မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ကျဝေဒနာ—မည်သို့ ခံစားရသနည်း

စိတ်ကျဝေဒနာ—မည်သို့ ခံစားရသနည်း

“ကျွန်တော် အသက် ၁၂ နှစ်အရွယ်တုန်းက တစ်မနက်မှာ အိပ်ရာကနိုးလာတော့ ခုတင်စွန်းမှာထိုင်ပြီး ‘ဒီနေ့ဟာ ငါသေတဲ့နေ့များလား’ လို့ တွေးမိတယ်” ဟုဂျိမ်းစ် *က သတိတရနှင့် ပြောပြ၏။ ဂျိမ်းစ်သည် ပြင်းထန်သော စိတ်ကျဝေဒနာကို ခံစားနေခဲ့ရ၏။ အနှစ် ၃၀ ကြာပြီးနောက် ဂျိမ်းစ်က “ကျွန်တော့်ရဲ့ နေ့စဉ်ဘဝအသက်တာမှာ ဒီစိတ်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရောဂါတွေကို တွန်းလှန်ခဲ့ရတယ်” ဟု ပြောပြသည်။ ဂျိမ်းစ် ငယ်ရွယ်စဉ်က မိမိသည် လုံးဝတန်ဖိုးမရှိဟု ခံစားခဲ့ရကာ ကလေးဘဝက ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဆုတ်ဖြဲပစ်ခဲ့သည်။ “ကျွန်တော့်ကို သတိရထိုက်တယ်လို့တောင် ကျွန်တော် မတွေးခဲ့ဘူး” ဟု သူပြန်အမှတ်ရနေ၏။

ကျွန်ုပ်တို့အားလုံး ရံဖန်ရံခါ ဝမ်းနည်းရသောကြောင့် စိတ်ကျဝေဒနာဟူသည် အဘယ်အရာဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ကြသည်ဟု ကောက်ချက်ချမိနိုင်ပါသည်။ သို့သော် ပြင်းထန်သော စိတ်ကျဝေဒနာဟူမူကား အခိုက်အတန့် ဝမ်းနည်းခြင်းမျှသာ မဟုတ်ချေ။

အကြင်နာမဲ့သော ကျူးကျော်သူ

ပြင်းထန်သော စိတ်ကျဝေဒနာသည် အခိုက်အတန့် ဝမ်းနည်းခြင်းထက်မကချေ၊ ယင်းသည် ဆိုးရွားသော အနှောင့်အယှက်တစ်ခုဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လူတစ်ဦး လုပ်ဆောင်နိုင်စွမ်းမရှိအောင် ဟန့်တားလေ့ရှိသည်။

ဥပမာ၊ အာလ်ဗာရူသည် “ကြောက်ရွံ့ မှု၊ စိတ်ရှုပ်ထွေးမှု၊ သောကဖိစီးမှုနှင့် အလွန်အမင်း ဝမ်းနည်းမှု” တို့ကို အနှစ် ၄၀ ကျော်ကြာ ခါးစည်းခံနေရသည်။ သူ ဤသို့ရှင်းပြ၏– “ကျွန်တော့်ရဲ့ စိတ်ကျဝေဒနာကြောင့် တခြားသူတွေရဲ့ ထင်ကြေးတွေက ကျွန်တော့်အပေါ် အများကြီး သက်ရောက်မှု ရှိခဲ့တယ်။ မှားသွားတဲ့အရာတိုင်းအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ အမြဲခံစားခဲ့ရတယ်။” စိတ်ကျဝေဒနာသည် “ဘယ်နေရာ နာမှန်းမသိဘဲ ဆိုးဆိုးရွားရွား နာကျင်နေပြီး ဘာကြောင့်မှန်းမသိ ကြောက်ရွံ့နေတာ၊ အဆိုးဆုံးက အဲဒီအကြောင်း ပြောချင်စိတ်ကို မရှိတာ” ဟူ၍ သူက ဖော်ပြ၏။ သို့သော် ယခုအခါ သူသည် အတော်အတန် စိတ်သက်သာရာ ရသွားသည်။ သူ ရောဂါဖြစ်ရသည့်အကြောင်းရင်းကို သိရှိသွားပြီ ဖြစ်သည်။ “တခြားသူတွေမှာလည်း ကျွန်တော့်လို ပြဿနာမျိုး ရှိနေကြတယ်ဆိုတဲ့အသိကြောင့် ကျွန်တော် စိတ်သက်သာမှု ရခဲ့တယ်” ဟု သူက ဆိုသည်။

