မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသမီးများစိတ်ဝင်စားသင့်သော ဗိုင်းရတ်

အမျိုးသမီးများစိတ်ဝင်စားသင့်သော ဗိုင်းရတ်

အမျိုးသမီးများစိတ်ဝင်စားသင့်သော ဗိုင်းရတ်

ခရစ္စတီနာသည် * အိမ်ထောင်သက် တစ်နှစ်ခွဲအကြာတွင် ပဲ့ပ်စမြာဟုခေါ်သော သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု အပါအဝင် မီးယပ်ရောဂါစစ်ဆေးမှု ဦးဆုံးအကြိမ်ပြုလုပ်ခဲ့ရသည်။ မီးယပ်ရောဂါပါရဂူက စိုးရိမ်စရာအခြေအနေကိုတွေ့ရှိခဲ့ပြီး ကော်လ်ပိုစကော်ပီ (အထူးမှန်ပြောင်းဖြင့်စစ်ဆေးမှု) ပြုရန် အကြံပေးခဲ့သည်။ ဆရာဝန်သည် သားအိမ်ခေါင်းတွင် အနာတွေ့ခဲ့ပြီး ၎င်းအနာဖြစ်နေသည့်တစ်ရှူးနမူနာကို ထုတ်ယူစစ်ဆေးခဲ့၏။ ယင်းသို့ စစ်ဆေးခြင်းကို ဘိုင်အော့ပ်စီပြုလုပ်ခြင်း ဟုခေါ်သည်။

ခရစ္စတီနာ ဤသို့ပြောပြ၏– “နှစ်ပတ်ကြာတဲ့နောက် ဆရာဝန်က ကျွန်မနဲ့ကျွန်မအမျိုးသားကို ဆေးစစ်ချက်အဖြေအတွက် သူနဲ့လာတွေ့ဖို့ပြောခဲ့တယ်။ အနာဖြစ်ရတဲ့အကြောင်းက လိင်အင်္ဂါကြွက်နို့ဗိုင်းရတ်ပိုး (အိပ်ခ်ျပီဗွီ) ကူးစက်မှုကြောင့်ဖြစ်ပြီး ရောဂါရင့်နေပြီ။ ဒီကူးစက်ရောဂါပိုးကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်၊ ဒါကြောင့် ချက်ချင်းကုသဖို့လိုတယ်လို့ သူရှင်းပြခဲ့တယ်။”

“ဒီဆေးစစ်ချက်ကို ကြားလိုက်တာနဲ့ ကျွန်မငိုတော့တာပဲ။ အဲ့ဒီသတင်းက ကျွန်မတို့နှစ်ယောက်စလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်။ နောက်တစ်ရက်မှာ အသေးစားခွဲစိတ်ကုသမှုလုပ်ဖို့ အစီအစဉ်ဆွဲခဲ့တယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာ ကျွန်မအရမ်းဝမ်းနည်းပြီး စိုးရိမ်ခဲ့တယ်။ ‘ငါ့ကျမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ’ လို့ကိုယ့်ကိုယ်ကိုမေးမိတယ်။”

ဤဗိုင်းရတ်ပိုးသည် လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်ကြောင်း စာပေများတွင်ဖတ်ဖူးသဖြင့် သူ့ထံမည်သို့ကူးစက်ခဲ့သည်ကို ခရစ္စတီနာ နားမလည်နိုင်ဖြစ်ခဲ့ရ၏။ သူနှင့်သူ့အမျိုးသားသည် သမ္မာကျမ်းစာ၏ မြင့်မားသောကိုယ်ကျင့်တရားမူများကို အမြဲလေးစားလိုက်နာသူများဖြစ်ကြသည်။

အဖြစ်များသောကူးစက်မှု

အမှန်ဆိုရလျှင်၊ ကမ္ဘာပေါ်တွင် သန်းနှင့်ချီသောအမျိုးသမီးများသည် အိပ်ခ်ျပီဗွီပိုးကူးစက်ခံနေရပြီး ယင်းသည် ကမ္ဘာပေါ်တွင်အဖြစ်အများဆုံးသော လိင်ဆိုင်ရာကူးစက်ရောဂါဖြစ်သည်။ ဤရောဂါပိုးကူးစက်မှုသည် သားအိမ်ခေါင်းကင်ဆာဖြစ်စေသော အဓိကအန္တရာယ်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ကဆိုသည်။ *

