မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေရောင်ခြည်နှင့် ထိတွေ့လွန်းခြင်းကို စိုးရိမ်သင့်ပါသလော

နေရောင်ခြည်နှင့် ထိတွေ့လွန်းခြင်းကို စိုးရိမ်သင့်ပါသလော

နေရောင်ခြည်နှင့် ထိတွေ့လွန်းခြင်းကို စိုးရိမ်သင့်ပါသလော

“အိုဇုန်းလွှာ ပို၍ပါးလာနေစဉ် ကမ္ဘာတစ်ဝန်းမှလူများသည် နေရောင်အောက်တွင် အပန်းဖြေရန် အခွင့်အရေးမှန်သမျှကို ရှာဖွေနေကြသောကြောင့် ခရမ်းလွန်ရောင်ခြည် နှင့် ထိတွေ့လွန်းခြင်းမှ ဖြစ်ပေါ်လာသော ထပ်တိုးရောဂါသစ်များသည် လူထု ကျန်းမာရေးနှင့်ပတ်သက်၍ အတော်အတန်စိုးရိမ်စရာ ဖြစ်လာနေသည်။” —ဒေါက်တာ လီဂျောင်အွတ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထွေထွေညွှန်ကြားရေးမှူးဟောင်း။

ဥရောပမြောက်ပိုင်းမှ လူဖြူအမျိုးသားတစ်ဦးဖြစ်သူ မာတင်သည် အီတလီပင်လယ်ကမ်းရိုးတန်း၏ ကမ်းခြေတစ်ခုရှိ ထီးအရိပ်အောက်တွင် အိပ်ပျော်နေသည်။ နိုးလာသောအခါ သူသည် ထီးအရိပ်အောက်တွင် မရှိတော့ပေ၊ သူ့ခြေထောက်မှာလည်း အဖြူရောင်မဟုတ်တော့ဘဲ နီမြန်းနေ၏။ “ဆေးရုံရဲ့အရေးပေါ်အခန်းကို ကျွန်တော်သွားခဲ့ရတယ်။ ကျွန်တော့်ခြေထောက်တွေဟာ တောင့်တင်းနေပြီး ဝက်အူချောင်းနှစ်ချောင်းလို ဖောင်းကားနေတယ်။ နောက်နှစ်ရက်သုံးရက်လည်းကြာရော အရမ်းနာကျင်လာတယ်။ ကျွန်တော် မတ်တတ်ရပ်လို့မရတော့သလို ခြေထောက်ကို ကွေးလို့လည်း မရတော့ဘူး။ ကျွန်တော့်အရေပြားဟာ အရမ်းတင်းနေတဲ့အတွက် ပေါက်ထွက်သွားမလားလို့တောင် စိုးရိမ်မိတယ်” ဟု မာတင်က ရှင်းပြသည်။

မာတင်ကဲ့သို့ အသားဖြူသူများသာ နေရောင်ခြည်နှင့် ထိတွေ့ခြင်းကို စိုးရိမ်ရန်လိုသည်ဟု လူများစွာ ယူမှတ်ထားကြသည်။ သို့သော် အသားညိုသူများသည် နေလောင်ဒဏ်ကို ပို၍ကာကွယ်နိုင်ကြသော်လည်း အရေပြားကင်ဆာဖြစ်နိုင်ပါသေးသည်။ ထို့ပြင် ၎င်းတို့တွင်ဖြစ်သော ကင်ဆာသည် အန္တရာယ်အဆင့်သို့ ရောက်သည့်တိုင်အောင် သိရလေ့မရှိချေ။ နေရောင်ခြည်ထိတွေ့လွန်းခြင်းနှင့်ဆက်နွှယ်နေသော အခြားအန္တရာယ်များတွင် မျက်လုံးနှင့် ကိုယ်ခံအားစနစ်ထိခိုက်ခြင်းတို့ပါဝင်ကာ ယင်းပြဿနာများသည် ထိခိုက်ယိုယွင်းပြီး နှစ်များစွာကြာမှ ပေါ်လာပေမည်။

