မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ခြင်းမေတ္တာသည် မလိုမုန်းထားမှုကို အောင်နိုင်

ချစ်ခြင်းမေတ္တာသည် မလိုမုန်းထားမှုကို အောင်နိုင်

ချစ်ခြင်းမေတ္တာသည် မလိုမုန်းထားမှုကို အောင်နိုင်

“သမိုင်းတွင် ပထမဦးဆုံးအနေနှင့် ဘာသာရေးအဖွဲ့အစည်းပုံစံသစ်တစ်ခု ပေါ်ပေါက်ခဲ့သည်– မျိုးချစ်စိတ်ကို ယုံကြည်ကိုးကွယ်ရာတစ်ခုအဖြစ် ယူမှတ်သောအုပ်စုမဟုတ်ဘဲ လူမှုရေး၊ လူမျိုးရေးနှင့် အမျိုးသားရေးဆိုင်ရာ ကွဲပြားခြားနားမှုများကို ဘေးချိတ်ထားသည့် စေတနာ့ဝန်ထမ်းအုပ်စုတစ်စုဖြစ်သည်– အမျိုးသားများနှင့် အမျိုးသမီးများသည် ၎င်းတို့၏ဘုရားသခင်ရှေ့သို့ တစ်ဦးချင်းစီအနေနှင့် စုရုံးရောက်ရှိလာကြသည်။”—ပေါလ် ဂျွန်ဆန်ရေးသားသော ခရစ်ယာန်ဘာသာရေးသမိုင်း။

ရောမအင်ပါယာတစ်လျှောက် စစ်မှန်သောခရစ်ယာန်ဘာသာ ပျံ့နှံ့သွားသည်နှင့်အမျှ လူတို့သည် စစ်မှန်သောငြိမ်သက်မှုနှင့် စည်းလုံးမှုဖြင့် အတူတကွနေထိုင်ရန် သင်ယူခဲ့ကြသည့် အပြည်ပြည်ဆိုင်ရာ လူအုပ်တစ်အုပ်ကို အံ့ဩတကြီး တွေ့ရှိလိုက်ရသည်။ ဤလူအုပ် ငြိမ်သက်မှုရှိရခြင်း၏ လျှို့ဝှက်ချက်မှာ ခံစားချက်အပေါ်တွင်သာမဟုတ်ဘဲ ဘုရားသခင်သွန်သင်ပေးသည့် မူများအပေါ် အခြေပြုသော စစ်မှန်သည့်မေတ္တာဖြစ်သည်။

ယေရှုခရစ်သည် ယင်းမူများကို အပြောဖြင့်ရော အလုပ်ဖြင့်ပါ သွန်သင်ပေးခဲ့သည့်အတွက် သူကိုယ်တိုင် မုန်းတီးမှုနှင့် ဆိုးရွားသော မလိုမုန်းထားမှုကို ခံခဲ့ရသည်။ (၁ ပေတရု ၂:၂၁-၂၃) တစ်ခုမှာ ကိုယ်တော်သည် ဂါလိလဲနယ်မှဖြစ်ပြီး ဂါလိလဲနယ်သားအများစုမှာ လယ်သမားများနှင့် တံငါသည်များဖြစ်ကြရာ ဂျေရုဆလင်မြို့မှ ဂျူးဘာသာရေးခေါင်းဆောင်များက သူတို့ကို အထင်သေးခဲ့ကြသည်။ (ယောဟန် ၇:၄၅-၅၂) ထို့အပြင် ယေရှုသည် ထူးခြားထင်ရှားသော ဆရာသမားတစ်ဦးဖြစ်ရာ သာမန်ပြည်သူတို့၏ ရိုသေလေးစားမှုနှင့် ချစ်မြတ်နိုးမှုကို ခံခဲ့ရသည်။ ယင်းကြောင့် ဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော့်ကို မရှုဆိတ်နိုင်ဖြစ်လာကာ ကိုယ်တော်နှင့်ပတ်သက်သည့် မုသားများကိုဖြန့်ပြီး ကိုယ်တော့်ကို သတ်ရန်ပင် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။—မာကု ၁၅:၉၊ ၁၀; ယောဟန် ၉:၁၆၊ ၂၂; ၁၁:၄၅-၅၃

