မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓမ္မဆရာ–လူဝတ်ကြောင် ခွဲခြားမှု ရှိသင့်ပါသလော

ဓမ္မဆရာ–လူဝတ်ကြောင် ခွဲခြားမှု ရှိသင့်ပါသလော

သမ္မာကျမ်းစာရှုထောင့်

ဓမ္မဆရာ–လူဝတ်ကြောင် ခွဲခြားမှု ရှိသင့်ပါသလော

အထူးသိက္ခာတော်ရ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီး၊ ဖာသာ၊ အသန့်ရှင်းဆုံးဖာသာ၊ ရဗ္ဗိ၊ အထွတ်အထိပ်မင်းမြတ်၊ အရှင် မင်းမြတ်၊ ပုပ်ရဟန်းမင်းကြီး၊ အထွတ်အထိပ်ပုပ်ရဟန်းမင်းကြီးတို့သည် ဘာသာတရားအသီးသီးရှိ ဓမ္မဆရာများကို လူဝတ်ကြောင်များနှင့် ကွဲပြားခြားနားစေသော ဘွဲ့အမည်တချို့ ဖြစ်သည်။ ဓမ္မဆရာများနှင့် လူဝတ်ကြောင်တို့ကို ခွဲခြားထားခြင်းသည် ဘာသာတရားများစွာတွင် ထုံးစံတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း ယင်းသည် ဘုရားသခင့်အစီအစဉ်လော၊ သို့မဟုတ် လူ့ထုံးတမ်းစဉ်လာ တစ်ခုလော။ ပို၍အရေးကြီးသည်မှာ ယင်းသည် ဘုရားသခင့်မျက်နှာသာ ရရှိစေသလော။

“ဓမ္မသစ်ကျမ်းတွင်နှင့် အစောပိုင်း တမန်တော်များအချိန်အတွင်း ဓမ္မဆရာ သို့မဟုတ် လူဝတ်ကြောင် ဟူသည့်ဖော်ပြချက်မရှိပါ” ဟု ဓမ္မပညာပါမောက္ခ ကလီးတပ်စ် ဝက်စ်ဆဲလ်က ရေးသားခဲ့သည်။ ခရစ်ယာန်ဘာသာစွယ်စုံကျမ်း (Encyclopedia of Christianity) က ဤသို့ဖော်ပြသည်– “ဓမ္မဆရာများကို အသင်းအမှုဆောင်များအဖြစ်၊ လူဝတ်ကြောင်များကို သာမန်ပုဂ္ဂိုလ်များအဖြစ် ခွဲခြားခြင်းသည် တဖြည်းဖြည်းပေါ်ပေါက်လာခဲ့သည်။ . . . ယခုအခါ ‘သာမန်’ ချာ့ခ်ျအဖွဲ့ဝင်များသည် ဘုရားသခင်အကြောင်း သို့မဟုတ် သမ္မာကျမ်းစာအကြောင်း ဘာမျှမသိသူများအဖြစ် ရှုမြင်ခံနေရသည်။” ထိုသို့ခွဲခြားခြင်းသည် ယေရှုခရစ်သေဆုံးပြီးနောက် နှစ်ပေါင်း နှစ်ရာကျော်ကြာ စီအီး တတိယရာစုအတွင်း ပို၍ထင်ရှားလာသည်။

သို့ဖြစ်၍ ဓမ္မဆရာ-လူဝတ်ကြောင်ခွဲခြားခြင်းသည် ယေရှု၏တမန်တော်များနှင့် အခြားအစောပိုင်းခရစ်ယာန်များ ချမှတ်ခဲ့သည့်ပုံစံကို အခြေခံခြင်းမဟုတ်ပါက မှားပါသလော။ သမ္မာကျမ်းစာအရဆိုလျှင် မှားပါသည်။ အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။

“သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏”

