မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်သူကို ကြောက်ရွံ့သင့်သလော

သေလွန်သူကို ကြောက်ရွံ့သင့်သလော

သမ္မာကျမ်းစာရှုထောင့်

သေလွန်သူကို ကြောက်ရွံ့သင့်သလော

နိုင်ဂျီးရီးယားနိုင်ငံမှ အန်နန်လူမျိုးသည် သေလွန်သူများအား သင့်လျော်သော ချီးမြှောက်မှုနှင့် အသိအမှတ်ပြုမှုတို့ဖြင့် မသင်္ဂြိုဟ်ပါက သူတို့၏ဝိညာဉ်များသည် မိသားစုဝင်များအား—သေစေခြင်းအပါအဝင်—ဒုက္ခပေးလိမ့်မည်ဟု ယုံကြည်ကြ၏။ တရုတ်လူမျိုးအချို့လည်း သေလွန်သူများအား ရိုးရာထုံးစံအတိုင်း မသင်္ဂြိုဟ်ပါက သူတို့၏ဝိညာဉ်သည် အခြားသူများအား တိုက်ခိုက်၍ သေပင်သေစေလိမ့်မည်ဟု ယုံကြည်ကြ၏။

လူသေသောအခါ ဝိညာဉ်၊ လိပ်ပြာကဲ့သို့သော အရာတစ်ခုခုသည် ကိုယ်ခန္ဓာမှထွက်ခွာသွားသည်ဟူသော ယုံကြည်ချက်ကို ကမ္ဘာတစ်ဝန်းမှ ယဉ်ကျေးမှုများစွာတွင် တွေ့ရသည်မှာ အဆန်းမဟုတ်ပါ။ ထိုဝိညာဉ် သို့မဟုတ် လိပ်ပြာသည် မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်သည်ဟုလည်း လူအများက ယုံကြည်ကြ၏။

သို့သော် လူတစ်ဦးသေဆုံးသွားသောအခါ သတိရှိသောအရာတစ်ခုခု အမှန်ပင် အသက်ရှင်ကျန်ရစ်သလော။ ထို “အရာတစ်ခုခု” သည် အသက်ရှင်နေသူအား အန္တရာယ်ပေးနိုင်သလော။ သမ္မာကျမ်းစာရှုထောင့်ကား အဘယ်နည်း။

သေလွန်သူတို့သည် သတိရှိကြသလော

သေလွန်သူတို့သည် “အဘယ်အရာကိုမျှမသိ” ဟု သမ္မာကျမ်းစာတွင် အတိအလင်းဖော်ပြထား၏။ သေလွန်သူတို့သည် “သင်္ချိုင်းသားဖြစ်” ၏ဟုလည်း ယင်းတွင်ဖော်ပြထားသည်။ (ဒေ. ၉:၅; ဟေရှာယ ၂၆:၁၄) ပထမလူသားအာဒံနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်တော်က ဤသို့ရှင်းပြသည်– “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။”—ကမ္ဘာဦး ၂:၇

အာဒံသည် အသက်ရှင်သောသတ္တဝါ သို့မဟုတ် အသက်ရှင်သော လူပုဂ္ဂိုလ်အဖြစ် ဖန်ဆင်းခံရကြောင်း သတိပြုပါ။ သမ္မာကျမ်းစာအရ အာဒံသည် သူ၏ခန္ဓာကိုယ်မှ သီးခြားခွဲထွက်၍ အသက်ရှင်နိုင်သော ဝိညာဉ်ပေးအပ်ခြင်း မခံရပါ။ ထို့ကြောင့် အာဒံအပြစ်လုပ်သောအခါ သူသေဆုံးခဲ့သည်။ သူသည် “အသေကောင်” ဖြစ်သွားသည်။ (ဝတ်ပြုရာ ၆:၆) သမ္မာကျမ်းစာက “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်” ဟုလည်း ဆိုသည်။ (ယေဇကျေလ ၁၈:၄) ကျွန်ုပ်တို့အားလုံးသည် ပထမလူအာဒံထံမှ အပြစ် သို့မဟုတ် မစုံလင်မှုကို အမွေခံခဲ့ကြရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သေဆုံးသောအခါ ဝိညာဉ်လည်း သေသည်။—ရောမ ၅:၁၂