သို့သော် ယေရှုသည် “အဆိုးကို အဆိုးဖြင့် မတုံ့ပြန်” ခဲ့ချေ။ (ရောမ ၁၂:၁၇) ဥပမာ၊ ယေရှုကို ဆန့်ကျင်ကြသည့် ဂျူးဘာသာရေးဂိုဏ်းတစ်ဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်သော ဖာရိရှဲများသည် ကိုယ်တော်အား မေးခွန်းများမေးရန် စိတ်ရင်းမှန်ဖြင့် တစ်ဦးချင်းစီ ချဉ်းကပ်ခဲ့သောအခါ ကိုယ်တော် ကြင်နာစွာ ဖြေဆိုပေးခဲ့သည်။ (ယောဟန် ၃:၁-၂၁) ကိုယ်တော့်ကို အတော်အတန် မလိုမုန်းထားခဲ့သူတစ်ဦးအပါအဝင် ဖာရိရှဲတို့နှင့်အတူပင် စားသောက်ခဲ့သည်။ မည်သို့ မလိုမုန်းထားမှု ပြခံခဲ့ရသနည်း။ ထိုခေတ်က ဧည့်သည်များ၏ခြေကို ဆေးပေးရသည့်ထုံးစံရှိခဲ့သည်၊ သို့သော် အိမ်ရှင်ဖြစ်သူ ဖာရိရှဲသည် ယေရှု၏ခြေကို မဆေးပေးခဲ့ချေ။ မိမိကိုစော်ကားသည်ဟု ယေရှုခံစားခဲ့သလော။ မခံစားခဲ့ချေ။ အမှန်မှာ ယင်းကို အခွင့်အရေးယူ၍ သနားကြင်နာမှုနှင့် ခွင့်လွှတ်မှုဆိုင်ရာ နှစ်လို့ဖွယ်သင်ခန်းစာတစ်ခုကို ကိုယ်တော်သွန်သင်ပေးခဲ့သည်။—လုကာ ၇:၃၆-၅၀; ၁၁:၃၇

အထင်သေးခံရသူတို့ကို ယေရှုချစ်ခဲ့

ယေရှု၏အကျော်ကြားဆုံး ပုံဥပမာများအနက်တစ်ခုမှာ ကောင်းသောရှမာရိလူပုံဥပမာဖြစ်သည်၊ ယင်းတွင် ရှမာရိအမျိုးသားတစ်ဦးသည် ရိုက်နှက်လုယက်ခံခဲ့ရသည့် ဂျူးအမျိုးသားတစ်ဦး၏ လိုအပ်ရာများကို မိမိစရိတ်ဖြင့် ကူညီလုပ်ကိုင်ပေးခဲ့သည်။ (လုကာ ၁၀:၃၀-၃၇) အဆိုပါရှမာရိအမျိုးသား၏ လုပ်ဆောင်မှုသည် အဘယ်ကြောင့် ဤမျှမွန်မြတ်သနည်း။ လက်တွေ့ဘဝတွင် ဂျူးလူမျိုးနှင့် ရှမာရိလူမျိုးသည် တစ်ဦးကိုတစ်ဦး အထင်သေးကြ၏။ အမှန်မှာ ဂျူးတို့သည် “ရှမာရိလူ” ဟူသောအသုံးအနှုန်းကို အထင်အမြင်သေးသည့်အနေနှင့် အသုံးပြုလေ့ရှိကြ၏၊ သူတို့သည် ယေရှုကိုပင် ထိုသို့ပြောဆိုခဲ့ကြသည်။ (ယောဟန် ၈:၄၈) ယင်းနောက်ခံကို ဆန့်ကျင်လျက် ယေရှုသည် ပိုမိုထိရောက်သည့် ပုံဥပမာဖြစ်သော မျက်နှာမလိုက်သည့် လူသားချင်းမေတ္တာဆိုင်ရာပုံဥပမာကို ကောင်းစွာအသုံးပြုနိုင်ခဲ့သည်။