ခရစ်ယာန်အားလုံးသည် ဘုရားသခင့်အမှုတော်ဆောင်များအဖြစ် အမှုဆောင်ကြောင်း၊ လူတစ်ဦးသည် အခြားတစ်ဦးထက် သာလွန်မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းမရှိကြောင်း ဘုရားသခင့်နှုတ်မြွက်တော်က ဖော်ပြသည်။ (၂ ကောရိန္သု ၃:၅၊ ၆) အစောပိုင်းခရစ်ယာန်များကြားတွင် “အတန်းအစားခွဲခြားခြင်း မရှိစေရန် အပြုသဘောပါပါ တိုက်တွန်းခဲ့ကြသည်” ဟု ဘာသာရေးစာရေးဆရာ အလက်ဇန္ဒား ဖက်ဗရီက ဆိုသည်။ ထို “အတန်းအစားခွဲခြားမှု မရှိခြင်း” သည် မိမိနောက်လိုက်များအား ပြောခဲ့သည့် ယေရှု၏စကားနှင့် ကိုက်ညီမှုရှိသည်– “သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏။”—မဿဲ ၂၃:၈

ယေဟောဝါနှင့်ပတ်သက်သည့် အသိပညာတွင် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော အမျိုးသားများသည် လမ်းညွှန်ပြသခြင်းနှင့် သွန်သင်ခြင်းအလုပ်တို့ကို လုပ်ဆောင်ရသော ကြီးကြပ်မှူးများအဖြစ် အမှုဆောင်ကြသည်မှာ မှန်ပါသည်။ (တမန်တော် ၂၀:၂၈) သို့သော် ထိုအမျိုးသားများသည် လခစား ဓမ္မဆရာများနှင့်မတူပါ။ အများစုမှာ လင်ယောက်ျားနှင့် ဖခင်များဖြစ်ပြီး သာမန်လုပ်သားများဖြစ်ကြသည်။ ထို့ပြင်၊ သူတို့သည် ဘာသာရေးကျောင်းများ တက်ရောက်ခဲ့ခြင်းမရှိကြသော်လည်း ဘုရားသခင့်နှုတ်မြွက်တော်ကို လုံ့လဝီရိယရှိရှိလေ့လာသည့် ကျောင်းသားများဖြစ်ပြီး ဘုရားသခင်တောင်းဆိုသည့် အရည်အသွေးများကို ပြုစုပျိုးထောင်ကြခြင်းဖြင့် ကြီးကြပ်မှူးများအဖြစ် အမှုထမ်းဆောင်ရန် အရည်အချင်းပြည့်မီကြသည်။ ထိုအရည်အချင်းများတွင် ‘အစွန်းမရောက်ခြင်း၊ သမာသတိရှိခြင်း၊ စည်းစနစ်ကျခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သွန်သင်ရန် အရည်အချင်းပြည့်ဝခြင်း၊ . . . အကျိုးသင့်အကြောင်းသင့်ရှိခြင်း၊ ရန်မလိုခြင်း၊ ငွေကိုမတပ်မက်ခြင်း၊ မိမိအိမ်ထောင်စုကို ကောင်းစွာဦးစီးခြင်း’ တို့ပါဝင်သည်။—၁ တိမောသေ ၃:၁-၇

ကျမ်းစာနှင့်အညီလုပ်ဆောင်ခြင်းက ပညာရှိရသည့်အကြောင်းရင်း

“ကျမ်းစာ၌ရေးထားသည်ထက် မလွန်ရ” ဟုကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၄:၆) ဝမ်းနည်းစရာမှာ၊ လူတို့သည် ဘုရားသခင့်မှုတ်သွင်းခံကျမ်းစာမှ လမ်းညွှန်ချက်များကို လျစ်လျူရှုသောအခါ ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေး ထိခိုက်သွားခြင်းဖြစ်ပြီး ယင်းသည် ဓမ္မဆရာ-လူဝတ်ကြောင် အစီအစဉ်တွင် မှန်ကန်၏။ မည်သို့အားဖြင့်နည်း။ ကျေးဇူးပြု၍ အောက်ပါအချက်ခြောက်ခုကို သုံးသပ်ကြည့်ပါ။

