မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာမှတ်တမ်းကို ထောက်ခံသည့် ပြေစာတစ်စောင်

သမ္မာကျမ်းစာမှတ်တမ်းကို ထောက်ခံသည့် ပြေစာတစ်စောင်

သမ္မာကျမ်းစာမှတ်တမ်းကို ထောက်ခံသည့် ပြေစာတစ်စောင်

▪ ၁၈၇၀ ပြည့်လွန်နှစ်များတွင် မျက်မှောက်ခေတ် အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့အနီး၌ နှစ်လက်မအကျယ်ရှိသော ရွှံ့စေးပြားတစ်ချပ်ကို တူးဖော်တွေ့ ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မိုက်ကယ်ယူဆာသည် ဗြိတိသျှပြတိုက်တွင် သုတေသနပြုလုပ်နေစဉ် ထိုရွှံ့စေးပြားကို အမှတ်မထင်တွေ့သွားသည်။ ယူဆာသည် သမ္မာကျမ်းစာထဲမှ ယေရမိ ၃၉:၃ * တွင် ဖော်ပြထားသော ဗာဗုလုန်အရာရှိတစ်ဦး၏အမည်ဖြစ်သည့် နေဗော–စာသခိမ် (ဗာဗုလုန်ပုံစံဖြင့် နာဗူ-ရှာရူစူ-ယူကန်) ကို သတိပြုမိခဲ့သည်။

နေဗော-စာသခိမ်သည် ဘီစီအီး ၆၀၇ တွင် ယေရုရှလင်ကိုဖျက်ဆီးချိန်၌ ဘုရင်နေဗုခဒ်နေဇာ၏ အုပ်ချုပ်သူအရာရှိများထဲမှ တစ်ဦးဖြစ်ပြီး ရွှံ့စေးပြားအရ သူသည် “မိန်းမစိုးအုပ်” ဖြစ်သည်။ ထို့ပြင်၊ မိန်းမစိုးအုပ်ဟူသော ဘွဲ့အမည်ကို မည်သည့်အချိန်တွင်မဆို လူတစ်ဦးကိုသာပေးခြင်းက ယခုဆွေးနွေးနေသော စာသခိမ်သည် ကျမ်းစာ၌ဖော်ပြထားသူပင်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားဖြစ်သည်။

ထိုရွှံ့စေးပြားတွင် ဗာဗုလုန်တို့၏အဓိကနတ်ဘုရားဖြစ်သော မားဒွတ်ခ် သို့မဟုတ် မေရောဒပ်၏ဘုရားကျောင်းသို့ နေဗော-စာသခိမ် ပေးပို့သော ရွှေတန်ဆာတစ်ခုအကြောင်း မှတ်တမ်းတင်ထားပြီး ထိုနတ်ဘုရား၏အမည်ကို ကျမ်းစာ၌လည်း ဖော်ပြထားသည်။ (ယေရမိ ၅၀:၂) ထိုပြေစာကို နေဗုခဒ်နေဇာ၏အုပ်စိုးရာကာလ ၁၀ နှစ်မြောက် ၁၁ လပိုင်း ၁၈ ရက်နေ့ ရက်စွဲတပ်ထားသည်။ သို့သော်၊ ထိုပေးပို့သော ရွှေတန်ဆာသည် နှစ်များစွာကြာပြီးနောက်မှဖြစ်သော ယေရုရှလင်မြို့ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းနှင့် ပတ်သက်မှုမရှိခဲ့ပါ။ (၄ ဓမ္မရာဇဝင် ၂၅:၈-၁၀၊ ၁၃-၁၅) သို့သော် “ဗာဗုလုန်နတ်ဘုရားကျောင်းကို နေ့စဉ်ငွေပေးခဲ့တဲ့ ကျမ်းစာထဲက လူတစ်ယောက်နဲ့ တိကျတဲ့ရက်စွဲကို ကိုးကားထားတဲ့ ဒီလိုရွှံ့ပြားမျိုးနဲ့တူတဲ့ အရာတစ်ခုခုကိုတွေ့ရတာ တကယ့်ကိုထူးခြားတယ်” ဟုပါမောက္ခ ယူဆာက ပြောခဲ့သည်။ မျက်မှောက်ခေတ် သမ္မာကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသန၌ အထင်ရှားဆုံး ရှာဖွေတွေ့ ရှိမှုများထဲမှတစ်ခုဟုခေါ်သော ထိုရွှံ့စေးပြားသည် “သမိုင်းဝင်စာစောင်များပါဝင်သော ဓမ္မဟောင်းကျမ်းမှာ အဖြစ်မှန်ပေါ်တွင် အခြေခံသည်ဟူသည့် ရှုမြင်ချက်ကို ထောက်ခံသည်” ဟု ဗြိတိန်နိုင်ငံမှ သတင်းစာတစ်စောင် (Telegraph) ကဆိုသည်။

သို့သော်၊ သမ္မာကျမ်းစာ၏တိကျမှန်ကန်မှုသည် ရှေးဟောင်းသုတေသနပေါ်တွင် မူမတည်ပါ။ ပို၍အစွမ်းထက်သော သက်သေအထောက်အထားကို သမ္မာကျမ်းစာကိုယ်နှိုက်တွင်ပင် ရှာတွေ့နိုင်သည်၊ အထူးသဖြင့် ပရောဖက်ပြုချက်များတွင်ဖြစ်သည်။ (၂ ပေတရု ၁:၂၁) ဥပမာ၊ ယေရုရှလင်မြို့မှ အဖိုးတန်ဘဏ္ဍာများ “ဗာဗုလုန်မြို့သို့ယူသွား” ခြင်းခံရမည်ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်သည် ပရောဖက်ဟေရှာယအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ကြိုဟောခဲ့သည်။ (ဟေရှာယ ၃၉:၆၊ ၇) အလားတူ၊ ပရောဖက်ယေရမိအားဖြင့် ဘုရားသခင် ဤသို့ကြိုဟောခဲ့သည်– “ဤမြို့ [ယေရုရှလင်] ၏ အစွမ်းသတ္တိရှိသမျှကို . . . ရန်သူလက်သို့ငါအပ်သဖြင့် ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။”—ယေရမိ ၂၀:၄၊ ၅

နေဗော-စာသခိမ်သည် ထိုရန်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံရာတွင် မျက်မြင်သက်သေတစ်ဦးလည်းဖြစ်သည်။ အမှန်တကယ်တွင် သူသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူသည် ထိုပြည့်စုံချက်၌ ပါဝင်ပတ်သက်ခဲ့၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဟေဗြဲမက်စိုရက်တစ်ကျမ်းရှိ စာသားအဖြတ်အတောက်ကိုလိုက်၍ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ ယေရမိ ၃၉:၃ တွင်ဤသို့ဖတ်ရသည်– “သံဂါနေဗော၊ စာသခိမ်၊ ရာဗသာရိတ်”။ သို့သော် ဗျည်းအက္ခရာသုံး ဟေဗြဲကျမ်းစာသားကို ဤသို့ ဖော်ပြနိုင်ပါသည်– “သံဂါ၊ နေဗော-စာသခိမ် ရာဗသာရိတ် [သို့မဟုတ်၊ မိန်းမစိုးအုပ်]”၊ ယင်းသည် ကျူနီဖောင်းကျောက်ပြားနှင့် ကိုက်ညီသည်။

[Picture Credit Line on page 11]

Copyright The Trustees of the British Museum