မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘများ—သင်တို့၏သားသမီးများကို ကာကွယ်ပေးပါ

မိဘများ—သင်တို့၏သားသမီးများကို ကာကွယ်ပေးပါ

မိဘများ—သင်တို့၏သားသမီးများကို ကာကွယ်ပေးပါ

စိုးရိမ်တတ်သော မိဘများက “ဆေးခိုးသောက်တဲ့ကလေးတွေ ဘာကြောင့် များများလာနေတာလဲ” ဟုမေးခြင်းမှာ သင့်လျော်ပါသည်။ ယင်းမေးခွန်းအတွက် အဖြေအမျိုးမျိုးပေးခဲ့ကြ၏။ လူငယ်တချို့သည် စိတ်လှုပ်ရှားမှုရလိုသောကြောင့် သုံးစွဲကြ၏။ အချို့သူတို့မူ စာကို ပို၍ထိထိရောက်ရောက် လေ့လာနိုင်ရန် သို့မဟုတ် ပြဿနာကို မေ့ပစ်ရန် ဆေးသောက်ဖို့လိုသည်ဟု ခံစားရသဖြင့် သုံးစွဲကြသည်။ အခြားသူတို့မူကား ကာယပိုင်း သို့မဟုတ် စိတ်လှုပ်ရှားမှုပိုင်းတွင် ဝေဒနာခံစားနေရဖွယ်ရှိပြီး သက်သာရာရလိုသောကြောင့် သုံးစွဲကြသည်။ အမှန်မှာ အသက် ၁၂ နှစ်အရွယ် ကလေးများသည် ဆရာဝန်၏ဆေးစာဖြင့် သောက်သုံးရမည့် ဆေးဝါးများကို တလွဲသုံးလာနေကြသည်၊ ယင်းဆေးဝါးများကို ဝက်ဘ်ဆိုက်တစ်ခုခုမှ မှာယူကြခြင်းဖြစ်နိုင်ပြီး ဝက်ဘ်ဆိုက်များကလည်း မှာယူသောသူကို စုံစမ်းမေးမြန်းခြင်း မပြုကြချေ။ ကလေးတချို့သည် ဆေးများကို မိတ်ဆွေဟု ဆိုသောသူတို့ထံမှ ဝယ်ယူခဲ့ကြသည်။ သင်သည် မိဘတစ်ဦးဖြစ်ပါက သင့်သားသမီးများကို ကာကွယ်ပေးရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

လုပ်ဆောင်နိုင်သောအရာတစ်ခုမှာ ဆရာဝန်၏ဆေးစာဖြင့် သုံးစွဲရသောဆေး သို့မဟုတ် တားမြစ်ထားသောဆေးသုံးစွဲခြင်း၏ အန္တရာယ်များကို သူတို့အား ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဖြစ်သည်။ ထို့ပြင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သောက်ရမည့် ဆေးဝါးများကို လုံခြုံသောနေရာတွင် သိမ်းဆည်းထားပါ၊ ဆေးသေတ္တာကိုသော့ခတ်ခြင်းပင် ပြုလုပ်ရပေမည်။ အိမ်တွင် မည်သည့်ဆေးဝါးများရှိပြီး မည်မျှသုံးစွဲသည်ကို ကြပ်မတ်ပါ။ အသုံးမလိုတော့သည့် ဆေးဝါးရှိလျှင် သေသေချာချာ လွှင့်ပစ်လိုက်ပါ။ ဆယ်ကျော်သက်တစ်ဦးသည် ချောင်းဆိုးပျောက်သွားသော်လည်း ဆက်သောက်နေဆဲဖြစ်ပါက ယင်းနှင့်ပတ်သက်၍ ၎င်းအား မေးမြန်းပါ။ နောက်ဆုံး ၎င်း၏အပေါင်းအသင်းများ၊ အသွင်အပြင်၊ အပြုအမူတို့တွင် မည်သည့်အပြောင်းအလဲများကိုမဆို သတိပြုပါ သို့မဟုတ် ကျောင်းတွင် ရုတ်တရက် အဆင့်ကျသွားမသွားကို သတိပြုပါ။

