မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

▪ “ကျွန်ုပ်တို့သည် အလွန်ကြီးမားသောအန္တရာယ် [ဂျော်ဂျီယာရှိ နိုင်ငံရေးအကျပ်အတည်း] ကို ရင်ဆိုင် နေရသည်။ . . . ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး အပျိုစင်မာရိက [ကျွန်ုပ်တို့ကို] ကာကွယ်ပေးနေသည်၊ သို့သော် ဩသဒေါက်စ် ရုရှားများသည် ဩသဒေါက်စ် ဂျော်ဂျီယာများကို ဗုံးကြဲတိုက်ခိုက်နေကြသည့်ကိစ္စကမူ ကျွန်ုပ်တို့ကို အလွန်စိုးရိမ်ပူပန်စေသည်။”—GEORGIAN CATHOLICOS PATRIARCH ILLIA II.

▪ “နာမည်ကြီး လွန်ပြီးသန္ဓေတားဆေး (morning-after pill) ဖြစ်သော အရေးပေါ်သန္ဓေတားဆေးများနှင့်ပတ်သက်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် လွန်ခဲ့သည့် ခြောက်လတွင် သုံးဆပိုများလာခဲ့သည်၊ [ထို့ပြင်] ရောင်းချမှုများသည်လည်း ၂၀၀၄ ခုနှစ်မှစ၍ ၂၀၀% ကျော် တိုးများလာခဲ့သည်။ . . . ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ရန် ဖုန်းခေါ်ဆိုမှုများသည် တနင်္လာနေ့တွင် ပိုများသည်။ ဖုန်းခေါ်ဆိုသူအများစုမှာ လူငယ်များဖြစ်ကြသည်။”—CLARÍN အာဂျင်တီးနား။

▪ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်ကြားရှိ အမေရိကန်လူမျိုး ဆဲလ်ဖုန်းအသုံးပြုသူတိုင်းသည် “[၂၀၀၈ ခုနှစ်၏] ဧပြီ၊ မေနှင့် ဇွန်လတို့၌ တစ်လလျှင် ပျမ်းမျှအားဖြင့် စာပေါင်း ၁,၇၄၂ စောင်ကို ပေးပို့ သို့မဟုတ် လက်ခံရရှိကြသည်။”—THE NEW YORK TIMES အမေရိကန်။

▪ “ကမ္ဘာ့လူဦးရေ၏ ၁၂% နီးပါးသည် စိတ်ဝေဒနာ ခံစားနေရသည်။”—WORLD FEDERATION FOR MENTAL HEALTH အမေရိကန်။

▪ “ခန့်မှန်းခြေအားဖြင့် ဥရောပမှ အရွယ်ရောက်ပြီးသူ ငါးဦးလျှင်တစ်ဦးသည် ၎င်းတို့အသက်တာ၏ တစ်ချိန်ချိန်တွင် ဆေးခြောက်သုံးစွဲခဲ့ကြသည်။”—EUROPEAN MONITORING CENTRE FOR DRUGS AND DRUG ADDICTION ပေါ်တူဂီ။

ကျမ်းဆိုင်ရာနာမည် တူးဖော်တွေ့ရှိခဲ့

ဂျေရုဆလင်၏ ရှေးခေတ်ဒါဝိဒ်မြို့တော်တွင် တူးဖော်နေကြသော ရှေးဟောင်းသုတေသနပညာရှင်များသည် “ပါရှုရသား ဂေဒလိ” ဟူသည့် နာမည်ပါရှိသော နှစ်ပေါင်း ၂,၆၀၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ရွှံ့စေးတံဆိပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ “ရှေလမိသား ယေဟုကလ” ကဲ့သို့ပင် ဂေဒလိကို သမ္မာကျမ်းစာထဲမှ ယေရမိ ၃၈:၃ တွင် ဖော်ပြထား၏၊ ယေဟုကလဟူသည့်အမည်ကို ၂၀၀၅ ခုနှစ်၌ ထိုနေရာရှိ ရွှံ့စေးတံဆိပ်တစ်ခုတွင် တွေ့ရှိခဲ့ကြသည်။ ထိုသူနှစ်ဦးစလုံးသည် ဘုရင်ဇေဒကိ၏ တရားရုံးမှအရာရှိများဖြစ်ကြသည်။ ဂျေရုဆလင်ပို့စ်တွင် ဤသို့ဖော်ပြထားသည်– “သမ္မာကျမ်းစာ၏ အခန်းငယ်တစ်ခုတည်းတွင်ပါသော ကျမ်းဆိုင်ရာနာမည်နှစ်ခု၏ ရွှံ့စေးတံဆိပ်နှစ်ခုကို တစ်နေရာတည်းတွင် တူးဖော်တွေ့ရှိခဲ့ခြင်းသည် အစ္စရေးလူမျိုးတို့၏ ရှေးဟောင်းသုတေသနသမိုင်းဝင်မှတ်တမ်းများတွင် ဦးဆုံးအကြိမ်ဖြစ်သည်။”