ယေရှုသည် နူနာစွဲနေသော ရှမာရိလူတစ်ဦးကို ကုသပေးကာ မိမိ၏စကားများကို ပုံသက်သေဖြင့် ပံ့ပိုးခဲ့သည်။ (လုကာ ၁၇:၁၁-၁၉) ထို့အပြင် ယေရှုသည် လေးမြတ်တတ်သော အခြားရှမာရိလူများကို သွန်သင်ပေးခဲ့သည်၊ ရှမာရိအမျိုးသမီးတစ်ဦးနှင့်ပင် အချိန်ကြာကြာ စကားစမြည်ပြောဆိုခဲ့ရာ အထူးမှတ်သားဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့သည်။ (ယောဟန် ၄:၇-၃၀၊ ၃၉-၄၂) အဘယ်ကြောင့် အထူးမှတ်သားဖွယ်ဖြစ်ခဲ့ရသနည်း။ စည်းကမ်းတင်းကျပ်သော ဂျူးရဗ္ဗိဆရာများသည် လူရှေ့သူရှေ့တွင် မည်သည့်အမျိုးသမီးနှင့်မျှ စကားပြောလေ့မရှိချေ၊ ရှမာရိအမျိုးသမီးတစ်ဦးမဆိုထားနှင့် ဆွေမျိုးရင်းချာတစ်ဦးနှင့်ပင် စကားမပြောကြချေ။

မလိုမုန်းထားစိတ်ရှိသော်လည်း ယင်းကို ကြိုးစားဖျောက်ဖျက်နေသူတစ်ဦးကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။ ဤတွင်တစ်ဖန် ယင်းကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာက နှစ်သိမ့်မှုဖြစ်စေသော ထိုးထွင်းအမြင်ကိုပေးပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် စိတ်ရှည်တော်မူ၏

ပထမရာစုတွင် ဂျူးလူမျိုးခရစ်ယာန်များသည် အစပိုင်း၌ ဂျူးမဟုတ်သူတို့အပေါ် အချိန်ကြာမြင့်စွာတည်ရှိခဲ့သည့် မလိုမုန်းထားမှုများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်၊ ဂျူးမဟုတ်သူအတော်များများမှာ ယုံကြည်သူများဖြစ်လာခဲ့ကြ၏။ ယေဟောဝါဘုရားသခင်သည် အရိုးစွဲနေသော ဤသဘောထားကွဲလွဲသည့်ပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ ကိုယ်တော်သည် ခရစ်ယာန်အသင်းတော်ကို စိတ်ရှည်ရှည်ဖြင့် လေ့ကျင့်ပေးခဲ့သည်။ (တမန်တော် ၁၅:၁-၅) ထိုသို့စိတ်ရှည်ခဲ့သည့်အတွက် ရလဒ်ကောင်းများ ရရှိခဲ့သည်၊ အကြောင်းမှာ ဤဆောင်းပါးအစပိုင်းတွင် ဖော်ပြထားသည့်အတိုင်း “လူမှုရေး၊ လူမျိုးရေးနှင့် အမျိုးသားရေး ကွဲပြားခြားနားမှုများကို ဘေးချိတ်” လိုက်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် “အသင်းတော်တို့သည် ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလာလျက် ယုံကြည်သူအရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးများလာ၏။”—တမန်တော် ၁၆:၅