ကမ္ဘာပေါ်တွင် အိပ်ခ်ျပီဗွီပိုးကူးစက်မှုများ သိန်းနှင့်ချီရှိရာ ယင်းတို့ကို နှစ်စဉ်စစ်ဆေးလျက်ရှိပြီး ဤရောဂါပိုးကူးစက်ခြင်းမှဖြစ်သော သားအိမ်ခေါင်းကင်ဆာကြောင့် နှစ်စဉ် အမျိုးသမီးထောင်နှင့်ချီ သေဆုံးနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကင်ဆာကြောင့် သေဆုံးနေသောအမျိုးသမီးများတွင် အိပ်ခ်ျပီဗွီပိုးသည် အဓိကအကြောင်းရင်းဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် ဒုတိယအဖြစ်အများဆုံး သားအိမ်ကင်ဆာအမျိုးအစားဖြစ်၏။ ထို့ကြောင့် ဒဗလျူအိပ်ခ်ျအိုက အိပ်ခ်ျပီဗွီပိုးကို “ကမ္ဘာချီ ကျန်းမာရေးပြဿနာ” ဟုခေါ်ဆိုခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ဤဗိုင်းရတ်ပိုးအကြောင်း ကျွန်ုပ်တို့အဘယ်အရာ ထပ်ဆင့်သိထားသင့်သနည်း။

ကောန်ဒီလိုမာ အကျူမီနီတာဟုခေါ်သော လိင်အင်္ဂါတွင်ဖြစ်သည့်ကြွက်နို့များ အပါအဝင် အမျိုးသားနှင့်အမျိုးသမီးများတွင် ဖြစ်တတ်သော ကြွက်နို့များသည် လိင်အင်္ဂါကြွက်နို့ဗိုင်းရတ်ပိုး (အိပ်ခ်ျပီဗွီ) ကြောင့်ဖြစ်သည်။ ယင်းတို့သည် အများအားဖြင့် အန္တရာယ်မရှိပေ သို့မဟုတ် ကင်ဆာမဖြစ်နိုင်ပေ။ အိပ်ခ်ျပီဗွီပိုးအမျိုးအစား တစ်ရာကျော်ရှိသော်လည်း အနည်းငယ်သာ ကင်ဆာဖြစ်စေနိုင်၏။ သားအိမ်ခေါင်းကင်ဆာဖြစ်စေသော အိပ်ခ်ျပီဗွီပိုးအမျိုးအစားသည် အချိန်အတော်ကြာစွဲမြဲနေတတ်သည်။ သို့သော် ခန္ဓာကိုယ်၏ကိုယ်ခံအားကြောင့် အိပ်ခ်ျပီဗွီရောဂါကူးစက်မှုအများစုမှာ အလိုအလျောက်ပျောက်သွားလေ့ရှိသည်။

အန္တရာယ်ဖြစ်စေသည့်အကြောင်းများ

အိမ်ထောင်အကျစောသော၊ လိင်ဆက်ဆံရန် အမျိုးသားတစ်ယောက်ထက်မကရှိသော သို့မဟုတ် လိင်ဆက်ဆံဖက်များစွာရှိသည့် အမျိုးသားနှင့်လိင်ဆက်ဆံသော အမျိုးသမီးများသည် အထူးအန္တရာယ်ရှိ၏။ မိမိ၏အဖော်အဖက်အား အိပ်ခ်ျပီဗွီပိုးကူးစက်စေသော အမျိုးသားများတွင် တစ်ခါတစ်ရံ ရောဂါလက္ခဏာမပြတတ်ပေ။

သို့သော် အချို့ကိစ္စများတွင် ကိုယ်ကျင့်တရားစင်ကြယ်စွာ နေထိုင်သော သို့မဟုတ် တစ်ခါမျှ လိင်မဆက်ဆံဖူးသော အမျိုးသမီးများတွင် ရောဂါပိုးကူးစက်ကြောင်းတွေ့ရှိရသည်။ ဥပမာ၊ မိခင်၏မွေးလမ်းကြောင်းတွင် ရောဂါပိုးရှိသောကြောင့် မီးဖွားချိန်၌ ကလေးကို ဗိုင်းရတ်ပိုးကူးစက်နိုင်သည် သို့မဟုတ် မိခင်ထံမှမဟုတ်ဘဲ အခြားအကြောင်းများကြောင့် ကူးစက်ခံရနိုင်သည်ဟု လေ့လာတွေ့ရှိချက်များက ဖော်ပြ၏။ လူတစ်ဦး ရောဂါကူးစက်ခံရပြီး နှစ်ပေါင်းများစွာကြာပြီးနောက်မှပင် ရောဂါရှိကြောင်း ထင်ရှားလာနိုင်သည်။