အများအားဖြင့် အီကွေတာနှင့်ပိုနီးလေ ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့သည့်နှုန်းမှာ ပိုမြင့်မားလေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့အပူပိုင်းဒေသများ သို့မဟုတ် အပူလျော့ပိုင်းဒေသများတွင် နေထိုင်သူများနှင့် ထိုကဲ့သို့သောဒေသများသို့ ခရီးသွားသူများသည် ကြိုတင်ကာကွယ်မှုများ ပို၍ပြုလုပ်သင့်ပါသည်။ ယင်းသို့ပြုလုပ်ရသည့်အကြောင်းရင်းတစ်ခုမှာ မကြာသေးမီနှစ်များတွင် ကမ္ဘာ့လေထု၏ အကာအကွယ်ပေးသော အိုဇုန်းလွှာသည် ပို၍ပါးလာကြောင်း သိရ၍ဖြစ်သည်။ နေရောင်ခြည် အလွန်အကျွံထိတွေ့ခြင်းကြောင့် ဖြစ်နိုင်ဖွယ်အန္တရာယ်အချို့ကို သုံးသပ်ကြည့်ကြစို့။

မျက်စိထိခိုက်ခြင်း

ကမ္ဘာပေါ်တွင် မျက်စိကွယ်ရသည့် အဓိကအကြောင်းရင်းဖြစ်သော အတွင်းတိမ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁၅ သန်းသည် မျက်စိကွယ်နေကြသည်။ မျက်စိထဲရှိ မှန်ဘီလူးမှပရိုတင်းများ ပြိုကွဲ၊ ထွေးလုံးပြီး မှန်ဘီလူးကို မရှင်းမလင်းဖြစ်စေသော ရောင်ခြယ်ပစ္စည်းများ စုပုံလာသောအခါ အတွင်းတိမ်ဖြစ်ပေါ်လာသည်။ အတွင်းတိမ်သည် ခရမ်းလွန်ရောင်ခြည်ကို နှစ်များစွာထိတွေ့ ပြီးနောက်မှ ဖြစ်ပေါ်လာနိုင်သော ပြဿနာများထဲမှ တစ်ခုဖြစ်သည်။ အမှန်မှာ၊ အတွင်းတိမ်ဖြစ်ပွားရသည့် သို့မဟုတ် ပို၍ဆိုးဝါးရသည့် အကြောင်းရင်း ၂၀ ရာခိုင်နှုန်းအထိသည် နေရောင်ခြည်ကို အကြိမ်ကြိမ် ကြာမြင့်စွာ ထိတွေ့သည့်အတွက်ကြောင့်ဖြစ်သည်ဟု ခန့်မှန်းရသည်။

ဝမ်းနည်းစရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သော ဆင်းရဲနွမ်းပါးသူအများစုအပါအဝင် အီကွေတာနှင့်နီးသောဒေသတွင် နေထိုင်သူများစွာတို့တွင် အတွင်းတိမ်ဖြစ်ပွားနေကြခြင်းဖြစ်သည်။ ထို့ကြောင့် အာဖရိက၊ အာရှ၊ ဗဟိုအမေရိကနှင့် တောင်အမေရိကနိုင်ငံများရှိ သန်းနှင့်ချီသောဆင်းရဲနွမ်းပါးသူများသည် မိမိတို့၏အတွင်းတိမ်ကို ခွဲစိတ်ဖယ်ရှားရန် ငွေကြေးမတတ်နိုင်သောကြောင့် မျက်စိကွယ်နေကြသည်။

အရေပြားထိခိုက်ခြင်း

ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားခဲ့သော ကင်ဆာရောဂါအားလုံး၏သုံးပုံတစ်ပုံမှာ အရေပြားကင်ဆာဖြစ်သည်။ နှစ်စဉ် လူပေါင်း ၁၃၀,၀၀၀ ခန့်သည် အန္တရာယ်အများဆုံး အရေပြားကင်ဆာပုံစံတစ်မျိုးဖြစ်သော မြင်းမည်းကင်ဆာရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။ လူဦးရေ နှစ်သန်းနှင့် သုံးသန်းကြားသည် အောက်ခြေဆဲလ် ကာစီနိုမာနှင့် ချပ်ပြားဆဲလ် ကာစီနိုမာကဲ့သို့သော အခြားအရေပြားကင်ဆာရောဂါများ ဖြစ်ပွားနေသည်။ နှစ်စဉ် လူပေါင်း ၆၆,၀၀၀ ခန့်သည် အရေပြားကင်ဆာကြောင့် သေဆုံးရကြောင်း ခန့်မှန်းရသည်။ *