သင်ခန်းစာကား အဘယ်နည်း။ လက်မလျှော့ပါနှင့်၊ သို့သော် “ယုံကြည်ခြင်းနှင့် ဆက်၍တောင်းလျှောက်” နေသူတို့ကို ဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားကြံ့ခိုင်မှု ရက်ရောစွာ ပေးသနားတော်မူသော ဘုရားသခင်အပေါ် ဆက်လက်မှီခိုအားထားပါလေ။ (ယာကုပ် ၁:၅၊ ၆) ဤဆောင်းပါးတွဲများ၏ ပထမဆုံးဆောင်းပါးတွင် ဖော်ပြခဲ့သော ဂျနီဖာ၊ တိမသီ၊ ဂျွန်နှင့် အော်လ်ဂါတို့ကို သင်အမှတ်ရပါသလော။ ဂျနီဖာ အလယ်တန်းကျောင်းတက်ချိန်ရောက်သောအခါ သူသည် ရင့်ကျက်သောခရစ်ယာန်တစ်ဦးဖြစ်နေပြီဖြစ်ရာ လူမျိုးရေးအပုပ်ချစကားများနှင့် မိမိ၏အရပ်အမောင်းနှင့်ပတ်သက်သော ဝေဖန်မှုများကို လျစ်လျူရှုတတ်လာခဲ့သည်။ များမကြာမီ နောက်မိန်းကလေးတစ်ဦးသည် အတန်းဖော်များ၏ ရိုင်းပျစော်ကားမှုကို ခံခဲ့ရသောအခါ ဂျနီဖာသည် သူ့ဘက်မှ ကာကွယ်ပြောဆိုပေးကာ သူ့ကို နှစ်သိမ့်အားပေးခဲ့သည်။

ကျောင်းနေဖက်များက လူမျိုးရေးအပုပ်ချစကားများဖြင့် ကဲ့ရဲ့ရှုတ်ချသောအခါ အမျက်မထွက်မိအောင် အဘယ်အရာက တိမသီအား ကူညီပေးခဲ့သနည်း။ သူက ဤသို့ဆို၏– “ကျွန်တော့်ကြောင့် ယေဟောဝါရဲ့နာမတော်ထိခိုက်သွားမှာကို ကျွန်တော်စိုးရိမ်တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ‘အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေ’ ရမယ်၊ အဆိုးကို အနိုင်ယူခွင့်မပေးရဘူးဆိုတာ စိတ်စွဲမှတ်ထားတယ်။”—ရောမ ၁၂:၂၁

ဂျွန်သည် မိမိ၏ ဟောင်ဆာလူမျိုး အတန်းဖော်အပေါ် မလိုမုန်းထားစိတ်ရှိနေသည်ကို အောင်မြင်ကျော်လွှားခဲ့သည်။ “ဆယ်ကျော်သက်အရွယ်တုန်းက ဟောင်ဆာလူမျိုး ကျောင်းသားတချို့နဲ့တွေ့ဆုံခဲ့ပြီး နောက်ပိုင်း မိတ်ဆွေတွေဖြစ်သွားတယ်။ ပရောဂျက်တစ်ခုကို ဟောင်ဆာလူမျိုးကျောင်းသားတစ်ယောက်နဲ့ အတူလုပ်ဖို့ တာဝန်ပေးခံရတယ်၊ ကျွန်တော်တို့ တော်တော်လေးကို အဆင်ပြေခဲ့ကြပါတယ်။ အခု လူတွေကို ဒီလူမျိုးဖြစ်လို့၊ ဟိုအနွယ်ဖြစ်လို့မဟုတ်ဘဲ တစ်ဦးချင်းစီအနေနဲ့ ရှုမြင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်” ဟုသူပြောပြသည်။

