေရှိရှိ ချစ်ကြိုက်ရန် မရည်ရွယ်ပါ။ ထိုသို့သော အပြုအမူများနှင့် သဘောထားများသည် “ငယ်ရွယ်သောအမျိုးသမီးတို့ကို နှမများကဲ့သို့လည်းကောင်း ရိုးသားဖြူစင်စွာ ဆက်ဆံလော့” ဟူသည့် ကျမ်းစာသွန်သင်ချက်ကို လျစ်လျူရှုသည်။ (၁ တိမောသေ ၅:၂) ပရောပရည်လုပ်သူများသည် မိတ်ဆွေသူငယ်ချင်းနည်းပါးပြီး အိမ်ထောင်ဖက်များကို ပို၍စိတ်ထိခိုက်စေသည်။ ပိုင်းခြားဝေဖန်တတ်သော မိန်းကလေးများသည် ယင်းအချက်ကိုသိသည်။

မိန်းကလေးများပြောဆိုရာ– “တစ်ယောက်ယောက်က သင့်ကို မြှောက်ပင့်ပြောဆိုပေမဲ့ အဲဒီလူကပဲ လွန်ခဲ့တဲ့လက သင့်သူငယ်ချင်းကို အဲဒီလိုပြောခဲ့တာကို သင်သိသွားတယ်ဆိုရင် ဒါဟာ အရမ်းရုပ်ဆိုးတယ်လို့ ကျွန်မယူဆတယ်။”—ဟယ်လင်၊ ၂၅ နှစ်။

“တစ်ခါတုန်းက ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက် ကျွန်မကို ပရောပရည်လာလုပ်တယ်၊ သူ့အကြောင်းချည်းပဲ လာပြောတယ်။ နောက်ကောင်မလေးတစ်ယောက် ကျွန်မတို့အုပ်စုထဲရောက်လာရော သူ့ကိုလည်း အဲဒီလိုပဲလုပ်တယ်။ အဲဒီနောက် တတိယမြောက်တစ်ယောက်ကိုလည်း အဲဒီအတိုင်းပဲ။ ကြည့်ရဆိုးလိုက်တာ။”—တီနာ၊ ၂၀ နှစ်။

မိန်းကလေးတစ်ဦး၏ခံစားချက်ကို မကစားပါနှင့်။ လိင်တူသူနှင့် မိတ်ဖွဲသည့်ပုံစံအတိုင်း လိင်ခြားသူနှင့် မိတ်ဖွဲ့နိုင်သည်ဟု မယူမှတ်ပါနှင့်။ အဘယ်ကြောင့်နည်း။ စဉ်းစားကြည့်ပါ– သင့်ယောက်ျားလေးသူငယ်ချင်းတစ်ဦးကို ဝတ်စုံသစ်ဖြင့်ကြည့်ကောင်းသည်ဟု သူ့ကိုပြောလျှင် သို့မဟုတ် သူနှင့် ပုံမှန်စကားပြောလျှင်၊ သူ့ကို ရင်ဖွင့်သည်ဆိုလျှင် သင် သူ့ကို ကြိုက်နေသည်ဟု ထိုသူငယ်ချင်းက ယူဆမည်မဟုတ်ပါ။ သို့သော်၊ သင်သည် မိန်းကလေးတစ်ဦးကို သူ့ရုပ်ရည်နှင့်ပတ်သက်၍ ချီးမွမ်းသည်ဆိုလျှင် သို့မဟုတ် သူနှင့်ပုံမှန်စကားပြောသည်ဆိုလျှင်၊ သူ့အား ရင်ဖွင့်သည်ဆိုလျှင် သင် သူ့ကိုသဘောကျနေသည်ဟု ထိုမိန်းကလေးက ယူဆသွားနိုင်သည်။

မိန်းကလေးများပြောဆိုရာ– “ယောက်ျားလေးတွေဟာ သူတို့ယောက်ျားလေးအချင်းချင်း ဆက်ဆံတဲ့ပုံစံအတိုင်း မိန်းကလေးတွေကို ဆက်ဆံလို့မရဘူးဆိုတာကို သူတို့နားမလည်ဘူးလို့ ကျွန်မထင်တယ်။”—ရှယ်ရယ်လ်၊ ၂၆ နှစ်။