နေရောင်ခြည်သည် သင့်အရေပြားကို မည်သို့ထိခိုက်စေသနည်း။ နေရောင်ခြည် အလွန်အကျွံထိတွေ့ခြင်းကြောင့် အလွန်ဆိုးရွားသည့် အကျိုးဆက်မှာ အဖြစ်အများဆုံးနှင့် လူသိအများဆုံးဖြစ်သော နေလောင်ခြင်း သို့မဟုတ် အရေပြားနီမြန်းခြင်းတို့ဖြစ်သည်။ ယင်းတို့၏လတ်တလောဆိုးကျိုးများသည် ရက်အနည်းငယ်ကြာနိုင်ပြီး အရေပြားတွင် အရည်ကြည်ဖုပေါက်ခြင်းနှင့် အရေပြားလန်ခြင်းတို့ ပါဝင်ပေမည်။

နေလောင်သောအခါ ခရမ်းလွန်ရောင်ခြည်သည် အရေပြား၏အပြင်ဘက်အလွှာရှိ ဆဲလ်အများစုကို သေစေပြီး ပို၍အတွင်းကျသောအလွှာများကို ပျက်စီးစေသည်။ နေရောင်ခြည်ထိတွေ့ခြင်းကြောင့် လူတစ်ဦး၏အရေပြားသည် မည်သည့်အရောင်သို့ပြောင်းလဲသွားပါစေ ယင်းသည် ပျက်စီးသွားသည်ဆိုသည့် လက္ခဏာဖြစ်သည်။ အရေပြားဆဲလ်များ ကြီးထွားမှုနှင့် ကွဲပြားမှုကိုထိန်းချုပ်သော မျိုးရိုးဗီဇများ၏ဒီအဲန်အေ (DNA) ပျက်စီးသွားသောအခါ ကင်ဆာဖြစ်နိုင်ပါသည်။ ထို့ပြင်၊ နေရောင်သည် အရေပြား၏အသားမျှင်ဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး ယင်း၏ဆန့်ကျုံ့သတ္တိကို အားနည်းစေသည်။ ယင်းက အချိန်မတန်မီ အရေပြားတွန့်ခြင်းနှင့် အရေပြားတွဲခြင်းတို့ကိုဖြစ်စေသည့်အပြင် အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။

ကိုယ်ခံအားစနစ်ထိခိုက်ခြင်း

အရေပြားသည် ခရမ်းလွန်ရောင်ခြည်ကို အလွန်အကျွံစုပ်ယူလိုက်သောအခါ လူတစ်ဦး၏ကိုယ်ခံအားစနစ်ရှိ အစိတ်အပိုင်းတချို့၏ လုပ်ဆောင်မှုများကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း လေ့လာမှုများက ဖော်ပြခဲ့သည်။ ယင်းသည် အချို့ရောဂါများကို အလိုအလျောက် ခုခံကာကွယ်ပေးသည့် ကိုယ်ခန္ဓာ၏စွမ်းရည်ကို ကျဆင်းစေနိုင်သည်။ နေရောင်နှင့် အတော်အသင့်ထိတွေ့လျှင်ပင် ဘက်တီးရီးယား၊ မှို၊ ကပ်ပါး သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို တိုးများစေကြောင်း သိထားကြသည်။ နေရောင်ခံခြင်းသည် ရေယုန်နာပေါက်ခြင်းတို့ကို မကြာမကြာပြန်ဖြစ်စေကြောင်း လူများစွာ သတိပြုမိကြသည်။ ယူဗွီဘီဟုခေါ်သော ခရမ်းလွန်ရောင်ခြည် အမျိုးအစားတစ်ခုသည် “ကိုယ်ခံအားစနစ်၏အကျိုးသက်ရောက်မှုကို ကျဆင်းစေပုံရသည်၊ ရေယုန်နာပေါက်သည့်ကိစ္စတွင် ကိုယ်ခံအားစနစ်သည် ရေယုန်နာပေါက်စေသည့်ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့သောကြောင့် ကူးစက်ခံရသောဗိုင်းရပ်စ်များကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေသည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကင်ဆာရောဂါများနှင့်ပတ်သက်လျှင် နေရောင်ခြည်သည် ပျက်စီးခြင်းဖြစ်စဉ်နှစ်ခုကို အဆင့်ဆင့် ဖြစ်စေနိုင်သည်။ ဦးစွာ၊ ဒီအဲန်အေကို တိုက်ရိုက်ပျက်စီးစေကာ ယင်းသို့ပျက်စီးပြီးနောက် ပြန်လည်ကောင်းမွန်လာစေသော ကိုယ်ခံအားစနစ်၏သဘာဝစွမ်းရည်ကို ကျဆင်းစေခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် နေရောင်ခြည်နှင့် အလွန်အကျွံမထိတွေ့မိစေရန် ပညာရှိစွာဖြင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ကျန်းမာရေးနှင့် ကျွန်ုပ်တို့၏အသက်ကို အမှန်တကယ်ပင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 အရေပြားကင်ဆာအကြောင်းဆွေးနွေးထားရာကို နိုးလော့! နိုဝင်ဘာ ၈၊ ၂၀၀၅၊ စာမျက်နှာ ၃-၁၀ တွင်ကြည့်ပါ။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