သမ္မာကျမ်းစာတွင် သေလွန်သူတို့၏အခြေအနေကို ဖော်ပြသည့်အခါ နားလည်ရခက်သောအသုံးအနှုန်းများကို အသုံးမပြုပါ၊ “အိပ်ပျော်ခြင်းသို့ရောက်” ဟူသော ကျွန်ုပ်တို့နားလည်နိုင်သည့် အသုံးအနှုန်းများကိုသာ အသုံးပြုသည်။ (ဆာလံ ၁၃:၃) တစ်ကြိမ်တွင် ယေရှုသည် ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့်ပတ်သက်၍ “သေသည်မဟုတ်၊ အိပ်ပျော်နေခြင်းဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ လူများသည် ‘သူငယ်မ သေကြောင်းကိုသိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။’ သို့သော် ယေရှုသည် သူမအား သေခြင်းတွင် အိပ်ပျော်နေခြင်းမှ နိုးထစေခဲ့သည်ဟု သမ္မာကျမ်းစာက ရှင်းပြသည်။—လုကာ ၈:၅၁-၅၄

လာဇရုသေဆုံးစဉ်ကလည်း ထိုအတိုင်းပင်ဖြစ်ခဲ့သည်။ လာဇရုကို “နှိုးရန်” သွားမည်ဟု မိမိ၏တပည့်များအား ယေရှုမိန့်တော်မူခဲ့သည်။ ကိုယ်တော်အဘယ်အရာကိုဆိုလိုကြောင်း တပည့်များ မသိကြသောကြောင့် “ယေရှုက ‘လာဇရုသေပြီ’ . . . ဟုပွင့်လင်းစွာ မိန့်တော်မူခဲ့၏။” တမန်တော်ပေါလုကလည်း “သေခြင်း၌အိပ်ပျော်လျက်ရှိသူတို့” အကြောင်းပြောဆိုခဲ့ပြီး ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် သူတို့ အသက်ပြန်ရှင်လာမည်ဟု ပြောခဲ့သည်။—ယောဟန် ၁၁:၁၁-၁၄; ၁ သက်သာလောနိတ် ၄:၁၃-၁၅

လူတစ်ဦးသည် သေပြီးနောက် ၎င်း၏ကိုယ်ခန္ဓာမှ အစိတ်အပိုင်းတစ်ခုခု အသက်ရှင်ကျန်နေသည်ဟု သမ္မာကျမ်းစာ၏ မည်သည့်နေရာ၌မျှ မသွန်သင်ထားသည်မှာ မှတ်သားဖွယ်ပင်။ ထို့ကြောင့် သေလွန်သူများအားကြောက်ရွံ့ရန် အကြောင်းမရှိချေ။ သို့ဆိုလျှင် သေလွန်ပြီးနောက် တစ်စုံတစ်ရာအသက်ရှင်ကျန်ရစ်သည်ဟူသော အများလက်ခံသည့် ယုံကြည်ချက်အတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ သေလွန်သူများသည် အသက်ရှင်သူများကို အန္တရာယ်ပြုနိုင်သည်ဟူသော ကြောက်ရွံ့မှု၏နောက်ကွယ်တွင် အဘယ်အရာရှိသနည်း။

မုသာ—လှည့်စားမှု

လူသည် သေသွားသောအခါ အမှန်တကယ်မသေဟူသောအယူအဆကို အယူမှားဝတ်ပြုရေးများက မြေတောင်မြှောက်ပေးသည်။ လူ့သမိုင်းအစောပိုင်း၌ ဝိညာဉ်မသေနိုင်ဟူသောသွန်သင်ချက်ကို ကမ္ဘာတစ်ဝန်းက လက်ခံခဲ့သည်။ ရလဒ်အနေနှင့် ရှေးခေတ်အီဂျစ်ဘုရင်ဖာရောကဲ့သို့သော အုပ်စိုးရှင်အချို့ သေဆုံးသွားသည့်အခါ သူတို့၏ကျွန်များကိုလည်း ကွပ်မျက်ရ၏၊ အကြောင်းမှာ အုပ်စိုးရှင်များ နောင်ဘဝတွင် ခိုင်းစေရန်အတွက်ဖြစ်သည်။