အော်လ်ဂါနှင့် သူ၏ခရစ်ယာန်သာသနာပြုအဖော်တို့သည် မုန်းတီးနေသော ဆန့်ကျင်သူများ၏ဖိနှိပ်မှုနှင့် ကြုံရသည့်အခါ ကြောက်ရွံ့တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်လက်တည်ကြည်ခဲ့ကြပြီး ကျမ်းစာသတင်းတရားကို လူတချို့ လေးမြတ်လာကြမည်ဟု ယုံကြည်စိတ်ချသည်။ ကျမ်းစာသတင်းတရားကို လူအများ လေးမြတ်ခဲ့ကြ၏။ “အနှစ် ၅၀ လောက်ကြာပြီးတဲ့နောက် အမျိုးသားတစ်ယောက် ကျွန်မဆီကို ချဉ်းကပ်လာပြီး အိတ်လှလှလေးတစ်လုံး ပေးခဲ့တယ်။ အဲဒီအိတ်ထဲမှာ ကောင်းမြတ်ခြင်း၊ ကြင်နာခြင်း၊ ချစ်ခြင်းနဲ့ ငြိမ်သက်ခြင်းစတဲ့ ခရစ်ယာန်အရည်အသွေးတွေကို ထွင်းထားတဲ့ ကျောက်ခဲလေးတွေ ထည့်ထားတယ်။ အဲဒီအမျိုးသားက သူဟာ ကျွန်မကို ခဲနဲ့ပေါက်ခဲ့တဲ့ ကောင်လေးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြောပြတယ်၊ အခုတော့ ကျွန်မရဲ့ ခရစ်ယာန်ညီအစ်ကိုတစ်ယောက် ဖြစ်နေပါပြီ။ အဲဒီနောက် သူနဲ့သူ့ဇနီးဟာ အဲဒီအိတ်လေးအပြင် နှင်းဆီဖြူ နှစ်ဆယ့်လေးပွင့်လည်း ပေးခဲ့တယ်” ဟုအော်လ်ဂါက ပြောပြသည်။

မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှုတို့ မရှိတော့မည့်အချိန်

မကြာမီ မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှုတို့ ရှိတော့မည်မဟုတ်။ မည်သို့အားဖြင့်နည်း။ တစ်နည်းမှာ မိမိမျက်စိမြင်သည်အတိုင်း တရားစီရင်မည်မဟုတ်သော ယေရှုခရစ်သည် ကမ္ဘာမြေကို အုပ်ချုပ်သွားမည်ဖြစ်သောကြောင့်တည်း။ (ဟေရှာယ ၁၁:၁-၅) ထို့အပြင် ယေရှု၏လက်အောက်ခံ မြေကြီးသားများသည် ထိုအချိန်ရောက်လျှင် ကိုယ်တော်၏ခမည်းတော် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သွန်သင်လေ့ကျင့်ပေးမှုကို ခံရကြတော့မည်ဖြစ်၍ ကိုယ်တော်၏သဘောထားကို ပြည့်ဝစုံလင်စွာ ရောင်ပြန်ဟပ်ကြပါလိမ့်မည်။—ဟေရှာယ ၁၁:၉

ယင်းသို့သောပညာပေးမှုသည် ယခုကတည်းက အတော်အတန်အောင်မြင်နေပြီး လုံးဝသစ်လွင်သည့် အစီအစဉ်စနစ်ရှိ ဘဝအသက်တာအတွက် ဘုရားသခင့်လူမျိုးတော်ကို အသင့်ပြင်ဆင်ပေးနေပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာရန် အခမဲ့ပညာရေးအစီအစဉ်မှ အကျိုးရယူပါလေ။ * မှန်ပါသည်၊ ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိချေ။ ဘုရားသခင်၏အလိုတော်မှာ လူအမျိုးမျိုးတို့သည် “ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်ဖြစ်၏။”—၁ တိမောသေ ၂:၃၊ ၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 သင့်အတွက် အဆင်ပြေမည့် အချိန်နှင့်နေရာတွင် အခမဲ့ကျမ်းစာလေ့လာမှုပြုလုပ်လိုပါက ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော် သို့မဟုတ် စာမျက်နှာ ၅ တွင်ဖော်ပြထားသော ဌာနခွဲရုံးတစ်ခုသို့ ဖုန်းဆက်ပါ။ သို့မဟုတ် www.watchtower.org ဝက်ဘ်ဆိုက်တွင် ယေဟောဝါသက်သေများကို ဆက်သွယ်ပါ။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

