မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ဝန်ဖျက်ချဖို့ ကျွန်မတို့ မရွေးချယ်ခဲ့သည့်အကြောင်းရင်း

ကိုယ်ဝန်ဖျက်ချဖို့ ကျွန်မတို့ မရွေးချယ်ခဲ့သည့်အကြောင်းရင်း

ကိုယ်ဝန်ဖျက်ချဖို့ ကျွန်မတို့ မရွေးချယ်ခဲ့သည့်အကြောင်းရင်း

ပထမဆောင်းပါးတွင် ဖော်ပြခဲ့သည့် ဗစ်တိုးရီးယားသည် သူ၏ရည်းစားဖြစ်သူ ဘီလ်အား သူကိုယ်ဝန်ဖျက်ချမည်မဟုတ်ဟုပြောခဲ့သည်။ “ကျွန်မရဲ့ကိုယ်ခန္ဓာထဲမှာ အသက်တစ်ချောင်းရှိနေတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဘီလ်နဲ့ ဆက်ပြီးအတူနေမယ်ဆိုရင် ကျွန်မကိုယ်ဝန်ဆောင်နေချိန်အတောအတွင်း သူ ကျွန်မကို ထောက်ပံ့မှာမဟုတ်ဘူးဆိုတာသိလို့ ကျွန်မ ထွက်လာလိုက်တယ်” ဟုဗစ်တိုးရီးယားက ဆိုခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဘီလ် သဘောထားပြောင်းသွားကာ ဗစ်တိုးရီးယားအား လက်ထပ်ခွင့်တောင်းခဲ့သည်။ သို့သော် သူတို့သည် မွေးလာသည့်ကလေးကို ပြုစုစောင့်ရှောက်ရန် မတတ်နိုင်ပုံရခဲ့၏။ “ကျွန်မတို့မှာ ကားမရှိ၊ ငွေမရှိ၊ အဝတ်အစားနည်းနည်းနဲ့ တခြားအရာတွေလည်း နည်းနည်းစီပဲရှိတယ်။ ဘီလ်ရဲ့အလုပ်က လစာနည်းတဲ့အတွက် အရည်အသွေးမမီတဲ့တိုက်ခန်းတစ်ခန်းထဲမှာ နေရတယ်၊ ဒါပေမဲ့ ကျွန်မတို့ ဇွဲမလျှော့ခဲ့ပါဘူး” ဟုဗစ်တိုးရီးယားက ရှင်းပြခဲ့သည်။

အခြားသူတို့လည်း မရည်ရွယ်ဘဲရလာသော ကိုယ်ဝန်ကြောင့် ခက်ခဲသောအခြေအနေများကို ရင်ဆိုင်ခဲ့ရ၏။ သို့သော် ထိုသူတို့သည်လည်း ကိုယ်ဝန်မဖျက်ချခဲ့ကြပေ။ အဘယ်အရာက သူတို့အား မရည်ရွယ်ဘဲရလာသော သို့မဟုတ် လိုပင်မလိုချင်သော ကလေးတစ်ဦးကို ကျွေးမွေးပြုစုရခြင်း၏ဖိစီးမှုကို ဇွဲကောင်းကောင်းနှင့် ကိုင်တွယ်ဖြေရှင်းနိုင်စေခဲ့သနည်း။ သူတို့အား ကူညီပေးခဲ့သောအရာမှာ သမ္မာကျမ်းစာမှရရှိသည့် ဉာဏ်ပညာဖြစ်၏။

အလျင်စလိုမလုပ်နှင့်—လက်တွေ့ကျကျစီမံပါ

သမ္မာကျမ်းစာက ပညာရှိစွာ ဤသို့ဆိုသည်– “သေချာစွာ ကြိုတင်စဉ်းစားစီစဉ်မှုနှင့် လုံ့လဝီရိယရှိသောသူသည် ချမ်းသာကြွယ်ဝလိမ့်မည်။ အလျင်စလိုပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့၍နေလိမ့်မည်။”သု. ၂၁:၅ခမ။

