မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု—အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း

မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု—အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း

မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု—အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း

“လူသားအားလုံးသည် မွေးရာပါလွတ်လပ်ခွင့်ရှိကြပြီး ဂုဏ်သိက္ခာနှင့်အခွင့်အရေး တန်းတူရှိကြသည်။ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ကို သူတို့ပိုင်ဆိုင်ထားကြပြီး အချင်းချင်း ညီရင်းအစ်ကိုစိတ်သဘောဖြင့် ပြုမူဆက်ဆံသင့်သည်။”—အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း ၁။

ရည်ရွယ်ချက်ကောင်းရှိလင့်ကစား မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှုသည် လူသားထုကို ထိခိုက်နေဆဲပင်။ ဤဝမ်းနည်းဖွယ်အမှန်တရားက ကျွန်ုပ်တို့အသက်ရှင်နေရသည့် ခေတ်ကာလကိုသာမက လူသားတို့၏ အပြစ်ရှိအခြေအနေကိုပါ ထင်ဟပ်ဖော်ပြ၏။ (ဆာလံ ၅၁:၅) သို့သော် ယင်းသည် မျှော်လင့်ချက်မဲ့သည့် အခြေအနေမဟုတ်ချေ။ ကျွန်ုပ်တို့၏ဝန်းကျင်တွင် တွေ့နေမြင်နေရသည့် ခွဲခြားဆက်ဆံမှုကို ဖယ်ရှားနိုင်စွမ်းရှိမည်မဟုတ်သော်လည်း ကျွန်ုပ်တို့၏စိတ်ထဲတွင် ရှိနေနိုင်သည့် မလိုမုန်းထားမှုကိုကား အမြစ်ပါမကျန် ဖယ်ရှားနိုင်ပါသည်။

ဦးစွာ လူတိုင်းတွင် မလိုမုန်းထားမှုရှိနေနိုင်ကြောင်း အသိအမှတ်ပြုရန် အရေးကြီးသည်။ စာအုပ်တစ်အုပ် (Understanding Prejudice and Discrimination) တွင် ဤသို့ဆိုထား၏– “မလိုမုန်းထားမှုကို သုတေသနပြုရာမှ ထွက်ပေါ်လာသော အရေးကြီးဆုံးကောက်ချက်များမှာ ဤသို့ဖြစ်ဖွယ်ရှိသည်– (၁) တွေးခေါ်နိုင်စွမ်း၊ စကားပြောဆိုနိုင်စွမ်းရှိသူ မည်သူမဆိုသည် မလိုမုန်းထားမှုနှင့် မကင်းပေ၊ (၂) မလိုမုန်းထားမှု လျော့ပါးသွားစေရန် အသိစိတ်ဖြင့် တမင်ကြိုးစားအားထုတ်ရလေ့ရှိပြီး (၃) ယင်းကို လုံလောက်သော စိတ်ဓာတ်လှုံ့ဆော်မှုဖြင့် လုပ်ဆောင်နိုင်ပါသည်။”

မလိုမုန်းထားမှုကိုတိုက်ဖျက်ရာတွင် ပညာပေးခြင်းကို “အစွမ်းထက်ဆုံးကိရိယာ” အဖြစ် ဖော်ပြခဲ့ကြပြီ။ ဥပမာ၊ မှန်ကန်စွာပညာပေးခြင်းက မလိုမုန်းထားမှုဖြစ်ရသည့် အခြေခံအကြောင်းရင်းများကို ဖော်ပြပေးကာ မိမိတို့၏သဘောထားများကို အရှိအတိုင်း ဆန်းစစ်စေနိုင်ပြီး မလိုမုန်းထားခံရသည့်အခါ ပညာရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်စေသည်။

အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း

မလိုမုန်းထားမှုသည် လူတို့၏အမြင်ကို တစ်ဖက်စောင်းနင်းဖြစ်စေသည်၊ နားလည်မှုလွဲစေသည်၊ သို့မဟုတ် သူတို့ကြိုတင်သတ်မှတ်ထားသော ထင်မြင်ချက်များနှင့် ကွဲလွဲနေသည့် အဖြစ်မှန်များကိုပင် လျစ်လျူရှုစေသည်။ မလိုမုန်းထားမှုသည် အပြစ်ရှိပုံမရသော်လည်း တလွဲလမ်းညွှန်ခံရသည့် မိသားစုစံနှုန်းများမှ စတင်လာပေမည် သို့မဟုတ် အခြားလူမျိုး၊ အခြားယဉ်ကျေးမှုအပေါ် ထားရှိသော လွဲမှားသည့်အမြင်များကို တမင်တကာ လှုံ့ဆော်ပေးသူတို့ထံမှ အစပြုနိုင်သည်။ ထို့ပြင် မျိုးချစ်စိတ်နှင့် မှားယွင်းသောဝတ်ပြုရေးဆိုင်ရာ သွန်သင်ချက်များကလည်း မလိုမုန်းထားမှုကို အားပေးအားမြှောက်ပြုနိုင်ပါသည်။ မာနကြီးလွန်းခြင်းကြောင့် မလိုမုန်းထားမှုရှိလာနိုင်ပါသည်။ အောက်ပါအချက်များနှင့် သက်ဆိုင်ရာကျမ်းစာမူများကို သင် အလေးအနက်စဉ်းစားသည်နှင့်အမျှ မိမိ၏သဘောထားများကို ဆန်းစစ်၍ ယင်းအတိုင်း ပြုပြင်ပြောင်းလဲနိုင်မနိုင် လေ့လာကြည့်ပါ။

