မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်ကို ပညာရှိရှိ ငါဘယ်လိုအသုံးပြုနိုင်မလဲ

အချိန်ကို ပညာရှိရှိ ငါဘယ်လိုအသုံးပြုနိုင်မလဲ

ငယ်များအမေး

အချိန်ကို ပညာရှိရှိ ငါဘယ်လိုအသုံးပြုနိုင်မလဲ

“ကျွန်တော့်ကို လေးနာရီလောက်မှာ တစ်နေရာရာမှာရှိနေစေချင်တယ်ဆိုရင် အဲဒီကို သုံးနာရီလောက်မှာ ရောက်နေရမယ်လို့ ပြောသင့်တယ်ဆိုပြီး ကျွန်တော့်အကြောင်း နောက်ပြောင်နေတာကို အမှတ်တမဲ့ကြားလိုက်ရတယ်။ အဲဒါက ကျွန်တော့်ရဲ့အချိန်ကို ပိုပြီးပညာရှိရှိ အသုံးပြုဖို့ လိုအပ်နေပြီဆိုတာ နားလည်စေခဲ့တယ်။”—ရစ်ကီ။ *

သင်သည် တစ်ရက်လျှင် အချိန်မည်မျှများများ ပို၍အသုံးပြုနိုင်သနည်း။ ပိုနေသောအချိန်ကို အဘယ်အရာအတွက် သင်အသုံးပြုမည်နည်း။

□ သူငယ်ချင်းများနှင့်အတူသုံးရန်

□ အိပ်ရန်

□ လေ့လာရန်

□ ကာယလေ့ကျင့်ခန်းလုပ်ရန်

□ အခြား ․․․․․

တစ်ရက်လျှင် အချိန်ပိုအနည်းငယ်ရရှိခြင်းက ကောင်းမည်ဖြစ်သော်လည်း ယင်းသို့ဖြစ်လာမည်မဟုတ်ချေ။ ထို့ကြောင့် သင် အဘယ်အရာကို ပြုလုပ်နိုင်သနည်း။ အချိန်ကို ပညာရှိရှိအသုံးပြုခြင်းက မိမိတို့အလွန်လိုအပ်နေသော အချိန်ပိုအနည်းငယ်ရရန် အထောက်အကူပြုကြောင်း လူငယ်များစွာ သိရှိခဲ့ကြသည်။ ထို့ပြင်၊ မိမိတို့၏အချိန်ကို ထိန်းချုပ်ကွပ်ကဲခြင်းက ဖိစီးမှုများကို လျော့နည်းစေပြီး မိမိတို့၏အဆင့်ကို ကောင်းမွန်လာစေကာ မိမိတို့၏မိဘများထံမှ ယုံကြည်မှုကို ပို၍ရရှိစေခဲ့ကြောင်း သတိပြုမိခဲ့ကြသည်။ အချိန်ကို မည်သို့ပညာရှိရှိအသုံးပြုခြင်းက သင့်ကို အထောက်အကူပြုနိုင်ကြောင်း ကြည့်ကြစို့။

စိန်ခေါ်ချက် # ၁ အချိန်ဇယားတစ်ခုဆွဲခြင်း

သင့်ကို တားဆီးနိုင်သောအရာ။ အချိန်ဇယားဆွဲဖို့ တွေးလိုက်ရုံဖြင့် ယင်းက သင့်အား ချောင်ပိတ်မိနေသည်ဟု ခံစားရစေသည်။ သင်သည် လွတ်လွတ်လပ်လပ်နေရသည်ကို နှစ်သက်ပြီး သင့်အသက်တာ၏ မိနစ်တိုင်းအား အချိန်ဇယားတစ်ခုက ထိန်းချုပ်သည်ကို သင်မလိုလားချေ။

လုပ်ကိုလုပ်ရသည့်အကြောင်းရင်း။ ဘုရင်ရှောလမုန် ဤသို့ရေးခဲ့သည်– ‘လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်ဆိုင်ပေ၏။’ (သု. ၂၁:၅) ရှောလမုန်သည် အလုပ်များသူတစ်ဦးဖြစ်သည်မှာ သံသယရှိစရာမလိုပါ။ သူသည် ခင်ပွန်းသည်၊ ဖခင်တစ်ဦးနှင့် ဘုရင်တစ်ပါးဖြစ်ခဲ့သည်၊ ယင်းတို့အားလုံးသည် သူအသက် ၂၀ အရွယ်မတိုင်မီ ဖြစ်ခဲ့ပုံရသည်။ ယင်းနောက်ပိုင်း သူ့ဘဝအသက်တာတွင် ပို၍အလုပ်များခဲ့သည်။ အလားတူ၊ ယခုအချိန်တွင် သင့်ဘဝအသက်တာ၌ အလုပ်များနေသည်။ သို့သော်၊ သင်သည် အသက်ကြီးလာသည်နှင့်အမျှ ပို၍ပင် ဗျာများဖို့အကြောင်းရှိပေမည်။ အချိန်ဆွဲမနေဘဲ မြန်မြန် စနစ်တကျစီစဉ်ခြင်းက ပို၍ကောင်းပါသည်။