မသန်မစွမ်းဖြစ်နေသောသားတစ်ဦးအပါအဝင် သားသုံးယောက်မိခင် ကော်နီအတွက် နောက်ထပ်ကလေးယူဖို့ဟူသောအတွေးမှာ မခံမရပ်နိုင်အောင် ဖိစီးပုံရခဲ့၏။ “ကျွန်မတို့မှာ ကျွေးစရာ နောက်ထပ်ပါးစပ်ပေါက်တစ်ပေါက် တိုးလို့မဖြစ်ဘူး။ ဒါနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ကျွန်မတို့ စဉ်းစားခဲ့ကြတယ်” ဟုသူကဆို၏။ သို့သော် အလျင်စလို ဆုံးဖြတ်ချက်မချမီ သူသည် ကေးအမည်ရှိ အလုပ်ဖော်တစ်ဦးကို ပြောပြခဲ့၏။ ကေးက သူ့အား မမွေးသေးသော လူပုဂ္ဂိုလ်တစ်ဦးကို ကိုယ်ဝန်လွယ်ထားကြောင်းသိရှိရန် ကူညီပေးခဲ့ရာ နားလည်သဘောပေါက်သွားပြီး ယင်းကြောင့် ကော်နီ၏သဘောထား ပြောင်းသွား၏။

သို့သော် ကော်နီသည် စနစ်တကျစီစဉ်ရန် လက်တွေ့ကျသောအကူအညီ လိုအပ်ခဲ့သည်။ ထိုဒေသတွင် ကော်နီ၏အဒေါ်တစ်ဦး နေထိုင်သောကြောင့် ကေးက ကော်နီအား အဒေါ်ဖြစ်သူနှင့်ဆက်သွယ်ရန် အကြံပေးခဲ့သည်။ အဒေါ်ဖြစ်သူရောက်လာသောအခါ သူ့အား ဝမ်းမြောက်ဝမ်းသာ ကူညီပေးခဲ့သည်။ ထို့အပြင် ကော်နီ၏ခင်ပွန်းသည် အချိန်ပိုအလုပ်ဆင်းခဲ့ပြီး အကုန်အကျနည်းသော တိုက်ခန်းတစ်ခန်းသို့ သူတို့ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသို့သောအားဖြင့် သူတို့သည် ဤရောက်ရှိလာမည့်လူသစ်လေးကို ဂရုစိုက်စောင့်ရှောက်ရန် စီမံခဲ့ကြသည်။

ထို့ပြင် ကေးသည် အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရလာခဲ့သူတို့အား ကူညီထောက်မပေးသည့် အေဂျင်စီတချို့ကို ဝိုင်းဝန်းရှာဖွေပေးခြင်းဖြင့် ကော်နီကို ကူညီပေးခဲ့သည်။ နိုင်ငံများစွာတွင် အကူအညီလိုအပ်နေသော မိခင်အသစ်များကို ကူညီပေးသည့် အေဂျင်စီများရှိပါသည်။ ယင်းအေဂျင်စီများကို အများအားဖြင့် လူထုစာကြည့်တိုက်အများစုတွင် ရရှိနိုင်သော အင်တာနက် သို့မဟုတ် ဒေသတွင်းတယ်လီဖုန်းလမ်းညွှန်များကို အသုံးပြု၍ ရှာဖွေနိုင်ပါသည်။ အကူအညီရှာယူခြင်းက အမှန်ပင် ကြိုးစားအားထုတ်ရမည်ဖြစ်သော်လည်း “သေချာစွာ ကြိုတင်စဉ်းစားစီစဉ်မှုနှင့် လုံ့လဝီရိယရှိသောသူ” သည် အောင်မြင်ပါလိမ့်မည်။

လူ့အသက်ဖြစ်သည်ဟူသော အမှန်တရားကို လက်ခံပါ

“ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား မှောင်မိုက်၌ ကျင်လည်တတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။—ဒေ. ၂:၁၄

