မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာပြောင်းခြင်းသည် မှားသလော

ဘာသာပြောင်းခြင်းသည် မှားသလော

သမ္မာကျမ်းစာ ရှုထောင့်

ဘာသာပြောင်းခြင်းသည် မှားသလော

အဗ်တာ ကျမ်းစာ စတင်လေ့လာချိန်တွင် ဆစ်ခ်လူမျိုးဖြစ်သည့် သူ၏မိသားစုမှာ စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ “ကျွန်မရဲ့ နေရင်းနိုင်ငံမှာဆိုရင် ဘာသာပြောင်းတဲ့သူကို အပေါင်းအသင်း မလုပ်ကြဘူး။ ကျွန်မတို့ရဲ့ နာမည်တွေမှာတောင် ဘာသာရေးအဓိပ္ပာယ်တွေ ရှိတယ်။ ဘာသာပြောင်းတယ်ဆိုရင် အဲဒါက ကိုယ့်ကိုယ်ကို ငြင်းပယ်တာ၊ ကိုယ့်မိသားစုကို မလေးစားတာလို့ ရှုမြင်ကြတယ်” ဟု သူက ဆိုသည်။

အဗ်တာသည် နောက်ဆုံးတွင် ယေဟောဝါသက်သေတစ်ဦး ဖြစ်လာ၏။ သူဘာသာပြောင်းလိုက်ခြင်းသည် မှားသလော။ သူ၏မိသားစု ယူမှတ်သကဲ့သို့ သင် ယူမှတ်ပေမည်။ သင်၏ဘာသာတရားသည် မိသားစု မိရိုးဖလာ၊ ယဉ်ကျေးမှုနှင့် ခွဲမရအောင်ဆက်စပ်နေရာ ယင်းကို မပြောင်းသင့်ဟု သင် ယူဆပေမည်။

မိသားစုကို ဂုဏ်တင်ခြင်းသည် အရေးကြီးပါသည်။ သမ္မာကျမ်းစာတွင် “သင့်ကို ဖြစ်ပွားစေသော အဘ၏စကားကို နားထောင်လော့” ဟု ဆိုထားသည်။ (သု. ၂၃:၂၂) သို့သော် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်၊ ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်သော အမှန်တရားများကို သိရှိရန် ရှာဖွေခြင်းက ပိုအရေးကြီးပါသည်။ (ဟေရှာယ ၅၅:၆) ဤသို့သော ရှာဖွေခြင်းသည် ဖြစ်နိုင်ပါသလော။ ဖြစ်နိုင်သည်ဆိုလျှင် ဤသို့ရှာဖွေခြင်းသည် သင့်အတွက် မည်မျှအရေးကြီးသနည်း။

ဘာသာရေးဆိုင်ရာ အမှန်တရားကို ရှာဖွေခြင်း

ကမ္ဘာ့ဘာသာတရားများသည် ကွဲပြားသောအယူအဆများကို သွန်သင်သည်။ ဆင်ခြင်တုံတရားအရဆိုလျှင် အဆိုပါသွန်သင်ချက်များအားလုံး မမှန်နိုင်ပါ။ ထို့ကြောင့် လူများစွာသည် ကျမ်းစာ ဖော်ပြသကဲ့သို့ “မှန်သောပညာ မရှိသော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်။” (ရောမ ၁၀:၂) သို့သော် ၁ တိမောသေ ၂:၄ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင့်အလိုတော်မှာ “လူအမျိုးမျိုးတို့သည် . . . တိကျမှန်ကန်သော အသိပညာကို သိရှိလာရန် ဖြစ်၏” ဟု တမန်တော်ပေါလု ဆိုခဲ့သည်။ ဤသို့သော တိကျမှန်ကန်သည့် အသိပညာကို မည်သို့ တွေ့ရှိနိုင်သနည်း။

သမ္မာကျမ်းစာကို ဆန်းစစ်လေ့လာရသည့် အကြောင်းရင်းများကို သုံးသပ်ကြည့်ပါ။ ဘုရားသခင့် လမ်းညွှန်မှုဖြင့် ကျမ်းစာရေးသားသူ ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် . . . ဆုံးမခြင်းတို့တွင် အကျိုးရှိ၏” ဟုဆိုထားသည်။ (၂ တိမောသေ ၃:၁၆) အမှန်တရားကို သင်ရှာဖွေသည့်ကဏ္ဍတစ်ရပ်အနေနှင့် မှန်ကန်သည်ဟု သမ္မာကျမ်းစာ ပြောဆိုရာများ၏ အထောက်အထားကို ဆန်းစစ်ပါ။ ၎င်းတွင်ပါသော တုနှိုင်းမရသည့် အသိပညာ၊ သမိုင်းဆိုင်ရာ တိကျမှန်ကန်မှုနှင့် ပရောဖက်ပြုချက် ပြည့်စုံမှုများကို သင်ကိုယ်တိုင် ရှာဖွေစူးစမ်းပါ။