သင့်ရွယ်တူချင်းများပြောဆိုရာ။ “လွန်ခဲ့တဲ့ခြောက်လလောက်က ကျွန်တော့်ရဲ့အချိန်ဇယားကို စည်းစနစ်ကျအောင် စဆွဲခဲ့တယ်။ ကိစ္စရပ်တွေ ပိုပြီးလွယ်ကူသွားအောင် ကြိုးစားလုပ်ကြည့်တဲ့အခါ အချိန်ဇယားတစ်ခုရှိထားတာက အထောက်အကူပေးပုံရတယ်။”—ဂျိုးအီ။

“အစီအစဉ်စာရင်းတွေက အချိန်ဇယားအတိုင်းလိုက်ဖို့ ကျွန်မကို ထောက်ကူပေးတယ်။ အလုပ်တွေပိနေပြီဆိုရင် ကျွန်မအမေနဲ့ ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာသိဖို့ အလုပ်တွေအားလုံးကို ချရေးလိုက်တယ်။”—မာလာရီ။

သင့်ကို ကူညီပေးမည့်အရာ။ ဤသို့မြင်ယောင်ကြည့်ပါ– သင်သည် ခရီးထွက်တော့မည်ဆိုပါစို့။ မိသားစုဝင်များသည် သူတို့၏အိတ်များကို ကားနောက်ခန်းထဲသို့ ဖြစ်ကတတ်ဆန်း ထည့်သွင်းကြသည်။ ကားနောက်ခန်းသည် အိတ်အားလုံးအတွက် နေရာဆံ့မည့်ပုံမပေါ်ပေ။ သင် ဘာလုပ်နိုင်သနည်း။ သင်သည် အိတ်အားလုံးကို အပြင်ပြန်ထုတ်ပြီး အကြီးဆုံးအိတ်များကို ဦးစွာထည့်ပေမည်။ တဖြည်းဖြည်းနှင့် အိတ်ငယ်များအတွက် နေရာလွတ်များရှိသေးသည်ကို တွေ့ရ၏။

သင့်အသက်တာတွင်လည်း ထပ်တူမှန်ကန်ပါသည်။ သင့်အချိန်ကို အရေးမကြီးသောကိစ္စများဖြင့် စဖြည့်ထားသည်ဆိုပါက အရေးကြီးသောကိစ္စများဆောင်ရွက်ရန် အချိန်ပေးနိုင်တော့မည်မဟုတ်ပေ။ ဦးဆုံး အရေးကြီးသည့်ကိစ္စများအတွက် အချိန်ဖယ်ထားပါ၊ ကျန်သည့်ကိစ္စများအတွက် သင်၌ အချိန် မည်မျှထပ်ပိုနေသည်ကို သင်အံ့သြမိပေလိမ့်မည်။—ဖိလိပ္ပိ ၁:၁၀

သင်လုပ်ဆောင်ရန်လိုအပ်သည့် အရေးကြီးဆုံးကိစ္စများကား အဘယ်နည်း။

․․․․․

ယခု ဦးစားထားလုပ်ရမည့်အရာကို ပြန်စီစဉ်ပါ၊ သင် လုပ်ဆောင်ရန်လိုသည့် အရေးကြီးဆုံးကိစ္စမှစ၍ အစဉ်လိုက် နံပါတ်တပ်ပါ။ သင်သည် အရေးကြီးသည့်ကိစ္စများကို ဦးစွာ လုပ်ဆောင်ပြီးသွားသည်ဆိုလျှင် အရေးမကြီးသည့်ကိစ္စများအတွက် အချိန် မည်မျှကျန်ရှိနေသေးသည်ကို သင်အံ့သြသွားပေမည်။ သို့သော်၊ ထိုသို့မဟုတ်ပါက အကျိုးမရှိကြောင်း သတိရပါ။