ဘရာဇီးနိုင်ငံမှ အသက် ၄၉ နှစ်အရွယ်ရှိ မာရီယာသည် အိပ်မရခြင်း၊ နာကျင်ခြင်း၊ စိတ်တိုခြင်းနှင့် “အတောမသတ်နိုင်ပုံရသော ဝမ်းနည်းခြင်း” တို့ကိုဖြစ်စေသည့် စိတ်ကျဝေဒနာကို ခံစားခဲ့ရသည်။ မာရီယာသည် ဦးစွာ မိမိ၏အခြေအနေကို ရောဂါအမျိုး အမည်ရှာကြည့်သောအခါ ရှိပြီးသားရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည့်အတွက် စိတ်သက်သာရာရခဲ့၏။ “ဒါပေမဲ့ စိတ်ကျဝေဒနာကို နားလည်တဲ့သူ မရှိသလောက်ဖြစ်ပြီး အဲဒါကို ရှက်စရာလို့ ယူမှတ်ကြတဲ့အတွက် ကျွန်မ ပိုပြီး စိုးရိမ်လာခဲ့တယ်” ဟု သူက ရှင်းပြ၏။

ဝမ်းနည်းစရာအကြောင်း မရှိသလော

တစ်ခါတစ်ရံ စိတ်ကျဝေဒနာတွင် သိသာသော အကြောင်းရင်းတစ်ခုရှိသော်လည်း ယင်းသည် ရုတ်တရက် ဖြစ်လာတတ်၏။ “အကြောင်းရင်း မည်မည်ရရမရှိဘဲ ဝမ်းနည်းမှုတိမ်တိုက်တစ်ခုကြောင့် ဘဝဟာ ရုတ်တရက် အမှောင်ကျသွားတယ်။ သင်သိတဲ့သူတစ်ယောက်ယောက် သေဆုံးသွားတာလည်းမဟုတ်၊ စိတ်ဆင်းရဲစရာလည်း ဘာတစ်ခုမှ မရှိဘူး။ ဒါပေမဲ့ ဝမ်းနည်းပူဆွေးနေပြီး အားအင်ကုန်ခန်းနေတယ်။ အဲဒီတိမ်တိုက်ကို ဖယ်ရှားပေးနိုင်မယ့်အရာ မရှိဘူး။ လက်လျှော့အရှုံးပေးချင်တဲ့စိတ် များနေပြီး အကြောင်းရင်းကိုလည်း မသိဘဲဖြစ်နေတယ်” ဟု တောင်အာဖရိကနိုင်ငံမှ ရစ်ချာ့တ်က ရှင်းပြ၏။

စိတ်ကျဝေဒနာသည် ရှက်စရာ မဟုတ်ချေ။ သို့သော် ဘရာဇီးနိုင်ငံမှ အန်းနာသည် မိမိတွင် စိတ်ကျဝေဒနာရှိကြောင်း သိသွားရာ ရှက်ရွံ့ခဲ့၏။ “အမှန်တော့ ရှစ်နှစ်ကြာပြီးနောက်လည်း ကိုယ့်ကိုယ်ကို ရှက်နေတုန်းပဲ” ဟု သူဝန်ခံ၏။ အထူးသဖြင့် သူသည် ဝမ်းနည်းကြေကွဲမှုကို ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းနေရ၏။ “တစ်ခါတလေ အရမ်းဝမ်းနည်းရလွန်းလို့ ကိုယ်လက်တွေတောင် နာလာတယ်။ ကြွက်သားတွေလည်း နာကျင်ကိုက်ခဲနေတယ်” ဟု သူက ရှင်းပြ၏။ ယင်းသို့သော အချိန်အခါများတွင် အိပ်ရာမှ မထချင်လောက်အောင်ဖြစ်၏။ ထို့ပြင် အန်းနာသည် အငိုမရပ်သည့် အချိန်အခါများလည်း ရှိသည်။ “ကျွန်မ အသည်းအသန် ငိုကြွေးပြီး အားကုန်လာတဲ့အတွက် သွေးလည်ပတ်မှု ရပ်သွားသလိုမျိုး ခံစားရစေတယ်” ဟု သူက ဆိုသည်။

လူတို့သည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် စိတ်ကျနိုင်ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြုသည်။ ဥပမာ၊ “ဖြေမဆည်နိုင်အောင် အလွန်ဝမ်းနည်း” နိုင်သည့် လူတစ်ဦးနှင့်ပတ်သက်၍ တမန်တော်ပေါလု စိုးရိမ်ခဲ့သည်။ (၂ ကောရိန္သု ၂:၇) စိတ်ကျနေသူ တချို့သည် စိတ်ကယောက်ကယက် ဖြစ်နေကြရာ သေလိုစိတ်ပင် ဖြစ်ပေါ်ကြ၏။ “အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်” ဟု ပြောဆိုခဲ့သော ပရောဖက်ယောနကဲ့သို့ လူအများ ခံစားကြရသည်။—ယောန ၄:၃

စိတ်ကျနေသူတို့သည် ဤစိတ်ဆင်းရဲစရာကောင်းသော ဝေဒနာကို ကိုင်တွယ်ကုသရန် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

^ အပိုဒ်၊ 2 ဤဆောင်းပါးတွဲများတွင် အမည်များကို ပြောင်းထားပါသည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

“အကြောင်းရင်း မည်မည်ရရမရှိဘဲ ဝမ်းနည်းမှုတိမ်တိုက်တစ်ခုကြောင့် ဘဝဟာ ရုတ်တရက် အမှောင်ကျသွားတယ်”