မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

“လတ်တလောတွင် ရုရှားနိုင်ငံသည် ၎င်းတို့၏နယ်မြေဝန်းကျင်၌ အဆိပ်သင့်စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း နှစ်ဘီလီယံခန့်ရှိနေပြီး ယင်းတို့ကို ရှင်းပစ်ရန် ထိရောက်သည့်နည်းလမ်းမရှိပေ။”—RIA NOVOSTI, ရုရှား။

၂၁ ရာစုတွင် ပင်လယ်ဓားပြတိုက်မှု ရုတ်တရက်အုံကြွလာသည်ကို တွေ့နေရသည်။ ဥပမာ၊၂၀၀၇ ခုနှစ်တွင် “အမှန်တကယ်နှင့် အထမမြောက်သော ပင်လယ်ဓားပြတိုက်မှု ၂၆၃ ကြိမ်ဖြစ်ပွားခဲ့သည်။”—THE WALL STREET JOURNAL,  အမေရိကန်။

ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း

နှစ်စဉ် ဂျာမနီနိုင်ငံတွင် ကလေးငယ် ၁၀,၀၀၀ ခန့်သည် အရက်နှင့်ဆက်နွှယ်သော ချို့တဲ့ချက်များဖြင့် မွေးဖွားလာကြောင်း ဂျာမနီသတင်းစာတစ်စောင် (Süddeutsche Zeitung) တွင်ဖော်ပြထားသည်။ ထိုကလေးငယ်များထဲမှ ၄,၀၀၀ ခန့်၏ မသန်မစွမ်းမှုမှာ ပြင်းထန်ပြီး တစ်သက်တာဖြစ်သည်။ “ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အရက်ကို အန္တရာယ်ကင်းစွာ သောက်သုံးနိုင်သည့်ပမာဏဟူ၍ သတ်သတ်မှတ်မှတ်မရှိပါ။ [ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည်] ရံဖန်ရံခါ တစ်ခွက်သောက်သုံးလျှင်ပင် ကလေးငယ်၏ စိတ်ပိုင်းနှင့် ကာယပိုင်းကို ထိခိုက်နိုင်ကြောင်း သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာပြဿနာများ ပေါ်ပေါက်စေနိုင်ကြောင်း ဆရာဝန်များ၊ သားဖွားဆရာမများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အလေးပေးပြောပြရန်လိုအပ်သည်” ဟု ဆေးဝါးကော်မရှင်အဖွဲ့ဝင် ဇာဘဲနီ ဘက်စင်က သတိပေးသည်။

ဥယျာဉ်စိုက်ပျိုးခြင်း—သင့်ကျန်းမာရေးကို ကောင်းမွန်စေ

“သင့်စားပင်များကို များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ သင်ကိုယ်တိုင်စိုက်ပျိုးခြင်းသည် သင့်ကျန်းမာရေးကို ထင်သည်ထက် ပိုကောင်းစေကြောင်း သုတေသီများ ရှာဖွေတွေ့ရှိထားသည်” ဟုမဂ္ဂဇင်းတစ်စောင် (Psychology Today) ကဆိုသည်။ “မြေကြီးထဲမှ ဘက်တီးရီးယားတစ်မျိုး (mycobacteria) ကို” ခန္ဓာကိုယ်ထဲသို့ မျိုချမိ သို့မဟုတ် ရှူသွင်းမိသောအခါ ယင်းတို့ကြောင့် “လူ့ကိုယ်ခံအားစနစ် သိသိသာသာတိုးတက်လာ” ကြောင်း သုတေသနပြုချက်က ဖော်ပြခဲ့သည်။ ထို့ကြောင့် အဆိုပါမဂ္ဂဇင်းက ဤသို့ဆိုသည်– “မြေဆီလွှာတွင် ပေါင်းစပ်ပါဝင်သောအရာများကို စားသုံးခြင်းက ယင်းတွင်ရှင်သန်ပေါက်ရောက်နေသော အကောင်းဆုံးသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအတွက် အရေးပါသကဲ့သို့ လူသားများ၏ကျန်းမာရေးအတွက် ပို၍ အရေးပါလာပုံရသည်။”