သင်လုပ်ဆောင်နိုင်သောအရာ။ အိတ်ဆောင်ဇယားစာအုပ်တစ်အုပ်ရယူပြီး သင် လုပ်ဆောင်ရန်လိုအပ်သည့်ကိစ္စများကို ဦးစားပေးသတ်မှတ်ပါ။ အခြားတစ်ဖက်တွင်မူ၊ အောက်တွင်ဖော်ပြထားသော ရွေးချယ်စရာများထဲမှတစ်ခုသည် သင့်ကို အထောက်အကူပေးပါလိမ့်မည်။

□ ဆဲလ်ဖုန်းပြက္ခဒိန်

□ မှတ်စုစာရွက်ငယ်

□ ကွန်ပျူတာပြက္ခဒိန်

□ စားပွဲတင်ပြက္ခဒိန်

စိန်ခေါ်ချက် #၂ အချိန်ဇယားကို လိုက်နာခြင်း

သင့်ကို တားဆီးနိုင်သောအရာ။ သင်သည် ကျောင်းဆင်းပြီးနောက် ရုပ်မြင်သံကြားတစ်ခဏကြည့်ကာ အနားယူလိုသည်။ သို့မဟုတ် လေ့လာမှုပြုရန် အစီအစဉ်ဆွဲထားသည်၊ သို့သော် ရုပ်ရှင်ကြည့်ရန် ဖိတ်ခေါ်သည့်စာ ဖုန်းထဲဝင်လာသည်။ ရုပ်ရှင်ပြသည့်အချိန်ကို မပြောင်းလဲနိုင်ပါ၊ သို့သော် သင်သည် လေ့လာမှုကို ယနေ့ညအချိန်အထိ ရွှေ့ဆိုင်းလိုက်နိုင်သည်။ ‘ပြီးတော့ ဖုတ်ပူမီးတိုက်ဆို ငါပိုပြီး လုပ်နိုင်သလိုပဲ’ ဟုသင့်ကိုယ်သင်ပြောသည်။

လုပ်ကိုလုပ်ရသည့်အကြောင်းရင်း။ သင့်စိတ် ပို၍နိုးနိုးကြားကြားရှိသည့်အချိန်တွင် လေ့လာပါက ပို၍ကောင်းသောအဆင့်ကို ရရှိနိုင်ပါသည်။ အချိန်ဇယားအတိုင်း မလိုက်နာခြင်းက ဖိစီးမှုကိုသာ ပို၍ဖြစ်ပေါ်စေသည်မဟုတ်လော။ စာမေးပွဲနီးမှ ညဉ့်နက်သည်အထိ ဖုတ်ပူမီးတိုက်စာကျက်ခြင်းဖြင့် အဘယ်ကြောင့် ဖိစီးမှုကို ပို၍တိုးလာစေမည်နည်း။ နောက်တစ်နေ့နံနက်တွင် ဘာဖြစ်နေမည်နည်း။ အအိပ်လွန်သွား၍ ပို၍စိတ်ဖိစီးကာ တံခါးသို့ တစ်ဟုန်ထိုး ပြေးထွက်သွားပေမည်၊ ကျောင်းလည်း နောက်ကျသွားပေမည်။—သု. ၆:၁၀၊ ၁၁

သင့်ရွယ်တူချင်းများပြောဆိုရာ။ “တီဗွီကြည့်ရတာ၊ ဂစ်တာတီးရတာ၊ သူငယ်ချင်းတွေနဲ့အတူနေရတာကို ကျွန်တော်နှစ်သက်တယ်။ အဲဒီအရာတွေက မမှားပါဘူး၊ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီအရာတွေက ပိုပြီးအရေးကြီးတဲ့ကိစ္စတွေကို ဘေးချိတ်ထားလိုက်စေပြီး နောက်တော့မှ အလောသုံးဆယ်လုပ်လိုက်စေတယ်။”—ဂျူလီယံ။

သင့်ကိုကူညီပေးမည့်အရာ။ သင်လုပ်ရမည့်အရာများအတွက်သာ အစီအစဉ်မဆွဲပါနှင့်—သင် နှစ်သက်သောအရာများအတွက်လည်း အစီအစဉ်ဆွဲပါ။ “နောက်ပိုင်းမှာ ကျွန်တော်နှစ်သက်တဲ့အရာတွေကို လုပ်ဆောင်ဖို့ အစီအစဉ်ဆွဲထားတယ်ဆိုတဲ့အသိက ကျွန်တော်လုပ်ရမယ့်အရာတွေကို လုပ်ဆောင်ဖို့ ပိုပြီးလွယ်ကူစေတယ်” ဟုဂျူလီယံကဆို၏။