ရာဇဝတ်မှုကို ဆန့်ကျင်ရာတွင်သုံးသော နည်းပညာ

နယူးယောက်ရဲဌာနသည် မြို့သားများထံမှ အရေးကြီးဆုံးဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သည်။ နည်းပညာတိုးတက်မှုကြောင့် မကြာသေးမီက ဖုန်းမှတစ်ဆင့် စာပို့ခြင်း (text message) ဖြင့် ရဲများနှင့်ဆက်သွယ်နိုင်ခဲ့သည်။ “ယခုအခါ မြို့သားများအား သူတို့၏ဆဲလ်ဖုန်းများကိုသုံးကာ ကျူးလွန်နေသော ရာဇဝတ်မှုများကို ဗီဒီယိုရိုက်ပြီး ယင်းကို ရဲဌာနသို့ပို့ပေးရန် တိုက်တွန်းထားသည်” ဟု နယူးယောက်တိုင်းမ်ကဆိုသည်။ “ရာဇဝတ်မှုနှင့်ဆိုင်သော သတင်းအချက်အလက်များကို ရရှိသည်နှင့်တစ်ပြိုင်နက် ပြန်ကြားပေးသောရဲဌာနသည် ရာဇဝတ်မှုဖြစ်ပျက်နေသောနေရာရှိ ကင်းလှည့်ရဲကားအားလုံးထံ ဓာတ်ပုံများပေးပို့နိုင်ရန်” လည်း အရေးတယူလုပ်ဆောင်လျက်ရှိကြောင်း ထိုသတင်းစာတွင် ဖော်ပြထား၏။

မိမိတို့ကိုယ်ကို မှတ်မိသော သပိတ်လွယ်ငှက်များ

“ချင်ပန်ဇီမျောက်များ၊ လင်းပိုင်များနှင့် ဆင်များသာလျှင် လူသားများကဲ့သို့ မှန်ထဲတွင် မိမိတို့၏ခန္ဓာကိုယ်ကို မှတ်မိနိုင်စွမ်းရှိကြောင်း ယူမှတ်ခဲ့ကြသည်” ဟု ဝက်ဘ်ဆိုက်တစ်ခု (Reuters) တွင်ဖော်ပြထားသည်။ သတ္တဝါအနည်းငယ်သာ ထိုစွမ်းရည်ရှိသည်ဟု အများအားဖြင့် ယူမှတ်ထားကြသော်လည်း ယခုအခါ ဥရောပနှင့်အာရှနေ သပိတ်လွယ်ငှက်များတွင်လည်း အလားတူစွမ်းရည်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ သုတေသီများသည် သပိတ်လွယ်ငှက်များ၏ကိုယ်ခန္ဓာတွင် မှန်ထဲတွင်သာ ထိုငှက်များတွေ့နိုင်သည့် ဆေးရောင်အစက်တစ်စက်ကို အမှတ်အသားလုပ်ခဲ့သည်။ “ငှက်များသည် သူတို့၏ကိုယ်ခန္ဓာမှ အမှတ်အသားကို မကြာခဏဆိုသလို ကုတ်ခြစ်ကြခြင်းဖြင့် မှန်ထဲတွင်ရှိသည့်ပုံရိပ်မှာ တခြားတိရစ္ဆာန်တစ်ကောင်မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်ဖြစ်သည်ကို မှတ်မိကြောင်း သက်သေပြခဲ့ကြသည်” ဟု မှတ်တမ်းတွင်ဖော်ပြထားသည်။