မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်

ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်

ကိုယ်ဝန်ဖျက်ချခြင်း—ပြဿနာကင်းသော ဖြေရှင်းနည်းမဟုတ်

ကိုယ်ဝန်ဖျက်ချခြင်းသည် လူသတ်မှုတမျှ ကြီးလေးသောအပြစ်တစ်ခုဖြစ်ကြောင်း ယူမှတ်သူအဖြစ် ဘီလ် ကြီးပြင်းလာခဲ့သည်။ သို့သော် ၁၉၇၅ ခုနှစ်တွင် ဆယ်စုနှစ်များစွာ အခိုင်အမာစွဲကိုင်လာခဲ့သည့် ၎င်း၏သဘောထားက ကိုယ်ရေးကိုယ်တာကိစ္စနှင့် ပတ်သက်လာသောအခါ ပျော့ပျောင်းသွားခဲ့၏။ မိမိ၏ရည်းစားဖြစ်သူ ဗစ်တိုးရီးယားတွင် ကိုယ်ဝန်ရှိလာကာ ဘီလ်သည် အိမ်ထောင်တာဝန်နှင့် ဖခင်တာဝန်ကို မယူလိုခဲ့ချေ။ “ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်တဲ့နည်းကို ကျွန်တော် မြန်မြန်ပဲ ရွေးချယ်လိုက်ပြီး ဗစ်တိုးရီးယားကို ကိုယ်ဝန်ဖျက်ချလိုက်ဖို့ပြောခဲ့တယ်” ဟုဘီလ်ဝန်ခံခဲ့သည်။

မမျှော်လင့်ဘဲရလာသည့် မလိုချင်သောကိုယ်ဝန်အတွက် အလွယ်တကူဖြေရှင်းနည်းဟု ဘီလ်ခေါ်ဆိုခဲ့သော ဖြေရှင်းနည်းမှာ အဆန်းမဟုတ်တော့ချေ။ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ တမင်တကာ ကိုယ်ဝန်ဖျက်ချမှုပေါင်း ၄၂ သန်းခန့်ရှိကြောင်း ၂၀၀၇ ခုနှစ် ကမ္ဘာချီလေ့လာမှုတစ်ရပ်က ဖော်ပြခဲ့သည်။ ကိုယ်ဝန်ဖျက်ချခဲ့ကြသည့် အမျိုးသမီးများသည် လူမျိုးအသီးသီး၊ နိုင်ငံအသီးသီး၊ ဘာသာရေးနောက်ခံအသီးသီး၊ ဝင်ငွေပမာဏ၊ ပညာရည်အဆင့်အတန်းနှင့် အသက်အရွယ်အသီးသီးမှ ဖြစ်ကြ၏။ သင်၌ မလိုချင်သောကိုယ်ဝန်ရလာပါက သင် အဘယ်အရာပြုလုပ်မည်နည်း။ ကိုယ်ဝန်ဖျက်ချဖို့ရွေးချယ်ကြသူ အဘယ်ကြောင့် ဤမျှများပြားရသနည်း။

‘ကျွန်မမြင်မြင်သမျှထဲမှာ ရွေးချယ်စရာဆိုလို့ ဒီတစ်နည်းပဲရှိတယ်’

“ကျွန်မ ခက်ခက်ခဲခဲ ကိုယ်ဝန်ဆောင်ခဲ့ရပြီး ခက်ခက်ခဲခဲ ကလေးမွေးခဲ့ရတယ်။ ငွေရေးကြေးရေးနဲ့ မိသားစုဖိစီးမှုတွေကလည်း တစ်ပုံကြီးပဲ။ ကလေးမွေးပြီးလို့ ခြောက်ပတ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ရလာပြန်တယ်။ ဒါနဲ့ ကျွန်မတို့ ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုလုပ်တာ မှားတယ်ဆိုတာ ကျွန်မသိပေမဲ့လည်း ကျွန်မမြင်မြင်သမျှထဲမှာ ရွေးချယ်စရာဆိုလို့ ဒီတစ်နည်းပဲရှိတယ်” ဟုအသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ရှင်းပြခဲ့သည်။

အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ဖျက်ချခဲ့ကြသည်။ ယင်းတို့မှာ ငွေရေးကြေးရေးပြဿနာမှစ၍ တာဝန်မယူလိုသည့် အမျိုးသားနှင့် ဆက်ဆံရေးပျက်ပြားသွားခြင်း၊ ဖြစ်နိုင်ဖွယ်ရာမှာ မတော်မတရားပြုခံရခြင်းအထိပင် ဖြစ်သည်။ သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီး သို့မဟုတ် ဇနီးမောင်နှံ၏စီမံကိန်းများနှင့် အံမဝင်ခြင်းမျှသာ ဖြစ်ပေမည်။

တစ်ခါတစ်ရံတွင် ဂုဏ်သိက္ခာကိုကာကွယ်ဖို့ ကိုယ်ဝန်ဖျက်ချရန် ရွေးချယ်ကြသည်။ ယင်းသို့သောကိစ္စသည် မှန်ကန်ကြောင်း ဒေါက်တာ စူဇန်ဝစ်ခ်လန်က ၎င်း၏စာအုပ် (This Common Secret—My Journey as an Abortion Doctor) တွင် ဖော်ပြထား၏။ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခဲ့သည့် ၎င်း၏လူနာတစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ကျွန်မရဲ့မိဘတွေက ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့သူတွေပါ။ . . . ကျွန်မလက်မထပ်ဘဲ ကလေးရလာမယ်ဆိုရင် သူတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ သူတို့ရဲ့သမီးတော့ အပြစ်ကျူးလွန်ခဲ့ပြီလို့ သူတို့ရဲ့မိတ်ဆွေတွေက ပြောကြလိမ့်မယ်။”

ထို့နောက် ဒေါက်တာဝစ်ခ်လန်က ဤသို့မေးမြန်းခဲ့သည်– “ကောင်းပြီ၊ သူတို့ရဲ့အမြင်မှာတော့ မင်းဟာ အပြစ်ကျူးလွန်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချတာနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကကော။” ယင်းမိန်းကလေးက ဤသို့ဖွင့်ပြောခဲ့သည်– “ကိုယ်ဝန်ဖျက်ချတာ၊ ဒါဟာ လုံးဝခွင့်မလွှတ်နိုင်တဲ့အရာပဲ။ ဒါပေမဲ့ ဒါက လျှို့ဝှက်ကိစ္စဖြစ်တဲ့အတွက် ဖျက်ချလိုက်တာက ပိုကောင်းလိမ့်မယ်။ ကျွန်မ ကိုယ်ဝန်ဖျက်ချလိုက်မယ်ဆိုရင် ချာ့ခ်ျက [ကျွန်မမိဘတွေရဲ့] မိတ်ဆွေတွေ ဘယ်တော့မှ သိမှာမဟုတ်ဘူး။”

အခြေအနေမည်သို့ပင်ရှိပါစေ အများအားဖြင့် တမင်တကာ ကိုယ်ဝန်ဖျက်ချရန်ဆုံးဖြတ်ခြင်းသည် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ချေ။ ယင်းသည် အလွန်အမင်း စိတ်ဒုက္ခခံရလေ့ရှိ၏။ သို့သော် ကိုယ်ဝန်ဖျက်ချခြင်းသည် ပြဿနာကင်းသည့် ဖြေရှင်းနည်းလော။