မနားတမ်း ပျံသန်းမှုမှတ်တမ်း

အမေရိကန်နိုင်ငံ၊ ဘူမိဗေဒလေ့လာမှု (USGS) မှ သိပ္ပံပညာရှင်များသည် “ကုန်းနေ ငှက်တစ်ကောင်၏ အကြာဆုံး မနားတမ်း ပျံသန်းမှုမှတ်တမ်း” အကြောင်း သတင်းပို့ခဲ့ကြသည်။ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ နှစ်စဉ်နေရပ်ရွှေ့ပြောင်းကြသည့် ကမ်းစပ်နေ ဗိုလ်စားငှက်အတော်များများကို ဂြိုဟ်တုဖြင့် နောက်ယောင်ခံခဲ့သည်။ ငှက်မတစ်ကောင်သည် အလာစကာမှ နယူးဇီလန်သို့ ၇,၂၄၂ မိုင်ခရီးကို ရှစ်ရက်ကြာ မနားတမ်းပျံသန်းခဲ့သည်။ ထိုငှက်ရောက်ရှိသွားချိန်တွင် “၎င်း၏ကိုယ်အလေးချိန်တစ်ဝက်ဖြစ်သည့် ၁.၅ ပေါင် သုံးလိုက်ရကြောင်း” မဂ္ဂဇင်းတစ်စောင် (The Week) ကဆိုသည်။ ဗိုလ်စားငှက်များ၏အပြန်ခရီးတွင် နယူးဇီလန်မှ တရုတ်၊ ထို့နောက် အလာစကာသို့ပျံသန်းကာ အသွားအပြန်ခရီးမှာ မိုင်ပေါင်း ၁၈,၀၀၀ ရှိသည်။ “မိုင်ပေါင်း ၁၈,၀၀၀ သည် ပျမ်းမျှ နှစ်စဉ်ပျံသန်းသည့် အကွာအဝေးဖြစ်ပါက အရွယ်ရောက်ပြီး ဗိုလ်စားငှက်တစ်ကောင်သည် ၎င်း၏သက်တမ်းတစ်လျှောက်တွင် မိုင်ပေါင်း ၂၈၈,၀၀၀ ခန့် ပျံသန်းခဲ့ပြီးဖြစ်ပေမည်” ဟု ယူအက်စ်ဂျီအက်စ်က ဆိုသည်။

ရှားစောင်းပင်သူခိုးများကို ဖမ်းခြင်း

အမေရိကန်၊ အရီဇိုးနားရှိ စာဂွာရို အမျိုးသားဥယျာဉ်တွင် အထူးစိုက်ပျိုးထားသည့် ရှားစောင်းပင်တချို့ကို သူခိုးများ ခိုးယူသွားခဲ့ကြသည်။ “လူတိုင်းဟာ သူတို့ရဲ့အိမ်ရှေ့ခြံဝင်းထဲမှာ အရီဇိုးနားသဲကန္တာရဒေသပေါက် ရှားစောင်းပင် (saguaro) ရှိချင်ကြတယ်” ဟု အရီဇိုးနားဌာန၊ စိုက်ပျိုးရေးရုံး၏ အထူးစုံစမ်းစစ်ဆေးရေးမှ ဂျင်မ် မက်ဂင်နက်စ်ကဆိုသည်။ ထို့ကြောင့် ကန္တာရထဲတွင် ရှားစောင်းပင်သယ်ဆောင်သွားသည့် ကားတစ်စင်းကို မြင်တွေ့ရခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ သူခိုးများသည် ဒေါ်လာတစ်ထောင် သို့မဟုတ် ထိုထက်ပို ဈေးရသော လေးပေမှခုနစ်ပေရှိ ရှားစောင်းပင်များကို အထူးသဖြင့် ပစ်မှတ်ထားသည်။ ခိုးမှုများကိုနှိမ်နင်းရန် အာဏာပိုင်များသည် ရှားစောင်းပင်များထဲသို့ အလွန်သေးငယ်သည့် ကွန်ပျူတာ မိုက်ကရိုချစ်ပ်များ (microchips) ထည့်သွင်းရန် စီစဉ်နေကြသည်။ ပျိုးခင်းများတွင် သို့မဟုတ် မြေရာရှုခင်းပြုပြင်သည့်လုပ်ငန်းများတွင် ရောင်းချနေသော နမူနာရှားစောင်းပင်များသည် အမျိုးသားဥယျာဉ်ထဲမှ ခိုးယူထားခြင်းဟုတ်မဟုတ်ဆိုသည်ကို လက်ကိုင် စကဲန်နာများ (scanners) ဖြင့် နောက်ပိုင်းတွင် ဖော်ထုတ်နိုင်တော့မည်ဖြစ်သည်။