အမှန်တကယ်ပညာရှိသော အမျိုးသမီးတစ်ဦးသည် အမှန်တရားကိုမမြင်နိုင်အောင် မိမိ၏မျက်စိကို ပိတ်ထားပြီး ‘မှောင်မှိက်ထဲ လျှောက်သွား” မည်မဟုတ်ချေ။ အမှန်တွင် သူ၏ဉာဏစွမ်းရည်ဖြစ်သော ဦးခေါင်းကို သူအသုံးပြုသည်။ ယင်းက သူ့အား မိမိလုပ်ရပ်များ၏ အကျိုးဆက်များကို မှန်ကန်တိကျစွာ အကဲဖြတ်နိုင်စေသည်။ ထို့ကြောင့် မိမိ၏သားအိမ်တွင် ဖြစ်ပျက်နေသော အမှန်တရားကို မသိမြင်အောင် မိမိ၏မျက်စိကိုပိတ်ထားသူနှင့်ခြားနားလျက် ပညာရှိသောအမျိုးသမီးသည် မိမိ၏အသက်ရှင်နေသော သန္ဓေသားကိုကာကွယ်ရန် လှိုက်လှဲသောသနားကြင်နာမှုဖြင့် ပြုမူလုပ်ဆောင်သည်။

ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားနေသည့် ကိုယ်ဝန်ဆောင်မိန်းကလေး စတက်ဖနီသည် သူ၏သားအိမ်ထဲရှိ နှစ်လသားအရွယ်ကလေးကို ဆိုနိုဂရမ် (sonogram) ရိုက်ခဲ့သည်။ “ကျွန်မ ချုံးပွဲချငိုလိုက်တယ်။ ကျွန်မဟာ ဘာဖြစ်လို့ အသက်ရှင်နေတဲ့အရာကို သတ်ချင်ရတာလဲဆိုပြီး တွေးမိတယ်” ဟုစတက်ဖနီကဆို၏။

ဒါနီးဇ်အမည်ရှိ လက်မထပ်ရသေးသော နောက်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကလည်း မိမိ၏ကိုယ်တွင်း၌ သက်ရှိပုဂ္ဂိုလ်တစ်ဦးကို လွယ်ထားသည်ဟူသော အမှန်တရားနှင့် ရင်ဆိုင်ခဲ့ရ၏။ မိမိ၏ရည်းစားက မိမိကိုငွေပေး၍ ကိုယ်ဝန်ဖျက်ချလိုက်ဖို့ပြောဆိုသည့်အခါ ဒါနီးဇ်က “ကိုယ်ဝန်ဖျက်ချဖို့။ ကျွန်မ မလုပ်နိုင်ဘူး” ဟုပြန်ပြောခဲ့၏။ သို့နှင့် သူသည် မိမိ၏ကလေးကို မသတ်ခဲ့ပေ။

လူကိုကြောက်ရွံ့ခြင်းက လုပ်ဆောင်စေနိုင်ရာ

ကိုယ်ဝန်ဖျက်ချရန် အခြားသူတို့က ဖိအားပေးခဲ့သည်ဆိုလျှင် အစပိုင်းတွင် ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားကောင်းစဉ်းစားခဲ့ကြမည့်သူတို့သည် ဤကျမ်းစာပညာရှိစကားကို အလေးအနက်စဉ်းစားခြင်းက ပညာရှိရာရောက်သည်– ‘မိမိအား သူတစ်ပါးတို့ အဘယ်သို့ထင်မြင်ယူဆမည်ကို စိုးရိမ်ပူပန်တတ်သူအတွက် ဘေးအန္တရာယ်ရှိ၏။ သို့ရာတွင် ထာဝရဘုရားသခင်ကို ခိုလှုံသောသူသည် လုံခြုံလိမ့်မည်။’—သု. ၂၉:၂၅ခမ။

အသက်ဆယ့်ခုနစ်နှစ်အရွယ်ရှိ မော်နီကာသည် စီးပွားရေးသင်တန်းတက်ခါနီးတွင် ကိုယ်ဝန်ရလာခဲ့၏။ သားသမီးငါးယောက်ရှိ မုဆိုးမဖြစ်သူ မိခင်မှာ ယူကျုံးမရဖြစ်ခဲ့ရ၏။ ဆင်းရဲတွင်းမှလွတ်မြောက်နိုင်ရန် သမီးဖြစ်သူအား အလုပ်အကိုင်တစ်ခု တတ်မြောက်စေလိုခဲ့၏။ မိခင်သည် ကြံရာမရဖြစ်သည့်အဆုံး မော်နီကာအား ကိုယ်ဝန်ဖျက်ချရန် တိုက်တွန်းခဲ့သည်။ “ဆရာဝန်က ကိုယ်ဝန်ဖျက်ချချင်သလားလို့ ကျွန်မကိုမေးတဲ့အခါ မဖျက်ချဘူးလို့ ကျွန်မပြောလိုက်တယ်” ဟုမော်နီကာက ရှင်းပြခဲ့သည်။

