မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူနာတစ်ဦး၏ ရွေးချယ်ပိုင်ခွင့်

လူနာတစ်ဦး၏ ရွေးချယ်ပိုင်ခွင့်

လူနာတစ်ဦး၏ ရွေးချယ်ပိုင်ခွင့်

အီတလီမှ နိုးလော့! စာရေးသူပေးပို့သည်

▪ ယေဟောဝါသက်သေများသည် သွေးသွင်းခြင်းကို ငြင်းပယ်ကြ၏။ ဤငြင်းပယ်မှုသည် ဤအစောဆုံး သမ္မာကျမ်းစာမိန့်မှာချက်များအပေါ် အခြေခံသည်– “အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။” ပထမရာစုခရစ်ယာန်များသည် “သွေး . . . ကို ကြဉ်ရှောင်လျက်နေရမည်” ဟု ရှင်းလင်းစွာ မိန့်မှာခံရသည်။—ကမ္ဘာဦး ၉:၄; တမန်တော် ၁၅:၂၉; ဝတ်ပြုရာ ၁၇:၁၄

အီတလီနိုင်ငံ၊ မွန်တာရီဇိုမြို့မှ အလယ်တန်းကျောင်းသားများသည် သွေးလှူဒါန်းခြင်း၏အရေးပါမှုအကြောင်း စာစီစာကုံးရေးရန် တောင်းဆိုခံခဲ့ရသည်။ ထိုကျောင်းသားများထဲမှ ယေဟောဝါသက်သေ တစ်ဦးဖြစ်သူ ဘေနေဒေတာက အောက်ပါအတိုင်း ရေးသားခဲ့သည်–

“ယေဟောဝါသက်သေများသည် ကျမ်းစာမူများကို လိုက်နာ စောင့်ထိန်းကြသောကြောင့် သွေးသွင်းခြင်းကို ငြင်းပယ်သည်ဟု လူသိများသည်၊ သို့သော် ယေဟောဝါသက်သေများသည် အခြားသောကုသမှုများကို လက်မခံဟု ယင်းကမဆိုလိုပါ။ အမှန်မှာ ယေဟောဝါသက်သေများသည် သူတို့၏ကျန်းမာရေးကို အလေးထားကြသည်။ သူတို့ကိုယ်တိုင်နှင့် သူတို့၏သားသမီးများအတွက် အကောင်းဆုံးဆေးကုသမှုကိုရရှိရန် ကြိုးစားရှာဖွေကြသည်။ သူတို့၏ယုံကြည်ချက်များကို ဆရာဝန်များ လေးစားနေသရွေ့ သူတို့ပူးပေါင်းဆောင်ရွက်လိုကြသည်။”

ထို့နောက် ဘေနေဒေတာက ဤသို့ထပ်ဆင့်ခဲ့သည်– “လူနာတိုင်းသည် မိမိတို့အတွက် အကောင်းဆုံးဟုယူဆသော ကုသမှုကို ရွေးချယ်ပိုင်ခွင့်၊ လေးစားခံရပိုင်ခွင့်နှင့် သူခံယူမည့်ကုသမှု၏ အကျိုးအပြစ်များကို သိရှိပိုင်ခွင့်ရှိသည်။”

အီတလီသွေးလှူရှင်များအသင်း၏ မွန်တာရီဇိုရုံးခွဲသည် အကြောင်းအရာပေါ်မူတည်၍ မိမိတို့၏ကိုယ်ပိုင်ယူဆချက်များကို အကောင်းဆုံးဖော်ပြခဲ့သည့် ကျောင်းသားများအား ဆုများချီးမြှင့်ခဲ့သည်။ အီတလီမဂ္ဂဇင်းတစ်စောင် (Monterenzio Vivace) တွင်ပါရှိသော သတင်းတစ်ပုဒ်တွင် “ဘေနေဒေတာဘာဘီ၏ စာစီစာကုံးသည် အီတလီသွေးလှူရှင်များအသင်း၏ ရပ်တည်ချက်နှင့် လုံးဝမတူသည့် အကြောင်းအရာများဖြစ်ကာ လူအများစု၏ခံယူချက်နှင့် ဆန့်ကျင်သော်လည်း သူမသည် မိမိ၏ယုံကြည်ချက်များကို မျှမျှတတနှင့် ယဉ်ယဉ်ကျေးကျေး တင်ပြနိုင်သောကြောင့် ချီးမွမ်းခံခဲ့ရသည်” ဟုဖော်ပြခဲ့၏။

ယေဟောဝါသက်သေများ၏ သွေးနှင့်ပတ်သက်သောရပ်တည်ချက်သည် “လူအများစု၏ခံယူချက်နှင့်ဆန့်ကျင်” သော်လည်း ယခု ဆရာဝန်များစွာက သူတို့၏ရပ်တည်ချက်တွင် ကောင်းကျိုးရှိကြောင်း သိမြင်လာကြပြီဖြစ်သည်။ သက်သေခံများ၏ရပ်တည်ချက်သည် ဆန်းသစ်သော ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်း အတော်များများကို အထောက်အကူပြုခဲ့ပြီး ခွဲစိတ်နေချိန်အတွင်း သွေးဆုံးရှုံးမှုကို လျော့နည်းစေသည်။ ယင်းကြောင့် သက်သေခံများနှင့် သက်သေခံမဟုတ်သည့် လူနာများပါ ထပ်တူအကျိုးကျေးဇူးများ ခံစားခဲ့ကြရသည်။ သို့သော် နိဒါန်းတွင်ဖော်ပြခဲ့သည့်အတိုင်း ယေဟောဝါသက်သေများ သွေးကိုငြင်းပယ်ရသည့် အဓိကအကြောင်းရင်းမှာ သမ္မာကျမ်းစာပေါ် အခိုင်အမာအခြေပြုသည်။

နောက်တစ်ကြိမ် ယေဟောဝါသက်သေများ သင့်အိမ်သို့ လာလည်ပတ်သောအခါ သွေးနှင့် ပတ်သက်သည့် ဖန်ဆင်းရှင်၏အမြင်ကို မေးမြန်းကြည့်ပါလေ။ သူတို့သည် သင်နှင့်အတူ “အလွန်လေးစားသောသဘောဖြင့်” ထက်သန်စွာ ဆွေးနွေးပါလိမ့်မည်။—၁ ပေတရု ၃:၁၅

[စာမျက်နှာ ၁၈ ပါ လေးထောင်ကွက်/ရုပ်ပုံ]

ထပ်ဆင့်အချက်အလက်များ

အသိအမှတ်ပြုခံရသော ပညာရှင်များစွာ၏ အကူအညီဖြင့် သွေးသွင်းခြင်းအစား အခြားရွေးချယ်စရာများ ဒီဗီဒီတွင် သွေးသွင်းခြင်းအစား အခြား ရွေးချယ်စရာများနှင့် နှီးနွှယ်သော ဆေးဘက်ဆိုင်ရာ၊ တရားဥပဒေဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာမူဝါဒများအကြောင်း တင်ပြထားသည်။ ယင်းကို ယေဟောဝါသက်သေများထံမှ ရရှိနိုင်ပါသည်။