ရောဂါပိုးကူးစက်ခံရကြောင်းသိနိုင်ပုံ

သင်သည် အမျိုးသမီးတစ်ဦးဖြစ်လျှင် “အိပ်ခ်ျပီဗွီပိုး ကူးစက်ခံရတာကို ငါဘယ်လိုသိနိုင်မလဲ” ဟု ကိုယ့်ကိုယ်ကိုမေးပေမည်။ ဤရောဂါသည် များသောအားဖြင့် လက္ခဏာမပြသောကြောင့် အဖြေကိုသိထားရန် အရေးကြီးသည်။ ထို့ကြောင့် အစပိုင်း၌ဖော်ပြခဲ့သော ခရစ္စတီနာ၏အဖြစ်ကဲ့သို့ အခြေခံကျသောခြေလှမ်းမှာ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှု (ပဲ့ပ်စမြာ သို့မဟုတ် ပါပနီကလောက်စမြာ) ဟုခေါ်သော သားအိမ်ခေါင်း၏ဆဲလ်များကို စစ်ဆေးခြင်းဖြစ်၏။ *

ဆရာဝန်များသည် သားအိမ်ခေါင်းထိပ်မှ ဆဲလ်နမူနာအနည်းငယ်ကို ခြစ်ယူလိုက်ပြီး ဓာတ်ခွဲခန်းတွင်စစ်ဆေးသည်။ ၎င်းဆဲလ်များတွင် ကူးစက်ပိုးနှင့် ရောင်ရမ်းခြင်းရှိ,မရှိ၊ ပုံမှန်ဖြစ်,မဖြစ်တို့ကို ထိုဆေးစစ်ချက်ဖြင့် တွေ့ရှိနိုင်၏။ ပဲ့ပ်စမြာပြုလုပ်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းနှင့် ထိုရောဂါကြောင့်သေဆုံးနှုန်းတို့ကို လျော့နည်းစေကြောင်း သတင်းများကဆိုသည်။

“ဆဲလ်များကိုစစ်ဆေးခြင်းဖြင့် ကင်ဆာဖြစ်စေမည့်အနာများကို စောစောသိရှိထားခြင်းက ဤရောဂါကို ကမ္ဘာတစ်ဝန်းတွင် ထိန်းချုပ်ထားနိုင်သည့် အဓိကနည်းလမ်းဖြစ်ပြီး ဆက်၍လည်းဖြစ်နေလိမ့်မည်” ဟုဒဗလျူအိပ်ခ်ျအိုကဆို၏။ ဤဆေးစစ်ချက်အဖြေမှာ ကျေနပ်ဖွယ်မကောင်းပါက အနာဖြစ်သောနေရာကို စစ်ဆေးကြည့်ရှုရန် မှန်ဘီလူးများပါသည့် အထူးမှန်ပြောင်းကိုသုံးပြီး ကော်လ်ပိုစကော်ပီ ပြုလုပ်သည်။ ဤနည်းဖြင့် အနာရှိ,မရှိ သိနိုင်သည်။ အနာရှိပါက ဘိုင်အော့ပ်စီပြုလုပ်ပြီး ကုသမှုစတင်သည်။

ယခုခေတ်တွင် ပိုမိုခေတ်မီသော ဓာတ်ခွဲခန်းစမ်းသပ်ချက်များ ပြုလုပ်နိုင်ပြီဖြစ်၍ ယင်းတို့က ရောဂါအခြေအနေကို ပို၍တိကျသေချာစွာသိရှိစေသည်။

ကုသခြင်းနှင့် ကာကွယ်ခြင်း

အိပ်ခ်ျပီဗွီရောဂါပိုးကူးစက်ခြင်းကို ထိန်းချုပ်နိုင်သော ကုသနည်းများစွာရှိပါသည်။ အထူးကုဆရာဝန်များက လိမ်းဆေးသုံး၍ကုသကြ၏။ ယင်းကုသနည်းအချို့သည် ဗိုင်းရတ်ပိုးရှိသော ဆဲလ်များကိုဖျက်ဆီးလိုက်ပြီး အခြားနည်းများက ကိုယ်ခံအားတိုးများစေသည်။ ထိုရောဂါကုသနည်းများတွင် လျှပ်စစ်ဓာတ်ဖြင့်ခွဲစိတ်နည်း၊ လေဆာရောင်ခြည်ဖြင့် ခွဲစိတ်နည်း သို့မဟုတ် တစ်ရှူးများကိုအေးခဲစေ၍ ခွဲစိတ်နည်းများပါဝင်သည်။ ဤနည်းများကိုအသုံးပြုပြီး ပျက်စီးနေသော သို့မဟုတ် ရောဂါပိုးကူးစက်နေသောနေရာကို ဖယ်ရှားလိုက်ကြသည်။ သို့သော် ရောဂါကုသခံရခြင်းထက် ရောဂါမကူးစက်ရန် ကာကွယ်ထားခြင်းသည် ပိုကောင်းပါသည်။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။