မော်နီကာ၏အလားအလာကောင်းသော အနာဂတ် ပျက်စီးသွားသည်ကိုကြည့်၍ စိတ်ရှုပ်ထွေးရသည့်အပြင် နောက်ထပ်ကလေးတစ်ဦးအတွက် စိတ်ဖိစီးရမည့်အရေးကိုတွေးပြီး ရင်လေးနေသောမိခင်က သူ့အား အိမ်မှအတင်းနှင်ချလိုက်သည်။ မော်နီကာသည် အဒေါ်တစ်ဦးထံ သွားရောက်နေထိုင်ခဲ့ရရှာသည်။ သီတင်းပတ်အနည်းငယ်ကြာပြီးနောက် မိခင်ဖြစ်သူသည် စိတ်ပြေသွားပြီး မီးဖွားရန် မော်နီကာအား အိမ်ပြန်လာခွင့်ပြုလိုက်သည်။ မော်နီကာ၏မိခင်သည် မွေးခါစကလေးအား ဝိုင်းဝန်းပြုစုပေးကာ ကလေးကိုလည်း အလွန်ချစ်မြတ်နိုးလာခဲ့သည်။

ရော်ဘင်အမည်ရှိ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးမှာမူ မတူညီသောအကြောင်းရင်းတစ်ခု၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ “ကျွန်မ ကိုယ်ဝန်ရလာတဲ့အခါ ဆရာဝန်က ကျွန်မရဲ့ ကိုယ်ဝန်ကိုမစစ်ဆေးခင် ကျောက်ကပ်ရောဂါကို အရင်ကုသပေးခဲ့တယ်။ ကလေးဟာ ဉာဏ်ရည်ချို့တဲ့ပြီး မွေးလာဖို့ရှိတယ်လို့ ကျွန်မကိုပြောတယ်။ အဲဒီနောက် ဆရာဝန်က ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းတယ်။ ကျွန်မလည်း အသက်နဲ့ပတ်သက်တဲ့ ကျမ်းစာရဲ့ရှုမြင်ချက်ကို ရှင်းပြခဲ့တယ်။ ကိုယ်ဝန်ဖျက်ချဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ဘူးလို့ သူ့ကိုပြောလိုက်တယ်” ဟုရော်ဘင်က ပြန်ပြောပြခဲ့သည်။

ဆရာဝန်၏စိုးရိမ်ပူပန်မှုကို နားလည်ပေးနိုင်သော်လည်း ရော်ဘင်၏အသက်အတွက် လတ်တလောအန္တရာယ်မရှိခဲ့ချေ။ * “ကျွန်မသမီးလေးကိုမွေးပြီး စမ်းသပ်စစ်ဆေးကြည့်လိုက်တဲ့အခါ သမီးလေးဟာ အပျော့စား ဦးနှောက်သွက်ချာပါဒကြောင့် မဖြစ်စလောက်ပဲ ဉာဏ်ရည်ချို့တဲ့ခဲ့တယ်။ သူ့ရဲ့ကိုယ်ခန္ဓာလုပ်ဆောင်ချက်တွေလည်း အတော်လေးကောင်းတယ်။ အခု အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေးဟာ စာကောင်းကောင်းဖတ်နေပြီ။ သူဟာ ကျွန်မအတွက် အရမ်းအဓိပ္ပာယ်ရှိတယ်၊ သူ့အတွက် တစ်ရက်ကို အကြိမ်ပေါင်းများစွာ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့တယ်” ဟုရော်ဘင်က ထပ်ဆင့်ပြောပြခဲ့သည်။

ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးက အစွမ်းထက်

သမ္မာကျမ်းစာက ‘ယေဟောဝါကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိ၏’ ဟုဖော်ပြသည်။ဆာလံ ၂၅:၁၄

