လူ့အသက် မည်သည့်အချိန်တွင် စတင်သနည်း
လူ့အသက် မည်သည့်အချိန်တွင် စတင်သနည်း
“ကျွန်မရဲ့မိခင်ဟာ ဆေးထိုးပြီး ကိုယ်ဝန်ဖျက်ချဖို့ (saline abortion) ဆုံးဖြတ်ခဲ့တုန်းက သူ့ရဲ့အသက်က ၁၇ နှစ်ပဲရှိပြီး ကိုယ်ဝန်ကတော့ ၇ လခွဲရှိနေပြီ” ဟုဂျန်နာက ရှင်းပြခဲ့သည်။ * “သူဖျက်ချခဲ့တဲ့ကလေးက ကျွန်မပါပဲ။ ကျွန်မ သေရမယ့်အစား အသက်ရှင်ခဲ့တယ်” ဟုသူကဆက်ပြောခဲ့သည်။
ယင်းသည် ၁၉၉၆ ခုနှစ်တွင် ကိုယ်ဝန်ဖျက်ချခြင်းကိစ္စကို အမေရိကန်အစိုးရကော်မတီမှ မကြားနာမီ အသက် ၁၉ နှစ်အရွယ် ဂျန်နာ၏ထွက်ဆိုချက် ဖြစ်သည်။ ဂျန်နာသည် မိခင်၏သားအိမ်ထဲတွင် ခုနစ်လခွဲအရွယ်ရှိစဉ်က ၎င်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် ပီပြင်စွာ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။ သူသည် အမှန်တကယ်ပင် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သင်သဘောတူပေမည်၊ အကြောင်းမှာ သူသည် သားအိမ်ပြင်ပသို့ရောက်သောအခါ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်အသက်ရှင်သောကြောင့်ဖြစ်၏။
သို့ဆိုလျှင် တစ်လက်မ၏ သုံးပုံတစ်ပုံအရွယ်အစားရှိ ငါးပတ်သားအရွယ်ရောက်နေသော ဂျန်နာအတွက်ကောအသို့နည်း။ ၎င်း၏ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် လုံးလုံးလျားလျား ရုပ်လုံးမပေါ်သေးသည်မှာ မှန်သော်လည်း ၎င်း၏ဦးနှောက်အပါအဝင် နဗ်ကြောစနစ်အတွက် အခြေခံကို ဖွဲ့စည်းတည်ဆောက်ပြီးသားဖြစ်၏။ သူ၏နှလုံးသည် တစ်မိနစ်လျှင် အကြိမ် ၈၀ ခုန်နေပြီး သွေးများကို သွေးကြောများထဲသို့ တွန်းပို့ပေးသည်။ ထို့ကြောင့် ဂျန်နာသည် သားအိမ်ထဲတွင် ခုနစ်လခွဲကြာတည်ရှိပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်ဆိုလျှင် သူသည် ငါးပတ်သားအရွယ်တွင် ခုနစ်လခွဲအရွယ်လောက် မကြီးထွားသေးသော်လည်း လူပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်၏ဟု ကောက်ချက်ချခြင်းက ကျိုးကြောင်းမဆီလျော်ပေလော။
အံ့ဖွယ်သန္ဓေတည်ခြင်း
သန္ဓေသားလောင်း၏ အစိတ်အပိုင်းအားလုံး ဖွံ့ဖြိုးတိုးတက်မှုသည် ဖိုသုက်ပိုးတစ်ခုနှင့် မမျိုးဥတို့ပေါင်းစပ်၍ မျိုးအောင်ကာ သန္ဓေတည်ချိန်တွင် စတင်၏။ နည်းပညာရပ်တွင် အသစ်သောတိုးတက်မှုများက သိပ္ပံပညာရှင်များအား ဆဲလ်တစ်ခုတည်းရှိသော မျိုးအောင်ဥ၏ နယူကလိယပ်စ်တွင် ဖြစ်ပျက်နေသည့် အံ့ဖွယ်အပြောင်းအလဲများကို တွေ့ မြင်စေနိုင်ခဲ့သည်။ ဖခင်နှင့်မိခင်တို့၏ ဒီအဲန်အေ (deoxyribonucleic acid) ဖြင့်ဖွဲ့စည်းထားသော မော်လီကျူးများသည် တစ်ခါမျှမတည်ရှိခဲ့သော လူ့အသက်တစ်ချောင်းကိုဖန်တီးရန် ပေါင်းစပ်လိုက်ကြသည်။