ကလေးတစ်ဦး ဆေးဝါးတစ်မျိုးမျိုးကို တလွဲသုံးလျှင်

သင့်ကလေးသည် ဆေးဝါးတစ်မျိုးမျိုးကို တလွဲသုံးနေလျှင် သို့မဟုတ် ယင်းသို့သုံးစွဲနေသည်ဟု သင်သံသယဝင်လျှင် သင် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ သင်စိုးရိမ်နေကြောင်း သင့်ကလေးနှင့်ဆွေးနွေးပြောဆိုဖို့လို၏၊ ယင်းကို မေတ္တာပါပြီး ကြင်နာစွာ ဆွေးနွေးပြောဆိုပါ။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်” ဟုသမ္မာကျမ်းစာကဆို၏။ (သု. ၂၀:၅) ဆေးဝါးတစ်မျိုးမျိုးသုံးစွဲနေသည်ဟု သံသယရှိသော ကလေးတစ်ဦး၏နှုတ်မှ အမှန်အတိုင်းပြောထွက်လာစေရန် ပြုလုပ်ခြင်းသည် ဆွေးမြည့်နေသောကြိုးဖြင့် ရေငင်နေသည်နှင့်တူပေမည်။ သင်သည် အပြစ်တင်သည့်လေသံဖြင့် သို့မဟုတ် စိတ်ဆိုးဆိုးဖြင့် ကြိုးကို ဆောင့်ဆွဲမည်ဆိုပါက ဆက်သွယ်ရေးကြိုး ပြတ်တောက်သွားပေမည်။ သင့်တွင် ပန်းတိုင်နှစ်ခုရှိကြောင်း သတိရပါ။ ပထမတစ်ခုမှာ ကလေး၌ပြဿနာရှိနေမနေကို သိအောင်ပြုလုပ်ခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ပြဿနာရှိနေပါက အကြောင်းရင်းကို သိအောင်ပြုလုပ်ခြင်းဖြစ်သည်။ ထိုအကြောင်းရင်းများတွင် အောက်ပါအကြောင်းရင်းတစ်ခု သို့မဟုတ် ထိုထက်မက ပါဝင်လေ့ရှိသည်။

မကောင်းသောအပေါင်းအသင်းများနှင့် ရွယ်တူချင်းဖိအား။ “လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏” ဟု ၁ ကောရိန္သု ၁၅:၃၃ ကဆို၏။ ထို့ကြောင့် ပညာရှိသောမိဘများသည် အတော်အတန် ဩဇာညောင်းနိုင်သည့် မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်း၏အန္တရာယ်ကို သားသမီးများသိရှိရန် ကူညီပေးမည်ဖြစ်သည်။ လက်တွေ့ကျကျ လုပ်ဆောင်သည့်အနေနှင့် ထိုသို့သောမိဘများသည် အကျိုးပြုသည့်အပေါင်းအသင်းများကို ရွေးချယ်ရန် သားသမီးများကို ကူညီပေးပါမည်။ (သု. ၁၃:၂၀) မိဘများအနေနှင့် သင်တို့သည် အကျိုးပြုသောအပေါင်းအသင်းများကို အိမ်တွင် သို့မဟုတ် မိသားစုလိုက်ပျော်ပွဲစားထွက်ရာတွင် ဖိတ်ခေါ်နိုင်ပါသည်။

စိတ်ဖိစီးမှု။ ယနေ့ခေတ်တွင် အောင်မြင်ရန်ဟူသော ဖိအားသည် ပြင်းထန်နေပြီး မိဘများအနေနှင့် တစ်ခါတစ်ရံ သားသမီးများကို အတင်းအကျပ်တွန်းအားပေးခြင်းဖြင့် ပြဿနာကို ပိုဆိုးစေကြသည်။ * သင့်သားသမီးများ၏ အားသာချက်နှင့် အားနည်းချက်များကို သင်သတိပြုမိပါသလော။ သူတို့လေးများအတွက် အကျိုးသင့်အကြောင်းသင့်ရှိသော ပန်းတိုင်များချပေးပြီး ယင်းပန်းတိုင်များကို လိုက်မီရန် သူတို့ကို ကူညီပေးပါသလော။ ကလေး၏စိတ်ဓာတ်ကို ကြေမွစေနိုင်ပြီး စိတ်ဓာတ်ကျဆင်းစေနိုင်သည့် ချိုးနှိမ်သော နှိုင်းယှဉ်မှုများပြုလုပ်ခြင်းကို လုံးလုံးရှောင်ကြဉ်ပါသလော။ ကလေးများသည် ၎င်းတို့တောင့်တနေသော အသိအမှတ်ပြုခံရမှုနှင့် ချစ်ခင်တွယ်တာမှုကို အိမ်တွင် မရရှိပါက အခြားတစ်နေရာရာသို့ ဦးလှည့်သွားမည်မှာ သေချာပါသည်။ ပညာရှိသောမိဘများသည် အိမ်တွင် သားသမီးများနှင့်အတူ ကျမ်းစာဖတ်ရှုလေ့လာခြင်းဖြင့် ဝတ်ပြုရေးကိုအဓိကထားသော ဝန်းကျင်ဖြစ်အောင်လည်း ကြိုးစားကြသည်။ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” ဟုယေရှုခရစ်မိန့်ဆိုခဲ့သည်။—မဿဲ ၅:၃