အကျိုးဆက်များကို သုံးသပ်ပါ

ကိုယ်ဝန်ဖျက်ချရန် တိုက်တွန်းခံခဲ့ရသည့် အမေရိကန်အမျိုးသမီး ၂၁၇ ဦးနှင့် ရုရှားအမျိုးသမီး ၃၃၁ ဦး တို့နှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်လေ့လာမှုတစ်ရပ်က အုပ်စုနှစ်စုမှ ထက်ဝက်ခန့်သည် ကိုယ်ဝန်ဖျက်ချပြီးနောက် စိတ်ထိခိုက်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ရုရှားအမျိုးသမီး ၅၀ ရာခိုင်နှုန်းနီးပါးနှင့် အမေရိကန်အမျိုးသမီး ၈၀ ရာခိုင်နှုန်းနီးပါးသည် ကိုယ်ဝန်ဖျက်ချခြင်းနှင့်ပတ်သက်၍ “အပြစ်” ရှိကြောင်း ခံစားခဲ့ရသည်။ အမေရိကန်အမျိုးသမီး ၆၀ ရာခိုင်နှုန်းကျော်သည် ‘သူတို့ကိုယ်သူတို့ ခွင့်မလွှတ်နိုင်အောင်’ ဖြစ်ခဲ့ရသည်။ ကိုယ်ဝန်ဖျက်ချခဲ့ကြသည့် အမျိုးသမီးများစွာ၊ ထိုအထဲတွင် မိမိတို့ကိုယ်ကို ဘာသာတရားမရှိသူများအဖြစ် ယူမှတ်ကြသူများပင် အပြစ်ရှိသည်ဟူ၍ ခံစားနေကြရာ အမျိုးသမီးငယ်များစွာသည် အဘယ်ကြောင့် ကိုယ်ဝန်ဖျက်ချနေဆဲဖြစ်သနည်း။

သူတို့သည် ကိုယ်ဝန်ဖျက်ချရန် အပြင်းအထန် ဖိအားပေးခံရလေ့ရှိ၏။ မိဘများ၊ အဖော်အဖက်၊ သို့မဟုတ် စိတ်ရင်းကောင်းသောမိတ်ဆွေများက အဆိုးထဲမှ အကောင်းဆုံးအဖြစ် ကိုယ်ဝန်ဖျက်ချရန် အားပေးပေမည်။ ယင်းက အသိပညာအလုံအလောက်မရှိဘဲ အလျင်စလို ဆုံးဖြတ်ချက်ချမိစေနိုင်သည်။ “စိတ်ဖိစီးစေတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးဆုံးသွားတဲ့နောက် အမျိုးသမီးတွေရဲ့ စဉ်းစားတွေးခေါ်ပုံဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေမဲ့ အပြစ်ရှိခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်းဆိုတဲ့ သိသာတဲ့ ခံစားချက်တွေ ဖြစ်ပေါ်ခံစားနေရတတ်တယ်” ဟုကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စိတ်ကျန်းမာရေးအန္တရာယ်များနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ပရက်စီလာ ကိုးလ်မန်က ရှင်းပြခဲ့သည်။

ယင်းသို့နောင်တရခြင်းသည် ဤမေးခွန်းအပေါ် မူတည်လေ့ရှိ၏– ကိုယ်ဝန်ဖျက်ချခြင်းသည် တည်ရှိပြီးသားအသက်ကို အဆုံးသတ်လိုက်ခြင်းလော။ ကိုယ်ဝန်ဖျက်ချဖို့စဉ်းစားနေကြသော ကိုယ်ဝန်ဆောင်အမျိုးသမီးများစွာသည် “ ‘အသားစ’ တစ်စကို ဖယ်ရှားလိုက်ခြင်းသာဖြစ်သည်ဟူသော ယူဆချက်ဖြင့် လှည့်စားခံနေရကာ သူတို့အား အမှန်အတိုင်း ပြောပြမည်ဆိုပါက သူတို့ ကိုယ်ဝန်ဖျက်ချခဲ့မည်မဟုတ်ဟူ၍ ပြောပြကြမည်” ဖြစ်ကြောင်း အဖွဲ့တစ်ဖွဲ့ (the South Dakota Task Force to Study Abortion) မှထုတ်ပြန်သောသတင်းတစ်ပုဒ်တွင် ကောက်ချက်ချထားသည်။