ဘာသာတရားအားလုံးကို ဘုရားသခင် လက်ခံသည်ဟု သမ္မာကျမ်းစာက မသွန်သင်ပါ၊ ကျမ်းစာဖတ်သူများအား ကြားသမျှကို မယုံဘဲ “ဘုရားသခင်၏ သတင်းစကား ဟုတ်မဟုတ် စစ်ဆေးကြရန်” ဆိုထားသည်။ (၁ ယောဟန် ၄:၁) ဥပမာ၊ ဘုရားသခင်ထံမှ အမှန်ပင်အရင်းခံသော မည်သည့် သွန်သင်ချက်မဆိုသည် ကိုယ်တော်၏ အထင်ရှားဆုံး အရည်အသွေးဖြစ်သော မေတ္တာအပါအဝင် အခြားအရည်အသွေးများနှင့် ညီညွတ်ရမည် ဖြစ်သည်။—၁ ယောဟန် ၄:၈

ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော့်ကို အမှန်ပင် “တွေ့” စေလိုတော်မူကြောင်း သမ္မာကျမ်းစာက စိတ်ချစေသည်။ (တမန်တော် ၁၇:၂၆၊ ၂၇) ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား အမှန်တရားကို ရှာတွေ့စေလိုတော်မူသောကြောင့် ကျွန်ုပ်တို့ တွေ့ရှိသော အထောက်အထားနှင့်အညီ ပြုမူလုပ်ဆောင်ခြင်းသည်—ယင်းက ဘာသာပြောင်းသည်ဟုဆိုလျှင်ပင်—မမှားနိုင်ပါ။ သို့သော် ယင်းနှင့်ဒွန်တွဲပါလာသော ပြဿနာများကော အသို့နည်း။

မိသားစုအပေါ် သစ္စာရှိခြင်းကို ဟန်ချက်ညီစေခြင်း

လူတို့သည် ၎င်းတို့၏ယုံကြည်ချက်ကို ပြောင်းလိုက်သောအခါ တစ်စုံတစ်ရာသော ဘာသာရေး အခမ်းအနားများနှင့် ပွဲနေ့များတွင် မပါဝင်တော့ရန် ဆုံးဖြတ်ကြပေမည်။ ယင်းကြောင့် မိသားစုအတွင်းတွင် ပြင်းထန်သော ခံစားချက်များ ဖြစ်ပေါ်နိုင်သည်ကို နားလည်နိုင်ပါသည်။ ယင်းကို ယေရှု အသိအမှတ်ပြုခဲ့၏။ ကိုယ်တော်က မိမိ၏နောက်လိုက်များအား “အဖနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားစေရန် ငါလာ၏” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၀:၃၅) သမ္မာကျမ်းစာ သွန်သင်ချက်များက ငြင်းခုံမှုများကို မလွဲမသွေ ဖြစ်ပေါ်စေသည်ဟု ယေရှု ဆိုလိုနေခြင်းလော။ မဟုတ်ပါ။ အခြားသူများနှင့် မတူညီသော ယုံကြည်ချက်များဘက်မှ အခိုင်အမာ ရပ်တည်သော မိသားစုဝင်တစ်ဦးကို အခြားမိသားစုဝင်များက အပျက်သဘောဖြင့် တုံ့ပြန်သောအခါ ဖြစ်ပျက်နိုင်ရာကို ကိုယ်တော် ကြိုတင်သိမြင်ခြင်းသာ ဖြစ်သည်။

မိသားစုပဋိပက္ခကို ရှောင်ရန် အဘယ်အရာကိုမဆို ပေးဆက်သင့်သလော။ သားသမီးများသည် မိဘစကား နားထောင်ရမည်၊ ဇနီးသည်တို့သည် မိမိတို့၏ ခင်ပွန်းကို လက်အောက်ခံရမည်ဟု သမ္မာကျမ်းစာက သွန်သင်သည်။ (ဧဖက် ၅:၂၂။ ၆:၁) သို့သော် ဘုရားသခင်ကို ချစ်မြတ်နိုးသူများသည် “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” ဟု သမ္မာကျမ်းစာက သွန်သင်သည်။ (တမန်တော် ၅:၂၉) ထို့ကြောင့် တစ်ခါတစ်ရံ ဘုရားသခင်အပေါ် သင်သစ္စာစောင့်သိရန်အတွက် မိသားစုဝင်အချို့ မနှစ်သက်သော ဆုံးဖြတ်ချက်တစ်ခုကို ချရမည်ဖြစ်သည်။