အင်္ဂါစုံလင်သောလူသားတစ်ဦးကို ဖွဲ့စည်းတည်ဆောက်ပေးသည့် အမှန်ပင်အံ့ဖွယ်ကောင်းသောဖြစ်စဉ်သည် မူလဆဲလ်တစ်ခုတည်းမှ အစပြု၏။ ယင်း “ဖွဲ့စည်းတည်ဆောက်မှု” စီမံကိန်း၏ သဘောသဘာဝကို ဒီအဲန်အေအပိုင်းများဖြစ်သော မျိုးရိုးဗီဇများဖြင့် သတ်မှတ်ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နှင့်ပတ်သက်သော အရာမှန်သမျှနီးပါးကို မျိုးရိုးဗီဇများက ထိန်းချုပ်၏။ အရပ်အမောင်း၊ မျက်နှာပေါက်၊ မျက်လုံးနှင့်ဆံပင်အရောင်စသည်တို့အပြင် အခြားစရိုက်များစွာကိုလည်း မျိုးရိုးဗီဇက ဆုံးဖြတ်ပေး၏။
ယင်းနောက် မူလဆဲလ် ကွဲပြားသွားသည်နှင့်အမျှ ပြည့်စုံသောမျိုးရိုးဗီဇဆိုင်ရာ “ပုံစံပြာ” သည် ဆဲလ်အသစ်တိုင်းတွင် ပုံတူပွား၍ပါသွားသည်။ အံ့ဩစရာမှာ ယင်းဆဲလ်တစ်ခုစီကို လိုအပ်သည့် မည်သည့်ဆဲလ်မဆိုအဖြစ် ကြီးထွားလာစေရန် ရေးဆွဲထားခြင်းဖြစ်၏။ ယင်းတွင် နှလုံးတစ်ရှူး၊ ဦးနှောက်ဆဲလ်များ၊ အရိုး၊ အရေပြားနှင့် မျက်လုံးအတွက် ထွင်းဖောက်မြင်နိုင်သောတစ်ရှူးပင်လျှင် ပါဝင်၏။ လူပုဂ္ဂိုလ်အသစ်တစ်ဦး
ကြီးထွားဖွံ့ဖြိုးလာရန် မူလဆဲလ်အတွင်း၌ အစကတည်းက စီစဉ်ရေးဆွဲထားခြင်းကို “အံ့ဖွယ်တစ်ပါး” အဖြစ် ရည်ညွှန်းလေ့ရှိသည်ကို နားလည်နိုင်ပါသည်။“လူသားတစ်ဦးရဲ့ဘဝတစ်ခုလုံး ကြီးထွားဖွံ့ဖြိုးဖို့ ဆဲလ်တစ်ခုတည်းမှာပဲ အပြည့်အစုံစီစဉ်ရေးဆွဲထားတယ်” ဟုနာမည်ကြီး မော်လီကျူးဇီဝဗေဒပညာရှင် ဒေါက်တာ ဒေးဗစ် ဖူချီ မာ့ခ်က ပြောပြခဲ့သည်။ “လူသားတစ်ဦးစီဟာ သူ့ရဲ့အသက်တာစတင်တဲ့ သန္ဓေအောင်ချိန်ကစပြီး တစ်မူထူးခြားနေတယ်ဆိုတာ သံသယဝင်စရာအကြောင်းမရှိဘူး” ဟု၎င်းက ကောက်ချက်ချခဲ့သည်။
သားအိမ်ထဲတွင် လူတစ်ဦးရှိသလော
သားအိမ်ထဲတွင် သန္ဓေတည်ချိန်မှစ၍ ကလေးသည် မိခင်၏ နောက်ထပ်တစ်ရှူးအပိုင်းအစတစ်ခု ဖြစ်ရုံသာမက သီးခြားပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ မိခင်၏ကိုယ်ခန္ဓာက ယင်းကို ပြင်ပအရာဝတ္ထုတစ်ခုအဖြစ် ရှုမြင်သည်။ မိခင်၏သားအိမ်အတွင်း ယင်းကို အထူးကာကွယ်စောင့်ရှောက်မှုမပေးလျှင် ယင်းသည် လျင်မြန်စွာ ဖယ်ရှားခံရပေမည်။ အမြှေးပါးဖြင့် ကာကွယ်ဝိုင်းရံထားပေးခြင်းဖြင့် မိခင်မှ ခွဲထွက်လာသော ဤအသစ်စက်စက် လူသားကလေးသည် တစ်မူထူးခြားသော ဒီအဲန်အေ လက်ဗွေရာတစ်ခုရှိသည့် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။
အမျိုးသမီးတစ်ဦး၏ကိုယ်ခန္ဓာသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်းမဟုတ်မှုများကြောင့် သန္ဓေအောင်မျိုးဥများစွာကို အလိုအလျောက်ပင် ဖျက်ချလိုက်ရာ ဆရာဝန်တစ်ဦးသည် အဘယ်ကြောင့် ကိုယ်ဝန်ကို မဖျက်ချပေးသင့်သနည်းဟု တချို့က စောဒကတက်ကြသည်။ သို့သော် အလိုအလျောက်သေဆုံးခြင်းနှင့် တမင်တကာလူသတ်ခြင်းက အလွန်ကွာခြားပါသည်။ တောင်အမေရိကနိုင်ငံတစ်နိုင်ငံ၌ ကလေး ၁,၀၀၀ တွင် ၇၁ ဦးသည် တစ်နှစ်သားအရွယ်အတွင်း သေဆုံးသွားကြ၏။ သို့သော် အချိန်မတန်မီ ဤမျှအများအပြား သေဆုံးသွားခြင်းက တစ်နှစ်အောက်အရွယ်ရှိ ကလေးတစ်ဦးအားသတ်ခြင်းကို လက်ခံနိုင်ဖွယ်ရာဖြစ်စေမည်လော။ ဖြစ်မည်မဟုတ်ပေ။