အခြားအကြံတစ်ရပ်– ပန်းတိုင်ကြီးတစ်ခုထားပါ၊ ထို့နောက် သင့်အစီအစဉ်အတိုင်းသွားနေဆဲဖြစ်ကြောင်း သေချာစေရန် ပန်းတိုင်ငယ်များချမှတ်ပါ။ အစောပိုင်းတွင်ဖော်ပြခဲ့သည့် အသက်ဆယ့်ခြောက်နှစ်အရွယ် ဂျိုးအီက ဤသို့ပြောသည်– “ကျွန်တော် အချိန်ပြည့် ကျမ်းစာသွန်သင်သူတစ်ယောက်ဖြစ်ချင်တယ်။ အဲဒီပန်းတိုင်က ကျွန်တော့်ရဲ့အချိန်ဇယားအတိုင်း အခုကတည်းက စွဲစွဲမြဲမြဲလိုက်လုပ်ဖို့ ထောက်ကူပေးပြီး နောက်ပိုင်း ပိုပြီးအလုပ်များမယ့် ဘဝအတွက်ပါ ကြိုတင်ပြင်ဆင်ပေးတယ်။”

သင်လုပ်ဆောင်နိုင်သောအရာ။ နောက်ခြောက်လအတွင်း သင်ရောက်ရှိနိုင်သော လက်တွေ့ကျပန်းတိုင် တစ်ခု သို့မဟုတ် နှစ်ခုမှာ အဘယ်နည်း။

․․․․․

နောက်နှစ်,နှစ်အတွင်း အဘယ်လက်တွေ့ကျပန်းတိုင်တစ်ခုကို သင်ရောက်ရှိနိုင်သနည်း၊ ထိုပန်းတိုင်သို့ရောက်ရှိရန် ယခုအချိန်မှစ၍ သင် အဘယ်အရာကို လုပ်ဆောင်ဖို့ လိုအပ်သနည်း။

․․․․․

စိန်ခေါ်ချက် #၃ သပ်သပ်ရပ်ရပ်နှင့် စည်းစနစ်ကျပါ

သင့်ကို တားဆီးနိုင်သောအရာ။ သပ်သပ်ရပ်ရပ်နှင့် စည်းစနစ်ကျခြင်းက သင့်အချိန်ကို ပို၍ပညာရှိရှိ အသုံးပြုစေနိုင်ပုံကို သင်မသေမချာဖြစ်နေသည်။ ထို့ပြင် ရှုပ်ပွနေခြင်းက အလွန်လွယ်ကူစေပုံပေါက်သည်။ သင့်အခန်းသန့်ရှင်းရေးကို မနက်ဖြန်တွင် လုပ်နိုင်သည်—သို့မဟုတ် လုံးဝမလုပ်လျှင်လည်း ရသည်။ ရှုပ်ပွနေခြင်းသည် တကယ့်ကြီးမားသော ပြဿနာတစ်ခုမဟုတ်သောကြောင့် ယင်းကို သင်စိတ်အနှောင့်အယှက်မဖြစ်ပါ။ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာလော။

လုပ်ကိုလုပ်ရသည့်အကြောင်းရင်း။ အရာရာတိုင်းကို သပ်သပ်ရပ်ရပ်နှင့် စနစ်တကျထားရှိခြင်းက ပစ္စည်းတစ်ခုခုကို သင်ရှာဖွေသောအခါ အချိန်ကုန်သက်သာစေပါလိမ့်မည်။ ယင်းက အလွန်လိုအပ်သော စိတ်ငြိမ်သက်မှုကိုလည်း ရရှိစေပါလိမ့်မည်။—၁ ကောရိန္သု ၁၄:၄၀

သင့်ရွယ်တူချင်းများပြောဆိုရာ။ “တစ်ခါတလေ ကျွန်မရဲ့အဝတ်အစားတွေကို သိမ်းဆည်းဖို့ အချိန်မရတဲ့အခါမျိုးမှာ ကျွန်မလိုချင်တဲ့ပစ္စည်းက ရှုပ်ပွနေတဲ့အဝတ်တွေကြားထဲမှာ ပျောက်သွားတယ်။”—မန်ဒီ။

“ကျွန်တော့်ရဲ့ပိုက်ဆံအိတ်ကို တစ်ပတ်အထိ ရှာလို့မတွေ့ဘူး။ အဲဒီအတွက် ကျွန်တော် တော်တော့်ကို စိတ်ညစ်ခဲ့ရတယ်။ အခန်းကို သန့်ရှင်းရေးလုပ်တဲ့အခါကျမှ အဲဒါကို ပြန်တွေ့တော့တယ်။”—ဖရန့်ခ်။