လူအများသည် သေလွန်သူဝိညာဉ်များ၏ တိုက်ခိုက်နှောင့်ယှက်မှုကို ခံနေရသည်ဟု ယုံကြည်ကြ၏။ ယင်းသို့သောတိုက်ခိုက်နှောင့်ယှက်မှုသည် သေလွန်သူဆွေမျိုးများ၏ ဝိညာဉ်များနှင့် မိမိတို့ကိုမကျေနပ်သော အခြားဝိညာဉ်များမှလာခြင်းဖြစ်သည်ဟု လူအများက ယုံကြည်ကြ၏။ သို့သော် သမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့်အတိုင်း ယင်းသည် မမှန်ချေ။ ယင်းသို့သောတိုက်ခိုက်မှုများ၏နောက်ကွယ်တွင် နတ်ဆိုးများဟုခေါ်သော မမြင်နိုင်သည့်ဝိညာဉ် အင်အားစုများရှိပြီး သူတို့သည် လူများအား တိုက်ခိုက်ခြောက်လှန့်ရသည်ကို နှစ်သက်ကြ၏။—လုကာ ၉:၃၇-၄၃; ဧဖက် ၆:၁၁၊ ၁၂

သမ္မာကျမ်းစာက စာတန်အား “အလင်း၏ကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်” သော “မုသာ၏အဖ” ဟုခေါ်သည်။ သူနှင့် သူ၏နတ်ဆိုးများသည် “လူနေထိုင်ရာမြေတစ်ပြင်လုံးကို လှည့်စား” သူများဖြစ်ကြသည်။ (ယောဟန် ၈:၄၄; ၂ ကောရိန္သု ၁၁:၁၄; ဗျာ. ၁၂:၉) အမှန်မှာ ဝိညာဉ်သည်မသေဘဲ အသက်ရှင်နေသူများအား အန္တရာယ်ပြုနိုင်သည်ဟူသော မုသာ၏နောက်ကွယ်တွင် စာတန်တည်ရှိသည်။

သို့သော် သမ္မာကျမ်းစာကို ယုံကြည်သူများသည် ဤသို့သောမုသာ၏လှည့်စားမှုမှ ကာကွယ်ခံရကြ၏။ သေလွန်သူတို့သည် အသက်ရှင်သူများနှင့် အဆက်အသွယ်လုပ်နိုင်သည်ဟု ယုံကြည်စေရန် လူများအား စာတန်လှည့်စားရန်ကြိုးစားနေသည်ဟူသော အမှန်တရားကို သူတို့သိလာကြရသည်။ အမှန်မှာ သမ္မာကျမ်းစာ မိန့်ဆိုသည့်အတိုင်း “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” ချေ။ (ဒေ. ၉:၅) အမှန်ပင် ဘုရားသခင့်နှုတ်မြွက်တော်တွင် သေလွန်သူတို့၏အခြေအနေနှင့်ပတ်သက်သည့် မုသားများမှ လွတ်မြောက်စေသော အမှန်တရားများပါဝင်သည်။—ယောဟန် ၈:၃၂

သင်စဉ်းစားဖူးသလော

▪ လူသေတို့သည် သတိရှိကြသလော။—ဒေ. ၉:၅; ဟေရှာယ ၂၆:၁၄

▪ လူသေပြီးနောက် လူ့အစိတ်အပိုင်းတစ်ခု ဆက်အသက်ရှင်သည်ဟူသော ယုံကြည်ချက်အတွက် တာဝန်ရှိသူကား မည်သူနည်း။—ယောဟန် ၈:၄၄

▪ သေလွန်သူတို့၏အခြေအနေနှင့်ပတ်သက်သည့် အမှန်တရားကို မည်သည့်နေရာတွင် တွေ့နိုင်သနည်း။—ယောဟန် ၈:၃၂; ၁၇:၁၇

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

သေလွန်သူတို့မဟုတ်ဘဲ ဆိုးညစ်သောဝိညာဉ်သတ္တဝါများသည် လူတို့အား တိုက်ခိုက်နှောင့်ယှက်ရသည်ကို နှစ်သက်ကြ