သင့်ကိုယ်သင်ကာကွယ်နိုင်ပုံ

▪ ခရမ်းလွန်ရောင်ခြည် အပြင်းထန်ဆုံးအချိန်ဖြစ်သော နံနက် ၁၀:၀၀ နာရီမှ ညနေ ၄:၀၀ နာရီကြား မွန်းတည့်ချိန်အတွင်း နေရောင်ခြည်နှင့်ထိတွေ့ ခြင်းကို ကန့်သတ်ပါ။

▪ အရိပ်အောက်တွင်နေဖို့ ကြိုးစားပါ။

▪ အပိတ်ရက်ထားသော ခပ်ပွပွအဝတ်များဝတ်ဆင်ကာ သင့်လက်နှင့်ခြေထောက်များကို ကာကွယ်ပါ။

▪ သင့်မျက်လုံး၊ နား၊ မျက်နှာနှင့် လည်ကုပ်တို့ကို ကာကွယ်ရန် အနားသားကျယ်သောဦးထုပ်ဆောင်းပါ။

▪ ယူဗွီအေနှင့် ယူဗွီဘီ (ခရမ်းလွန်ရောင်ခြည်အမျိုးအစားများ) တို့ကို ၉၉ မှ ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးသည့် မျက်လုံးဝန်းကျင်တစ်ဝိုက်ကို မှန်အပြည့်ဖြင့်ဝိုက်ထားသော သို့မဟုတ် ရှေ့တွင်သာမက ဘေးဘက်တွင်ပါ လေးထောင့်ပုံစံမှန်များပါသော အရည်အသွေးကောင်းသည့် နေကာမျက်မှန်များဖြင့် ကာကွယ်ခြင်းက မျက်စိထိခိုက်စေသည့်အန္တရာယ်ကို များစွာလျော့နည်းစေပါလိမ့်မည်။

▪ နေရောင်ကာကွယ်သည့်ပစ္စည်း (SPF) အနည်းဆုံး ၁၅ ဆရှိသော ရောဂါပိုးသတ်သည့် နေလောင်ကာလိမ်းဆေးကို သုံးပါ၊ နှစ်နာရီခြား၍ များများလိမ်းပါ။

▪ ခရမ်းလွန်ရောင်ခြည်မီးအိမ်၊ အပူဓာတ်ပါသည့် အိပ်ရာများနှင့် ခရမ်းလွန်ရောင်ခြည်သုံးကာ ညိုမောင်းသောအသားအရေရစေသည့် အလှပြင်ဆိုင်များသည် အရေပြားကိုထိခိုက်စေနိုင်သည့်အတွက် ယင်းတို့ကိုရှောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုသည်။

▪ အသားအရေ အလွန်နုနယ်သော မွေးကင်းစကလေးများနှင့် ကလေးငယ်များကို ကာကွယ်ရန် ဂရုစိုက်ပါ။

▪ မည်သည့်အခါမျှ နေရောင်အောက်တွင် အိပ်စက်ခြင်းမပြုပါနှင့်။

▪ မှဲ့တစ်လုံး၊ မှဲ့ခြောက်တစ်ခု သို့မဟုတ် အကွက်တစ်ကွက်သည် ကြီးလာပြီး ယင်းက သင့်ကို စိုးရိမ်ပူပန်စေသည်ဆိုလျှင် ဆရာဝန်ကိုပြပါ။