သမ္မာကျမ်းစာတွင် စစ်မှန်သော သွန်သင်ချက်များနှင့် မှားယွင်းသော သွန်သင်ချက်များကို ရှင်းလင်းစွာ ခွဲခြားဖော်ပြထားသော်လည်း လူတစ်ဦးစီ မည်သို့ တုံ့ပြန်မည်ကို လွတ်လပ်စွာ ရွေးချယ်ရန် ဘုရားသခင် ခွင့်ပြုထားသည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) လူတစ်ဦးကို ၎င်းလက်မခံနိုင်သည့်နည်းဖြင့် ဝတ်ပြုကိုးကွယ်ရန် သို့မဟုတ် သူ၏ယုံကြည်ချက်များနှင့် သူ့မိသားစု နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန် မည်သူမျှ ဖိအားမပေးသင့်ပါ။ သမ္မာကျမ်းစာ လေ့လာခြင်းသည် မိသားစုကို ပြိုကွဲစေသလော။ မပြိုကွဲစေပါ။ အမှန်မှာ၊ သမ္မာကျမ်းစာသည် ဘာသာမတူသည့် လင်ယောက်ျားနှင့် ဇနီးသည်ကို မိသားစုတစ်စုအဖြစ် အတူတကွနေထိုင်ရန် အားပေးသည်။—၁ ကောရိန္သု ၇:၁၂၊ ၁၃

စိုးရိမ်မှုများကို အနိုင်ယူခြင်း

ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသောအခါ ပတ်ဝန်းကျင်က မည်သို့ တုံ့ပြန်မည်ကို သင် စိုးရိမ်ပေမည်။ မာရီရမ်မာက “ကျွန်မကို ထောက်ပံ့နိုင်မယ့် သင့်တော်တဲ့ ယောက်ျားနဲ့ မတွေ့မှာကို ကျွန်မရဲ့မိသားစုက စိုးရိမ်တယ်။ ဒါကြောင့် သူတို့က ကျွန်မ ကျမ်းစာလေ့လာတာကို ကန့်ကွက်ကြတယ်။” မာရီရမ်မာသည် ယေဟောဝါဘုရားသခင်အား ယုံကြည်ကိုးစားကာ ကျမ်းစာကို ဆက်လေ့လာခဲ့သည်။ (ဆာလံ ၃၇:၃၊ ၄) သင်လည်း ထိုအတိုင်း ပြုလုပ်နိုင်ပါသည်။ အကျိုးဆက်ကို စိုးရိမ်နေမည့်အစား အကျိုးကျေးဇူးကို စဉ်းစားပါ။ သမ္မာကျမ်းစာ သတင်းတရားသည် အသက်တာများနှင့် ကိုယ်ရည်ကိုယ်သွေးများကို ပိုကောင်းအောင် ပြောင်းလဲပေးသည်။ လူတို့သည် မိမိတို့၏ မိသားစုအပေါ် တစ်ကိုယ်ကောင်းမဆန်သော မေတ္တာပြသရန် သင်ယူကြသည်။ ကိုယ်၊ နှုတ်ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးကို တလွဲသုံးခြင်းစသော အကျင့်ဆိုးများကို အောင်မြင်ကျော်လွှားနိုင်ကြသည်။ (၂ ကောရိန္သု ၇:၁) သမ္မာကျမ်းစာသည် သစ္စာရှိခြင်း၊ ရိုးသားခြင်းနှင့် လုံ့လဝီရိယရှိခြင်း စသော စရိုက်မွန်များကို တိုးတက်ကောင်းမွန်စေသည်။ (သု. ၃၁:၁၀-၃၁။ ဧဖက် ၄:၂၄၊ ၂၈) သင်၏အသက်တာတွင် သမ္မာကျမ်းစာ သွန်သင်ချက်များကို လိုက်လျှောက်ခြင်းမှ အကျိုးရရှိသည်ကို တွေ့ မြင်ရန် သမ္မာကျမ်းစာကို လေ့လာပါလေ။

သင် စဉ်းစားဖူးသလော

▪ သင်၏ဘာသာရေး ယုံကြည်ချက်များကို အဘယ်ကြောင့် ဆန်းစစ်ရသနည်း။—သု. ၂၃:၂၃။ ၁ တိမောသေ ၂:၃၊ ၄

▪ စစ်မှန်သော သွန်သင်ချက်များကို သင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။—၂ တိမောသေ ၃:၁၆။ ၁ ယောဟန် ၄:၁

▪ မိသားစု ဆန့်ကျင်မှုကြောင့် သင် ကျမ်းစာလေ့လာနေခြင်းကို ရပ်တန့်သင့်ပါသလော။—တမန်တော် ၅:၂၉

[စာမျက်နှာ ၂၁ ပါ ပုံကြမ်း]

သမ္မာကျမ်းစာ၏ သတင်းတရားသည် အသက်တာများနှင့် ကိုယ်ရည်ကိုယ်သွေးများကို ပိုကောင်းအောင် ပြောင်းလဲပေး

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

မာရီရမ်မာနှင့် သူ၏ခင်ပွန်း