သမ္မာကျမ်းစာတွင် သားအိမ်ထဲ တည်ရှိနေသည့် လူ့အသက်အကြောင်း ဖော်ပြထားသည်မှာ ထူးခြား၏။ ဘုရားသခင်နှင့်စပ်လျဉ်း၍ ဆာလံဆရာဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေး [“သန္ဓေသားလောင်း၊” ကဘ] ကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။” (ဆာလံ ၁၃၉:၁၆) ဒါဝိဒ်သည် “သန္ဓေသားလောင်းတစ်ခု” ဟုသာပြောနေခြင်းမဟုတ်ဘဲ “အကျွန်ုပ်၏ သန္ဓေသားလောင်း” ကိုပြောနေခြင်းဖြစ်သည်၊ ထို့ကြောင့် ဒါဝိဒ်၏အသက်သည် ၎င်းမမွေးဖွားမီ ကြာမြင့်စွာကတည်းက ပဋိသန္ဓေတည်နေစဉ်မှာပင် စတင်ခဲ့ကြောင်း အတိအကျ ဖော်ပြနေခြင်းဖြစ်သည်။ ထို့ ပြင် ပဋိသန္ဓေတည်နေစဉ်က မိမိ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် ကြိုတင်ပုံစံဆွဲထားရာနှင့်အညီ သို့မဟုတ် ဒါဝိဒ်ဟူသည့်ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေသော အသေးစိတ် ‘မှတ်သား’ ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကြီးထွားဖွံ့ဖြိုးလာကြောင်း ဘုရားသခင်၏တန်ခိုးတော်ကိုခံရကာ ဒါဝိဒ်ဖော်ပြခဲ့၏။
အမျိုးသမီးတစ်ဦးသည် တစ်ရှူးအပိုင်းအစတစ်ခုကို ကိုယ်ဝန်လွယ်ထားရသည်ဟု သမ္မာကျမ်းစာက မဆိုထားကြောင်းလည်း ကျေးဇူးပြု၍ သတိပြုပါ။ ယင်းအစား “သားယောက်ျားပဋိသန္ဓေတည်ပြီ” ဟုကျမ်းစာကဆို၏။ (ယောဘ ၃:၃၊ သမ္မာ) သမ္မာကျမ်းစာအရ ကလေးတစ်ဦးသည် ၎င်းပဋိသန္ဓေတည်သည့်အချိန်မှစ၍ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် တည်ရှိနေပြီဖြစ်ကြောင်းလည်း ယင်းကဖော်ပြသည်။ မှန်ပါသည်၊ ယင်းသည် လူ့အသက် စတင်သည့်အချိန်ပင်ဖြစ်၏။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ဆေးထိုး၍ ကိုယ်ဝန်ဖျက်ချခြင်း (saline abortion) တွင် အဆိပ်အတောက်ဖြစ်စေသော ဆားပျော်ရည်ကို မိခင်၏သားအိမ်ထဲ ထိုးသွင်းခြင်းပါဝင်သည်၊ ယင်းအရည်ကို ကလေးမျိုချလိုက်သည့်အခါ များသောအားဖြင့် နှစ်နာရီအတွင်း သေဆုံးသွား၏။ မိခင်သည် ၂၄ နာရီခန့်အကြာတွင် ကလေးအသေကို မွေးဖွားသည်၊ အချို့အခြေအနေများတွင် သေအံ့ဆဲဆဲကလေးကို မွေးဖွားသည်။
[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံများ]
ငါးပတ်သားအရွယ် သန္ဓေသားလောင်းသည် တစ်ရှူးအပိုင်းအစတစ်ခုမျှသာမဟုတ် —ယင်းအထဲတွင် အရွယ်ရောက်သူတစ်ဦး၏ ကိုယ်အင်္ဂါအားလုံးအတွက် အခြေခံရှိပြီးသားဖြစ်
(ပကတိအရွယ်အစား)