မကြာမီ လူသားထုကို စိတ်ဝမ်းကွဲစေသည့် မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှုတို့ ရှိတော့မည်မဟုတ်

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဘုရားသခင့်မူများနှင့်အညီ အသက်ရှင်နေထိုင်ခြင်း

“မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ . . . အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့။” (ရောမ ၁၂:၁၇-၂၁) ဆိုလိုရင်းကား အဘယ်နည်း။ သင့်ကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံသူတို့အား အကောင်းအားဖြင့် မည်သို့တုံ့ပြန်နိုင်ပုံကို လေ့လာသင်ယူပါလေ။ “သူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏” ဟုယေရှုခရစ် မိန့်ဆိုခဲ့သည်။ သို့သော် သူတို့ကို ကိုယ်တော် ပြန်မမုန်းခဲ့ချေ။—ယောဟန် ၁၅:၂၅

“အတ္တဆန်ခြင်း၊ . . . အချင်းချင်း ငြူစူခြင်း မပြုဘဲနေကြစို့။” (ဂလာတိ ၅:၂၆) ငြူစူခြင်းနှင့် မလျောက်ပတ်သောမာန်မာနသည် ကျမ်းစာမူများအပေါ်၊ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ်ထားရှိသော ကျွန်ုပ်တို့၏အမြင်ကို လျော့တိလျော့ရဲဖြစ်စေနိုင်ပြီး မုန်းတီးမှုနှင့် မလိုမုန်းထားမှုတို့ကို ဖြစ်စေလေ့ရှိသည်။—မာကု ၇:၂၀-၂၃

“ထို့ကြောင့် သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” (မဿဲ ၇:၁၂) ‘ငါ့ကို ဘယ်လိုဆက်ဆံစေချင်သလဲ’ ဟုသင့်ကိုယ်သင် မေးကြည့်ပါ။ အသက်အရွယ်၊ အသားရောင်၊ ဘာသာစကား သို့မဟုတ် ယဉ်ကျေးမှု မည်သို့ပင်ဖြစ်ပါစေ အခြားသူများကို ထိုနည်းတူဆက်ဆံပါ။

“ခရစ်တော်သည် . . . ငါတို့ကို ကြိုဆိုလက်ခံတော်မူသည့်နည်းတူ အချင်းချင်း ကြိုဆိုလက်ခံကြလော့။” (ရောမ ၁၅:၇) နောက်ခံမတူ၊ ယဉ်ကျေးမှုမတူသောသူတို့ကို အထူးသဖြင့် ဘုရားသခင့်ကျေးကျွန်ချင်းများဖြစ်သည်ဆိုလျှင် သူတို့ကိုသိကျွမ်းရန် သင်ကြိုးစားပါသလော။—၂ ကောရိန္သု ၆:၁၁

‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ယေဟောဝါသည် အကျွန်ုပ်ကို ချီယူတော်မူမည်။’ (ဆာလံ ၂၇:၁၀) အခြားသူတို့သည် သင့်ကို မည်သို့ပင်ဆက်ဆံနေပါစေ သင်သည် ဘုရားသခင်အပေါ် ဆက်လက်သစ္စာစောင့်သိမည်ဆိုပါက သင့်ကို ကိုယ်တော် ဘယ်တော့မျှ စွန့်ပစ်မည်မဟုတ်ချေ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အိမ်နီးချင်းကောင်းစိတ်ဓာတ်ရှိသော ရှမာရိလူတစ်ဦးသည် လုယက်ခံရသည့် ဂျူးတစ်ဦးကို အကူအညီပေးခဲ့