အပြုအမူပိုင်းဆိုင်ရာ ကန့်သတ်ချက်များမရှိခြင်း။ လူငယ်တချို့ ဆေးဝါးသုံးစွဲရခြင်းမှာ မိဘများက ၎င်းတို့အား အလိုလိုက်ထားသောကြောင့်ဖြစ်၏။ “ပေါက်လွတ်ထားသော သူငယ်မူကား အမိကို အရှက်ခွဲတတ်၏” ဟု နယပုံပြင် ၂၉:၁၅ (သမ္မာ) ကဆို၏။ အဖြစ်မှန်မှာ ရှင်းလင်းပြတ်သားသော အပြုအမူပိုင်းဆိုင်ရာ ကန့်သတ်ချက်များသည် မိမိတို့ကို ပို၍လုံခြုံမှုရှိစေပြီး ပို၍အချစ်ခံရသည်ဟု ခံစားရစေသောကြောင့် သားသမီးများသည် ယင်းတို့ကို လေးမြတ်တန်ဖိုးထားကြသည်၊ ယင်းတို့နှင့်ပတ်သက်၍ သူတို့ ညည်းညူလျှင်ပင်ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာက မိဘများအား သားသမီးများအတွက် အကျိုးသင့်အကြောင်းသင့်ရှိသော လမ်းညွှန်ချက်များချမှတ်ပြီး ပုံသက်သေကောင်းပြရန် အားပေးသည်။ (ဧဖက် ၆:၄) ထို့ပြင် လိုအပ်လာလျှင် တစ်သမတ်တည်းဖြစ်ရန်နှင့် ခိုင်မာပြတ်သားရန် ကျမ်းစာက အားပေး၏။ “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။”—ယာကုပ် ၅:၁၂

သင့်ကလေးတွင် ဆေးဝါးသုံးစွဲသည့်ပြဿနာရှိနေကြောင်း သင်သိပါက ယင်းကိစ္စကို ကျန်းမာရေးပညာရှင်တစ်ဦးနှင့်ဆွေးနွေးခြင်းသည် ပညာရှိရာရောက်ပေမည်။ ဆေးစွဲနေသည်ကိုဖြတ်ရန် အခက်အခဲရှိနိုင်သည့်အတွက် ကျွမ်းကျင်သူများထံ လမ်းညွှန်ချက်တောင်းခံဖို့လိုပေမည်။ ထို့ပြင် သင့်မိသားစုသည် ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်အဝင်ဖြစ်ပါက ဒေသခံအကြီးအကဲများ၏ ထောက်မမှုကို ရှာယူသင့်သည်။ (ယာကုပ် ၅:၁၃-၁၆) ဘုရားသခင်ရေးရာအရည်အသွေးများရှိသူတို့သည် အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပေးမည့် ကျမ်းစာမူများကို ကျင့်သုံးဖို့ သင့်အား ကူညီပေးပါလိမ့်မည်။

နောက်ဆောင်းပါးတွင် ထပ်ဆင့်မူတချို့ကို သုံးသပ်မည်ဖြစ်ပြီး များစွာသာလွန်ကောင်းမွန်သော အနာဂတ်အတွက် ကျွန်ုပ်တို့ရရှိနိုင်သည့် ထူးမြတ်သောမျှော်လင့်ချက်အကြောင်းကိုလည်း ဆွေးနွေးပါမည်။

[အောက်ခြေမှတ်ချက်]

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း ဉာဏ်ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။”—သု. ၂၀:၅

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အန္တရာယ်ကြုံနေသော ဆယ်ကျော်သက်များ၏ သတိပေးလက္ခဏာများ

▪ ဆေးဝါး သို့မဟုတ် အရက်ကို တလွဲအသုံးပြုခဲ့သည့် မိသားစုဝင်တစ်ဦးဦးရှိခြင်း

▪ စိတ်ဓာတ်ကျခြင်း သို့မဟုတ် သိမ်ငယ်ခြင်း

▪ လူဝင်မဆံ့၊ လူအများ၏နှစ်သက်မှုကိုမခံရဟု ခံစားရခြင်း

▪ မကြာခဏပင် ထိုင်းမှိုင်းလေးလံသည်ဟု ခံစားရခြင်း၊ အိပ်ပျော်ရခက်ခြင်း

▪ အခွင့်အာဏာရှိသူများကို ရန်လို၍ ပုန်ကန်လိုသည့်သဘောထားရှိခြင်း *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 Teen Help အွန်လိုင်းမဂ္ဂဇင်းမှ သတင်းအချက်အလက်များကို အခြေပြုထားသည်။