ကိုယ်ဝန်ဖျက်ချဖို့ ငြင်းဆိုခဲ့ကြသူများစွာ၏ ဆုံးဖြတ်ချက်အပေါ် ဩဇာလွှမ်းမိုးခဲ့သောအရာမှာ ယင်းကိစ္စအပေါ် ဖန်ဆင်းရှင်၏အမြင်ကို ဆင်ခြင်သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်းနှင့် ကိုယ်တော်နှစ်သက်လက်ခံသည့်အရာကို လုပ်ဆောင်ခြင်းတို့သည် ၎င်းတို့အဓိကအလေးထားရာများ ဖြစ်ကြသည်။ ယင်းသည် အစောပိုင်းတွင် ဖော်ပြခဲ့သည့် ဗစ်တိုးရီးယားအပေါ် အလွန်အမင်း ဩဇာလွှမ်းမိုးခဲ့သည့် အဓိကအလေးထားရာဖြစ်သည်။ “အသက်ကို ဘုရားသခင်ပေးတယ်ဆိုတာ ကျွန်မ အခိုင်အမာ ယုံကြည်ခဲ့တယ်၊ ကိုယ်တော်ပေးထားတဲ့အသက်ကို ဖျက်ဆီးပိုင်ခွင့် ကျွန်မမှာမရှိဘူး” ဟုသူကဆို၏။

ဗစ်တိုးရီးယားသည် သမ္မာကျမ်းစာကို ထက်ထက်သန်သန် စတင်လေ့လာခဲ့သောအခါ ဘုရားသခင်နှင့် သူ၏ရင်းနှီးသောဆက်ဆံရေးမှာ ကြီးထွားလာခဲ့သည်။ သူက ဤသို့ဖော်ပြခဲ့၏– “ကျွန်မရဲ့ကလေးကို အသက်ဆက်ရှင်စေဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဘုရားသခင်နဲ့ပိုရင်းနှီးလာပြီး ကျွန်မရဲ့ဘဝကဏ္ဍတိုင်းမှာ ကိုယ်တော်နှစ်သက်မယ့်အရာတွေကို လုပ်ဆောင်ချင်ခဲ့တယ်။ ကိုယ်တော်ရဲ့လမ်းညွှန်မှုရဖို့ ကျွန်မဆုတောင်းတဲ့အခါ အရာရာတိုင်းဟာ အဆင်ပြေချောမွေ့နေတယ်။”

အသက်၏ပင်ရင်းဖြစ်သော ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးက ကျွန်ုပ်တို့အား သားအိမ်ထဲရှိ အသက်ကို ပို၍တန်ဖိုးထားလေးမြတ်စေသည်။ (ဆာလံ ၃၆:၉) ထို့အပြင် ဘုရားသခင်သည် အမျိုးသမီးတစ်ဦးနှင့် သူ၏မိသားစုအား မရည်ရွယ်ဘဲရလာသောကိုယ်ဝန်ကို ကိုင်တွယ်ဖြေရှင်းတတ်ရန် “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ဖြင့် ထောက်မပေးနိုင်သည်။ (၂ ကောရိန္သု ၄:၇) နောက်ကြောင်းကိုပြန်ကြည့်သော် အသက်နှင့်ပတ်သက်၍ ဘုရားသခင့်အမြင်ကို လေးမြတ်ကြောင်း တင်ပြခဲ့သူတို့သည် မိမိတို့၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မည်သို့ခံစားကြရသနည်း။