၁။ ဓမ္မဆရာအတန်းအစားခွဲခြားခြင်းမှာ လူတစ်ဦးသည် ဘုရားသခင့်အမှုတော်ဆောင်တစ်ဦးဖြစ်ရန် အထူးရွေးချယ်ခြင်းခံရမည်ဟူသည့် သဘောသက်ရောက်သည်။ သို့သော် ခရစ်ယာန်စစ်များအားလုံးသည် ဘုရားသခင်အားအမှုဆောင်သင့်ပြီး ကိုယ်တော့်နာမတော်အား ချီးမွမ်းသင့်ကြောင်း ကျမ်းစာကဆိုသည်။ (ရောမ ၁၀:၉၊ ၁၀) အသင်းတော်အတွင်း အမှုဆောင်ခြင်းနှင့်ပတ်သက်လျှင် ယေဘုယျအားဖြင့် ခရစ်ယာန်အမျိုးသားများသည် ထိုအခွင့်ထူးကို တက်လှမ်းရန် အားပေးခံရကြ၏၊ ယင်းသည် ယေဟောဝါသက်သေများအလယ်တွင် အလေ့အထတစ်ခုဖြစ်သည်။—၁ တိမောသေ ၃:၁

၂။ ဓမ္မဆရာ-လူဝတ်ကြောင်ခွဲခြားခြင်းသည် ဓမ္မဆရာအတန်းအစားကို ဂုဏ်တင်ချီးမြှောက်ခြင်းဖြစ်ပြီး ဘာသာရေးဆိုင်ရာ ဘွဲ့အမည်များအားဖြင့် လူတို့၏ အထင်ကြီးချီးမွမ်းမှုခံယူခြင်းက ယင်းအချက်ကို သက်သေထူသည်။ သို့သော်၊ ယေရှု ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့တွင် အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံသူသည် ကြီးမြတ်သောသူဖြစ်၏။” (လုကာ ၉:၄၈) ထိုနှိမ့်ချသည့်စိတ်ဓာတ်နှင့်အညီ ကိုယ်တော်သည် မိမိနောက်လိုက်များအား ဘာသာရေးဘွဲ့အမည်များ မခံယူရန် မိန့်မှာခဲ့သည်။—မဿဲ ၂၃:၈-၁၂

၃။ လခစား ဓမ္မဆရာအတန်းအစားသည် အထူးသဖြင့် အသုံးအစွဲဖွာသောအခါ လူဝတ်ကြောင်တို့အတွက် ငွေကြေးဆိုင်ရာ ဝန်ထုပ်ကြီးဖြစ်စေနိုင်သည်။ အခြားတစ်ဖက်တွင်မူ၊ ခရစ်ယာန်ကြီးကြပ်မှူးများသည် သာမန်လောကအလုပ်,လုပ်ခြင်းဖြင့် မိမိတို့၏ငွေကြေးလိုအပ်ရာများကို ထောက်ပံ့ကြသည်၊ ဤသို့ဖြင့် အခြားသူများအတွက် စံနမူနာကောင်း ချမှတ်ကြသည်။ *တမန်တော် ၁၈:၁-၃; ၂၀:၃၃၊ ၃၄; ၂ သက်သာလောနိတ် ၃:၇-၁၀

၄။ ဓမ္မဆရာတစ်ဦးသည် ငွေကြေးထောက်ပံ့မှုအတွက် အခြားသူများကို မှီခိုရနိုင်သောကြောင့် အသင်းသားများ ကျေနပ်စေရန် သမ္မာကျမ်းစာသတင်းတရားကို ပေါ့ပျက်သွားအောင်လုပ်ဖို့ သွေးဆောင်ခံရနိုင်သည်။ အမှန်မှာ၊ သမ္မာကျမ်းစာတွင် ထိုအရာများဖြစ်လာမည်ဟု ကြိုဟောထားသည်။ “လူတို့သည် အကျိုးဖြစ်ထွန်းသော သွန်သင်ချက်ကို နားမထောင်လိုတော့ဘဲ မိမိတို့ကြားလိုရာများ ပြောပေးမည့်ဆရာတို့ကို ရှာဖွေကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။”—၂ တိမောသေ ၄:၃

၅။ ဓမ္မဆရာ-လူဝတ်ကြောင်ခွဲခြားခြင်းက ဘာသာရေးဆိုင်ရာကိစ္စရပ်များကို ဓမ္မဆရာများသာလုပ်ဆောင်ရမည်၊ လူဝတ်ကြောင်များကမူ ပတ်စဉ် ချာ့ခ်ျတက်၍ ဝတ်ပြုလျှင်ရပြီဟု လူတို့အား ထင်မှတ်စေနိုင်သည်။ သို့သော်၊ ခရစ်ယာန်အားလုံးသည် ယေဟောဝါနှင့် မိမိတို့၏ဆက်ဆံရေးကို ဂရုပြုကာ ကျမ်းစာကျောင်းသားကောင်းများ ဖြစ်နေရမည်။—မဿဲ ၄:၄; ၅:၃