လွန်ခဲ့သောနှစ်အနည်းငယ်က မက္ကဆီကိုမြို့တော်တွင် “ထောင်စုနှစ်သစ်၌ သားအိမ်ခေါင်းကင်ဆာနှင့် အိပ်ခ်ျပီဗွီပိုး” အကြောင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။ ကနေဒါနိုင်ငံမှ အိပ်ခ်ျပီဗွီပါရဂူ ဧည့်သည်တော် ကထိက ဒေါက်တာ ဗီ.စဲဆယ်လ်ရိုက်က “လက်မထပ်မချင်း လိင်မဆက်ဆံပါနှင့်” ဟုအကြံပြုခဲ့သည်။ အလားတူ ကနေဒါနိုင်ငံ၊ မွန်တရီရောလ်မြို့၊ မက်ဂီလ်တက္ကသိုလ်မှ ရောဂါဗေဒပညာရှင် ပါမောက္ခ ဒေါက်တာအဲလက်စ် ဖီရဲန်စီကလည်း “သားအိမ်ခေါင်းကင်ဆာမဖြစ်စေရန် . . . တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရမည်” ဟုဆိုခဲ့သည်။

ထို့ကြောင့် သမ္မာကျမ်းစာ၏ ကိုယ်ကျင့်တရားဆိုင်ရာမူများနှင့်အညီ နေထိုင်သူတို့သည် အိပ်ခ်ျပီဗွီပိုးကူးစက်ခြင်းနှင့်ဆက်နွှယ်သော ကင်ဆာရောဂါခံစားရရန် အကြောင်းနည်းသည်။ အကြောင်းမှာ သမ္မာကျမ်းစာက အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံခြင်းကို ပြစ်တင်ရှုတ်ချထားပြီး အိမ်ထောင်ဖက်အချင်းချင်း သစ္စာရှိရန်အားပေးသည်။ ထို့ပြင် ဤမူများကို လိုက်လျှောက်သူနှင့်သာ အိမ်ထောင်ပြုရန် ခရစ်ယာန်များအား တိုက်တွန်းထားသည်။—၁ ကောရိန္သု ၇:၃၉; ဟေဗြဲ ၁၃:၄

သို့သော် အိပ်ခ်ျပီဗွီပိုးကူးစက်ခြင်းကို အများအားဖြင့် ကာကွယ်နိုင်သောကြောင့် ဤရောဂါအကြောင်း ပညာပေးရန် အလွန်အရေးကြီးသည်။ ထို့ပြင် ရောဂါပိုးကူးစက်သွားပြီး ရောဂါရင့်နေသည့်တိုင် ယင်းကို အောင်မြင်စွာကုသနိုင်ပါသည်။ အမှန်မှာ “ရောဂါလက္ခဏာမပြမီ ရောဂါဖြစ်ခါစအချိန်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်နေကြောင်းသိရှိပါက အမြဲလိုလိုကုသပျောက်ကင်းနိုင်သည်” ဟုဒဗလျူအိပ်ခ်ျအိုကဆို၏။

အမျိုးသမီးများသည် ကျင့်ဝတ်ဆိုင်ရာ အသိပညာရှိဖို့လိုသည့်အပြင် ဤရောဂါအကြောင်း သိရှိထားရန်လည်း အရေးကြီးသည်။ ပဲ့ပ်စမြာအစရှိသော စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်အရေးကြီးကြောင်းလည်း နားလည်ထားရမည်။ * အမျိုးသမီးတစ်ဦးသည် ရောဂါကူးစက်နေကြောင်း သိရှိထားပြီဆိုပါက ဆေးကုသမှုခံယူနိုင်ပေသည်။ ထိုသို့ ဂရုတစိုက်လုပ်ဆောင်မှုအပေါ် မှန်ကန်သည့်သဘောထားရှိခြင်းနှင့် ပတ်သက်၍ ကော်လ်ပိုစကော်ပီပါရဂူ ဒေါက်တာမွန်စရာတ် ဖလောရက်စ်က ဤသို့ဆို၏– “အမျိုးသမီးတစ်ဦးသည် မိမိ၏ရောဂါအခြေအနေကို သိရှိမည်ဆိုလျှင် အန္တရာယ်ရှိသည့် အစွန်းရောက်မှုနှစ်မျိုးကို ရှောင်နိုင်မည်။ တစ်မျိုးမှာ ရောဂါနှင့်ပတ်သက်၍ အရေးတကြီးသဘောမထားသဖြင့် ဆေးကုသမှုမခံယူခြင်းဖြစ်သည်။ ယင်းကြောင့် ကင်ဆာဖြစ်စေနိုင်၏။ နောက်တစ်မျိုးမှာ ကင်ဆာရောဂါကို အကြောက်လွန်ပြီး မလိုအပ်သည့် ခွဲစိတ်မှုများ ခံယူခြင်းဖြစ်သည်။”