နောင်တမရ

အဆိုပါမိဘများသည် အပြစ်ရှိသည်ဟူသော ခံစားချက်များမရှိ သို့မဟုတ် ဝမ်းနည်းမှုနှင့်ဆုံးရှုံးမှုတို့၏ ဖိစီးမှုဒဏ်ကို မခံစားကြရချေ။ အချိန်တန်သော် သူတို့သည် “ဖွားမြင်သောသားသမီး” တို့ကို ကျိန်စာအဖြစ်မဟုတ်ဘဲ ဆုကျေးဇူးအဖြစ် အမှန်ပင် ရှုမြင်ခဲ့ကြသည်။ (ဆာလံ ၁၂၇:၃) အစောပိုင်းက ဖော်ပြခဲ့သည့် ကော်နီသည် မီးဖွားပြီးနောက် နှစ်နာရီသာရှိသေးစဉ် ယင်းကို အသိအမှတ်ပြုခဲ့၏။ စိတ်လှုပ်ရှားလျက် သူသည် မိမိ၏အလုပ်ဖော်ဖြစ်သူ ကေးအား မိမိသည် သမီးလေးကို ကျွေးမွေးပြုစုရမည့်အရေးကိုတွေး၍ အလွန်ပီတိဖြစ်နေကြောင်း ဖုန်းဆက်ပြောပြခဲ့သည်။ ကော်နီသည် ဝမ်းပန်းတသာနှင့် ဤသို့ဖြည့်စွက်ခဲ့သည်– “ဘုရားသခင်နှစ်သက်လက်ခံတဲ့အရာကို လုပ်ဆောင်တဲ့သူတွေကို ကိုယ်တော်ကောင်းချီးပေးတယ်ဆိုတာ တကယ်မှန်တာပဲ။”

အသက်နှင့်ပတ်သက်သည့် ဘုရားသခင့်အမြင်နှင့်အညီ လုပ်ဆောင်ခြင်းက အဘယ်ကြောင့် အလွန်အကျိုးပြုသနည်း။ အကြောင်းမှာ ဘုရားသခင်သည် အသက်၏ပင်ရင်းဖြစ်သည့်အတိုင်း “[ကျွန်ုပ်တို့၏] အကျိုး” အတွက် ကိုယ်တော်၏ပညတ်များနှင့် စံနှုန်းများကို သမ္မာကျမ်းစာထဲတွင် ဖော်ပြထားတော်မူ၏။—တရားဟောရာ ၁၀:၁၃

ဤဆောင်းပါးနှင့် အဖွင့်ဆောင်းပါးတွင် ဖော်ပြထားသည့် ဗစ်တိုးရီးယားနှင့်ဘီလ်တို့၏အဆိုအရ ကိုယ်ဝန်မဖျက်ချရန် ဆုံးဖြတ်ချက်ချခြင်းက ၎င်းတို့၏ဘဝကို ပြောင်းလဲပေးလိုက်သည်။ သူတို့ ဤသို့ရှင်းပြခဲ့၏– “ကျွန်မတို့ဟာ မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲနေပြီး ဆက်သာသုံးစွဲခဲ့မယ်ဆိုရင် သေသွားကြမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ မမွေးသေးတဲ့ကလေးရဲ့ အသက်ကို လေးမြတ်ခြင်းက ကျွန်မတို့ရဲ့အသက်တာကို စဉ်းစားစေခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့အကူအညီကြောင့် ကျွန်မတို့ ပြောင်းလဲလိုက်ကြတယ်။”

၎င်းတို့၏သား လန်းစ်သည် ယခုအခါ အသက် ၃၅ နှစ်ခန့်ရှိပြီဖြစ်ကာ အိမ်ထောင်ကျသည်မှာ ၁၂ နှစ်ကျော်ပြီဖြစ်၏။ လန်းစ်က ဤသို့ရှင်းပြ၏– “ကျွန်တော့်မိဘတွေဟာ ကျွန်တော့်ကို ကလေးဘဝကတည်းက ကျမ်းစာကိုအခြေပြုပြီး ဆုံးဖြတ်ချက်တွေချဖို့ သွန်သင်ပေးခဲ့တယ်။ အဲဒါက ကျွန်တော်၊ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်ကလေးကို ဒီထက်ပိုပြီး ပျော်စရာကောင်းတာမရှိဘူးလို့ ခံစားရတဲ့အထိ အကျိုးပြုခဲ့ပါတယ်။” အစပိုင်းတွင် ဗစ်တိုးရီးယားကို ကိုယ်ဝန်ဖျက်ချစေလိုခဲ့သည့် ဖခင်က “ကျွန်တော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့သားကို မယူဖို့ သီသီကလေးပဲလိုတော့တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကြက်သီးထမိတယ်” ဟုဆိုခဲ့သည်။