၆။ လူဝတ်ကြောင်တို့သည် ကျမ်းစာအသိပညာကင်းမဲ့သောအခါ ဓမ္မဆရာများ၏လှည့်စားမှုကို အလွယ်တကူခံရနိုင်ပြီး သူတို့၏အမြတ်ထုတ်မှုကိုပင် ခံရနိုင်သည်။ အမှန်မှာ၊ သမိုင်းတွင် ထိုကဲ့သို့သော မတော်မတရားပြုမှုများနှင့်ပတ်သက်၍ သာဓကများစွာရှိသည်။ *တမန်တော် ၂၀:၂၉၊ ၃၀

သမ္မာကျမ်းစာထဲတွင် ချမှတ်ထားသည့်ပုံစံကို အနီးကပ်လိုက်လျှောက်ရန် ယေဟောဝါသက်သေများတွင် ဓမ္မဆရာအတန်းအစားမဟုတ်ဘဲ ဘုရားသခင့်သိုးတော်စုကို လိုလိုလားလားကူညီပေးသော အခကြေးငွေမယူသည့် ပုံဆောင်သိုးထိန်းများနှင့် သွန်သင်သူများရှိကြသည်။ သင့်ဒေသရှိ ဝတ်ပြုရာခန်းမကို ကိုယ်တိုင်သွားရောက်လည်ပတ်ကြည့်ပါလေ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 13 ပထမရာစုတွင် နယ်လှည့်ကြီးကြပ်မှူးအချို့သည် တစ်ခါတစ်ရံ ဧည့်ဝတ်ပြုခြင်းနှင့် လိုလိုလားလား ပေးကမ်းထောက်ပံ့ရာများကို လက်ခံခြင်းဖြင့် “သတင်းကောင်းအားဖြင့် အသက်မွေး” ခဲ့ကြသည်။—၁ ကောရိန္သု ၉:၁၄

^ အပိုဒ်၊ 16 ထိုသာဓကများတွင် အပြစ်ဖြေခြင်းအရောင်းအဝယ်၊ ကက်သလစ်တို့၏ ဘာသာရေးစစ်ဆေးမေးမြန်းခြင်းနှင့် မိမိတို့၏သိုးအုပ်များလက်ထဲတွင် သမ္မာကျမ်းစာမရှိစေလိုသည့် ဓမ္မဆရာများ ကျမ်းစာကို မီးရှို့ခြင်းပင်ပါဝင်သည်။—ကျွန်ုပ်တို့၏တွဲဖက်မဂ္ဂဇင်း ကင်းမျှော်စင် နိုဝင်ဘာ ၁၅၊ ၂၀၀၂၊ စာမျက်နှာ ၂၇ ကိုကြည့်ပါ။

သင်စဉ်းစားဖူးသလော

▪ ဘုရားသခင့်လူမျိုးအားလုံးသည် တစ်ဦးနှင့်တစ်ဦး မည်သို့ရှုမြင်သင့်သနည်း။—မဿဲ ၂၃:၈

▪ ခရစ်ယာန်အမျိုးသားများသည် အသင်းတော်တွင် ကြီးကြပ်မှူးများအဖြစ် အမှုထမ်းဆောင်ရန် မည်သို့ အရည်အချင်းပြည့်မီနိုင်ကြသနည်း။—၁ တိမောသေ ၃:၁-၇

▪ ဓမ္မဆရာ-လူဝတ်ကြောင် အစီအစဉ်သည် အဘယ်ကြောင့် ဘုရားသခင့်ကောင်းချီးမရရှိစေသနည်း။—၁ ကောရိန္သု ၄:၆

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

ဓမ္မဆရာများနှင့်မတူဘဲ ယေရှုသည် မိမိကိုယ်ကို “အငယ်ဆုံးသောသူကဲ့သို့” ပြုမူခဲ့