သင့်ကို ကူညီပေးမည့်အရာ။ တတ်နိုင်သမျှအမြန်ဆုံး ပစ္စည်းများကို သူ့နေရာသူ ပြန်ထားရန် ကြိုးစားပါ။ သိမ်းမနိုင်ဆည်းမရဖြစ်သည်အထိ စောင့်နေမည့်အစား ပစ္စည်းပစ္စယများကို မှန်မှန်သိမ်းဆည်းသွားခြင်းက သန့်ရှင်းရေးလုပ်ရာတွင် ပို၍လျင်မြန်စေပြီး ပစ္စည်းများရှာဖွေရာတွင်လည်း ပို၍လွယ်ကူစေသည်။

သင်လုပ်ဆောင်နိုင်သောအရာ။ သပ်သပ်ရပ်ရပ်ထားသည့်အကျင့်ရှိရန် ကြိုးစားပါ။ ပစ္စည်းတိုင်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းထားပါ၊ ယင်းသို့ပြုလုပ်ခြင်းက ဘဝကို ပို၍လွယ်ကူစေခြင်းရှိမရှိ လေ့လာကြည့်ပါ။

သေးငယ်ရာမှ အစပြုပါ၊ ယနေ့ပင် အစပြုပါ။ ဤဆောင်းပါးမှ အဘယ်အကြံပြုချက်များသည် သင့်အတွက် အထောက်အကူအဖြစ်ဆုံးနည်း။

․․․․․

ကျွန်ုပ်သည် ထိုအကြံပြုချက်များကို ․․․․․ ပတ်(များ) ကြာ ကြိုးစားလုပ်ကြည့်ပြီး အထောက်အကူဖြစ်မဖြစ်ကို လေ့လာကြည့်ပါမည်။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် နာမည်များကိုပြောင်းထားသည်။

ချင့်တွေးစရာ

▪ သင်သည် အကောင်းဆုံးလုပ်ဆောင်နိုင်ရန် အိပ်ချိန် မည်မျှလိုအပ်သနည်း။

▪ သင့်အချိန်ဇယားအတိုင်း လုပ်ဆောင်ရာတွင် မည်သူ့ကို အကူအညီတောင်းခံနိုင်သနည်း။

▪ သင်သည် အချိန်ဇယားတစ်ခုကို အသုံးပြုနေနှင့်ပြီဆိုလျှင် အဘယ်ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် လိုအပ်မည်နည်း။

[စာမျက်နှာ ၂၀၊ ၂၁ ပါ လေးထောင်ကွက်/ရုပ်ပုံ]

အသက် ၈ နှစ်နှင့် ၁၈ နှစ်အကြားရှိ လူငယ်များသည် တစ်ပတ်တာအတွင်း ဤနည်းဖြင့် သူတို့၏အချိန်များကို အသုံးပြုခဲ့ကြသည်–

၁၇

သူတို့၏မိဘများဖြင့်

၃၀

ကျောင်းတွင်

၄၄

ရုပ်မြင်သံကြားကြည့်ရှုခြင်း၊ ဗီဒီယိုဂိမ်းများကစားခြင်း၊ ဖုန်းဖြင့်စာတိုများပို့ခြင်း (instant messaging) နှင့် သီချင်းနားထောင်ခြင်း

ကျွန်ုပ်၏အချိန်များ ဘယ်ရောက်သွားသနည်း

သီတင်းပတ်တိုင်းတွင် သင်အသုံးပြုသော အချိန်များကို ပေါင်းပါ

ရုပ်မြင်သံကြားကြည့်ရှုခြင်း– ․․․․․

ဗီဒီယိုဂိမ်းများကစားခြင်း– ․․․․․

ကွန်ပျူတာအသုံးပြုခြင်း– ․․․․․

သီချင်းနားထောင်ခြင်း– ․․․․․

စုစုပေါင်း– ․․․․․

ပို၍အရေးကြီးသည့်ကိစ္စများအတွက် ကျွန်ုပ်အလွယ်တကူရယူနိုင်သော အချိန်များ– ․․․․․

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သင်သည် သေးငယ်သောပစ္စည်းများကို ဦးစွာထည့်မည်ဆိုပါက ပို၍အရေးကြီးသောပစ္စည်းများအတွက် နေရာရှိတော့မည်မဟုတ်