မိခင်က ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးသော်လည်း ငြင်းဆိုခဲ့သည့် မော်နီကာကို ပြန်သုံးသပ်ကြည့်ပါ။ “ကျွန်မသားလေးကိုမွေးပြီး နှစ်ပတ်အကြာမှာ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်ရပြီး ကျွန်မရဲ့ဘဝကို ဘုရားသခင်ရဲ့ပညတ်ဥပဒေတွေနဲ့ ဘယ်လိုကိုက်ညီစေရမယ်ဆိုတာ လေ့လာသင်ယူခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မရဲ့သားလေး လီအွန်ကို ဘုရားသခင်ရဲ့စကား နားထောင်ခြင်းရဲ့တန်ဖိုးအကြောင်း စသင်ပေးခဲ့တယ်၊ အချိန်ကြာလာတာနဲ့အမျှ သူဟာ ဘုရားသခင်ကို ချစ်မြတ်နိုးလာခဲ့တယ်။ အခု လီအွန်ဟာ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်အမှုဆောင်တစ်ဦးဖြစ်နေပါပြီ” ဟုမော်နီကာက ပြောပြသည်။

မိခင်ဖြစ်သူ ပြုလုပ်ခဲ့ရာကို ပြန်ပြောင်းစဉ်းစားလျက် လီအွန်က ဤသို့ပြောပြခဲ့သည်– “အမေဟာ ဖိစီးမှုတွေကြုံရပေမဲ့ ကျွန်တော့်ကို အသက်ရှင်ခွင့်ပြုခဲ့တာဟာ ကျွန်တော့်ကို အရမ်းချစ်လို့ဆိုတာ သိရှိထားခြင်းက ဒီအံ့ဖွယ်ဆုကျေးဇူးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ကျွန်တော့်ရဲ့အသက်တာကို အတတ်နိုင်ဆုံး အကောင်းဆုံးနည်းနဲ့ အသုံးပြုချင်ခဲ့တယ်။”

အသက်နှင့်ပတ်သက်သည့် ဘုရားသခင့်အမြင်ကို သိရှိနားလည်လာကြသူများစွာသည် ယခု သူတို့အလွန်ချစ်မြတ်နိုးသော ကလေး၏အသက်ကို ဆက်လက်ရှင်သန်စေဖို့ ဆုံးဖြတ်ချက်ချလိုက်သည့်အတွက် နောင်တမရခဲ့ကြချေ။ သူတို့သည် ကျေးဇူးတင်လေးမြတ်မှုအပြည့်ဖြင့် “ကျွန်မတို့ ကိုယ်ဝန် မဖျက်ချ ခဲ့ကြဘူး” ဟူ၍ လှိုက်လှိုက်လှဲလှဲ ပြောဆိုနိုင်ကြပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ကလေးမွေးဖွားသည့်အချိန်တွင် မိခင်၏အသက် သို့မဟုတ် ကလေး၏အသက် တစ်ခုခုကိုရွေးချယ်ရတော့မည်ဆိုလျှင် သက်ဆိုင်ရာပုဂ္ဂိုလ်များ ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံများစွာတွင် ဆေးပညာတိုးတက်လာသည်နှင့်အမျှ ယင်းအခြေအနေမျိုးနှင့် မကြုံရသလောက်ဖြစ်နေပြီ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မိမိ၏ကိုယ်တွင်းရှိ နှစ်လသား အရွယ်ကလေးကို ဆိုနိုဂရမ် (sonogram) မှမြင်ရခြင်းက စတက်ဖနီအား ဆုံးဖြတ်ချက်ချစေခဲ့

(အနားရေးကြောင်းထပ်ထည့်ထား)

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဗစ်တိုးရီးယားနှင့် လန်းစ်

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ယနေ့ လန်းစ်နှင့် ၎င်း၏မိသားစုနှင့်အတူ ဗစ်တိုးရီးယားနှင့်ဘီလ်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လွန်ခဲ့သော ၃၆ နှစ်က ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးသည်ကို မော်နီကာ တွန်းလှန်ခဲ့သည့်အတွက် သားဖြစ်သူ လီအွန် အလွန်ကျေးဇူးတင်ခဲ့