အိပ်ခ်ျပီဗွီပိုးရှာဖွေရာတွင် ပို၍ထိရောက်ပြီး အကုန်အကျနည်းသောနည်းစနစ်များကို သိပ္ပံပညာရှင်များ ဆက်၍ရှာဖွေလေ့လာနေကြသည်။ ထို့ပြင် ဤရောဂါမကူးစက်စေရန်နှင့် ကုသရန်ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိ၏။

ခရစ္စတီနာ၏ နောက်ဆုံးဆေးစစ်ချက်အဖြေသည် ကျေနပ်ဖွယ်ကောင်းသော်လည်း ခြောက်လတစ်ကြိမ် ကော်လ်ပိုစကော်ပီပြုလုပ်နေရဆဲဖြစ်သည်။ မိမိ၏ရောဂါအကြောင်း အတော်အသင့်သိရှိလာပြီးနောက် သူဤသို့မှတ်ချက်ချ၏– “အိပ်ခ်ျပီဗွီပိုးကူးစက်ခံနေရရင်တောင် ကိုယ့်ကျန်းမာရေးကို ဆက်ထိန်းသိမ်းထားဖို့ ပြုလုပ်နိုင်တဲ့အရာ အများကြီးရှိပါတယ်။”

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 အမည်ပြောင်းထားသည်။

^ အပိုဒ်၊ 7 သားအိမ်ခေါင်းသည် အမျိုးသမီးတစ်ဦး၏ သားအိမ်နှင့် ယောနိလမ်းကြောင်းကြားရှိ ကျဉ်းမြောင်းသော အောက်ပိုင်းဖြစ်သည်။

^ အပိုဒ်၊ 14 အနာဖြစ်သောဆဲလ်နမူနာယူပြီး စစ်ဆေးနည်းကို တီထွင်ခဲ့သည့် ဂရိသမားတော် ဂျော့ခ်ျ ပါပနီကလောက်၏အမည်ကိုအစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။

^ အပိုဒ်၊ 23 အသက် ၁၈ နှစ်အရွယ် သို့မဟုတ် လိင်စတင်ဆက်ဆံသည့်အချိန်တွင် ယင်းစစ်ဆေးမှုများပြုလုပ်သင့်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားကင်ဆာဌာနက ဆို၏။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

အမျိုးသမီးများ ပညာရှိရှိ ပြုလုပ်သင့်ရာများ

အမျိုးသမီးများသည် ပဲ့ပ်စမြာ မှန်မှန်ပြုလုပ်သင့်ပြီး ဆေးလိပ်မသောက်သင့်ပေ။ ကျန်းမာရေးညီညွတ်သော အစားအစာများ စားသင့်၏။ ထိုအစားအစာများတွင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် ကောက်နှံများ အများဆုံးပါဝင်ရမည်။ ကယ်ရိုတင်းဟုခေါ်သော အနီရောင်၊ အဝါရောင် ဟင်းသီးဟင်းရွက်များ၊ ဗီတာမင်အေ၊ စီ၊ အီးနှင့် သံဓာတ်ပါသော ဖောလစ်အက်ဆစ်တို့ကို စားသုံးခြင်းသည် သားအိမ်ခေါင်းကင်ဆာဖြစ်ရန်အကြောင်း လျော့နည်းစေသည်ဟု လေ့လာမှုတချို့ကအကြံပြု၏။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သေစေတတ်သောဗိုင်းရပ်စ်ပိုး

လိင်အင်္ဂါကြွက်နို့ဗိုင်းရတ် (အိပ်ခ်ျပီဗွီ) သည် ကမ္ဘာပေါ်တွင်အဖြစ်အများဆုံး လိင်ဆိုင်ရာကူးစက်ရောဂါဖြစ်သည်ဟု ယူဆကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် ဒုတိယအဖြစ်အများဆုံး သားအိမ်ကင်ဆာအမျိုးအစားဖြစ်၏။

[Credit Line]

© Science VU/NCI/Visuals Unlimited

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပဲ့ပ်စမြာကို စတီထွင်ခဲ့သူ ဒေါက်တာဂျော့ခ်ျ ပါပနီကလောက်