“ယောက်ျားလေးတစ်ယောက်ဟာ ကျွန်မရဲ့ဖုန်းနံပါတ်ကို ရသွားပြီးတဲ့နောက် ကျွန်မရဲ့ဖုန်းထဲကို သူ့စာတွေဝင်လာတယ်။ ရည်ရွယ်ချက်ကဘာလဲ။ တစ်ခါတလေ သင်တို့ဟာ ဖုန်းနဲ့စာအပြန်အလှန်ပို့ပြီး ခင်မင်သွားနိုင်တယ်၊ သံယောဇဉ်တွယ်သွားနိုင်တယ်။ ဒါပေမဲ့ ဖုန်းထဲမှာ ဘယ်လောက်များ စာတွေပို့ပြီး အပြန်အလှန်စကားပြောနိုင်လို့လဲ။”—မော်လရီ၊ ၁၉ နှစ်။

“အထူးသဖြင့် ယောက်ျားလေးတစ်ယောက်ဟာ ဂရုစိုက်တတ်ပြီး စကားပြောလို့ကောင်းတယ်ဆိုရင် သူ့ကို မိန်းကလေးတစ်ယောက်က အလွယ်တကူစွဲလမ်းသွားနိုင်တယ်ဆိုတာ ယောက်ျားလေးတွေ နားမလည်ဘူးလို့ ကျွန်မထင်တယ်။ ဒါဟာ မိန်းကလေးဘက်က အရူးအမူးဖြစ်နေတာမဟုတ်ဘူး။ မိန်းကလေးအများစုဟာ ချစ်ချင်ကြပြီး သူတို့နဲ့သင့်တော်မယ့်သူကို အမြဲလိုလို ရှာဖွေနေတတ်ကြတယ်။”—အလာဆန်၊ ၂၅ နှစ်။

လက်တွေ့ကျပါ

မိန်းကလေးအားလုံး သင့်ကို သဘောကျကြလိမ့်မည်ဟု ထင်မှတ်ခြင်းမှာ လက်တွေ့မကျသည့်အပြင် တစ်ကိုယ်ကောင်းပင်ဆန်သည်။ သို့သော်၊ သင်သည် ဤအချက်ကို သတိရမည်ဆိုလျှင် သင့်ကို အချို့သူတို့ နှစ်သက်ကြပါလိမ့်မည်– သင့်ကိုယ်ရည်ကိုယ်သွေးသည် အပြင်ပန်းအသွင်အပြင်ထက် ပို၍အရေးကြီးသည်။ သမ္မာကျမ်းစာက “စရိုက်သစ်” ကို ပြုစုပျိုးထောင်ဖို့ အလေးပေးသည်ကို အံ့ဩစရာမလိုပါ။—ဧဖက် ၄:၂၄

၂၁ နှစ်အရွယ် ကိတ်က ထိုအကြောင်းကို ဤသို့အကျဉ်းချုပ်၍ဖော်ပြသည်– “မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ သူတို့အကြိုက် ဝတ်ပြရမယ်၊ သူတို့အကြိုက် နေပြရမယ်လို့ ယောက်ျားလေးတွေက ထင်ကြတယ်။ အဲဒါဟာ အတိုင်းအတာတစ်ခုအထိမှန်ပေမဲ့ မိန်းကလေးအတော်များများကို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ပိုပြီးဆွဲဆောင်တယ်လို့ ကျွန်မထင်တယ်။”

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့ နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 နာမည်များပြောင်းထားသည်။

ချင့်တွေးစရာ

▪ သင်သည် သင့်ကိုယ်သင် လေးစားကြောင်း မည်သို့ ပြသနိုင်သနည်း။

▪ သင်သည် မိန်းကလေးတစ်ဦး၏ အတွေးအခေါ်နှင့် ခံစားချက်များကို လေးစားကြောင်း မည်သို့ ပြသနိုင်သနည်း။

[စာမျက်နှာ ၁၅ မှ ပုံစာ]

အမူအကျင့်ကောင်းများသည် အခြားသူများအထင်ကြီးစေရန် ဝတ်ဆင်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ချွတ်ပစ်လိုက်သည့် ဝတ်စုံတစ်စုံနှင့် မတူ