“ကိုယ်ဝန်ဖျက်ချခဲ့သည့် အမျိုးသမီး ၁,၉၄၀ ဦးနှင့်ပတ်သက်၍ အံ့အားသင့်စရာကောင်းပြီး အလွန်ဝမ်းနည်းစရာကောင်းသော သက်သေသာဓက” ကိုလေ့လာအကဲဖြတ်ပြီးနောက် အဆိုပါလေ့လာမှုက ဤသို့ကောက်ချက်ချခဲ့၏– “တစ်ခါမျှမတည်ရှိခဲ့ဟု ပြောပြခံခဲ့ရသည့်ကလေးကို ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းပူဆွေးမှုက အဆိုပါအမျိုးသမီးများစွာကို ဒေါသထွက်စေခဲ့သည်။” ထို့အပြင် “မိမိ၏ကလေးကို သတ်မိပြီဟူသောအသိကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှာ မခံနိုင်လောက်အောင် ဆိုးဝါးလေ့ရှိသည်” ဟုအဆိုပါလေ့လာမှုက ဖော်ပြခဲ့၏။

သို့သော် အမှန်တရားကား အဘယ်နည်း။ ကိုယ်ဝန်ဖျက်ချခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကိုယ်ခန္ဓာထဲမှ အသားစတချို့ကို ဖယ်ရှားလိုက်ခြင်းသာလော။ သားအိမ်ထဲရှိ မမွေးသေးသောကလေးတစ်ဦးသည် အမှန်တကယ်ပင် အသက်ရှင်နေသော လူသားတစ်ဦးဖြစ်ပါသလော။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကလေးမွေးဖွားခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်း

၂၀၀၆ ခုနှစ်လေ့လာမှုတစ်ရပ်က ဆယ်ကျော်သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခဲ့ရသော အမျိုးသမီးများ၏ ကိုယ်ရေးရာဇဝင်ကို ဆန်းစစ်လေ့လာခဲ့သည်။ လေ့လာမှုပြုခဲ့သည့် ထိုအမျိုးသမီးငယ်များအနက် ထက်ဝက်သည် ကလေးမွေးဖွားခဲ့ကြပြီး ကျန်တစ်ဝက်မှာ ကိုယ်ဝန်ဖျက်ချခဲ့ကြ၏။ “ကလေးမွေးခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းကို နှိုင်းယှဉ်ကြည့်လျှင် ကလေးမွေးဖွားခြင်းသည် စိတ်ပိုင်းဆိုင်ရာ အကြံပေးမှုကိုခံယူရဖွယ်အကြောင်း ပိုနည်းပါးခြင်း၊ မကြာခဏအိပ်မပျော်သည့်ပြဿနာ ပိုနည်းပါးခြင်းနှင့် ဆေးခြောက်ရှူဖို့အကြောင်း ပိုနည်းပါးခြင်းတို့နှင့်ဆက်နွှယ်သည်” ဟုလေ့လာမှုက ကောက်ချက်ချခဲ့သည်။—Journal of Youth and Adolescence

အခြားသတင်းတစ်ပုဒ်တွင်လည်း “ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည့် လေ့လာမှုလေးခု၏ ရလဒ်များ” ကို ဖော်ပြထားသည်။ အဆိုပါလေ့လာ မှုများက အဘယ်အရာ ဖော်ပြခဲ့သနည်း။ “ကိုယ်ဝန်ဖျက်ချခဲ့သည့် ရာဇဝင်ရှိသော အမျိုးသမီးများသည် ယင်းသို့သောရာဇဝင်မရှိခဲ့သည့် အမျိုးသမီးများနှင့်နှိုင်းယှဉ်လျှင် စိတ်ကျန်းမာရေးပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။”—Report of the South Dakota Task Force to Study Abortion —2005.