အပေါင်းအသင်းများ။ လူသားများသည် သဘာဝအားဖြင့် အသင်းအဖွဲ့နှင့်နေတတ်ကြပြီး ယင်းသည် ကောင်းသောအရာဖြစ်၏။ အမှန်မှာ “သူတစ်ပါးနှင့် မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာ ရှာဖွေ” ပြီး လက်တွေ့ကျဉာဏ်ပညာကို အရေးပင်မစိုက်ကြောင်း သမ္မာကျမ်းစာကဆို၏။ (သု. ၁၈:၁သမ္မာ) သို့သော် ကျွန်ုပ်တို့၏အပေါင်းအသင်းများသည် ကျွန်ုပ်တို့အပေါ် အလွန်သြဇာညောင်းနိုင်သည့်အတွက် ပညာရှိရှိ ရွေးချယ်သင့်ပေသည်။ ထို့ကြောင့် ပညာရှိသောမိဘများသည် မိမိတို့သားသမီးများ၏ အပေါင်းအသင်းများကို အလွန်စိတ်ဝင်စားသင့်ပါသည်။ အသက်သုံးနှစ်ခန့်ရှိသော ကလေးများပင် အခြားသူတို့၏သဘောထားများ၊ စကားများနှင့် အမူအရာများကို သင်ယူတတ်ကြရာ လူမျိုးရေးဘက်လိုက်သည့်စိတ် တဖြည်းဖြည်းကြီးထွားလာနိုင်ကြောင်း လေ့လာမှုများက ဖော်ပြခဲ့ကြပြီ။ ကလေးတစ်ဦး၏စံနှုန်းများကို ပုံသွင်းရာတွင် မိဘများ၏သြဇာသည် အစွမ်းထက်ဆုံးအခြေခံအကြောင်းရင်း ဖြစ်လေ့ရှိကြောင်း သိရှိထားကာ မိမိတို့သားသမီးများအပေါ် ကောင်းသောသြဇာလွှမ်းမိုးရန် မိဘများ အစွမ်းကုန် လုပ်ဆောင်သင့်ပါသည်။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။” (သု. ၂၂:၆) “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) သင်သည် မိဘတစ်ဦးဖြစ်သည်ဆိုလျှင် သင့်ကိုယ်သင် ဤသို့မေးနိုင်ပါသည်– ‘ဘုရားသခင်ရဲ့အမြင်မှာ မှန်ကန်ဖြောင့်မတ်တဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်းဖို့ ငါ့ရဲ့သားသမီးတွေကို လမ်းညွှန်ပေးနေသလား။ ငါ့အပေါ် ကောင်းကျိုးပြုတဲ့သူတွေနဲ့ ငါပေါင်းသင်းသလား။ ငါဟာ တခြားသူတွေအပေါ် ကောင်းတဲ့သြဇာလွှမ်းမိုးသလား။’—သု. ၂:၁-၉

မျိုးချစ်စိတ်။ မျိုးချစ်စိတ်ဟူသည် “နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံများထက် ချီးမြှောက်ကာ မိမိ၏ယဉ်ကျေးမှုနှင့် အကျိုးစီးပွားကို အဓိက အလေးပေး တိုးမြှင့်ထောက်ခံပြီး အခြားနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် အကျိုးစီးပွားကိုမူ ဆန့်ကျင်သည့် စိတ်ဓာတ်ဖြစ်သည်” ဟုအဘိဓာန်တစ်အုပ်က အဓိပ္ပာယ်ဖွင့်ဆိုသည်။ နိုင်ငံရေးသိပ္ပံပါမောက္ခဖြစ်သူ အီဗို ဒူကာချက်ခ်က ၎င်း၏စာအုပ် (Conflict and Cooperation Among Nations) တွင်ဤသို့ဖော်ပြခဲ့သည်– “မျိုးချစ်စိတ်သည် လူတို့အား အချင်းချင်း၏အမြင်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းမရှိသည့် အုပ်စုများအဖြစ် ကွဲပြားစေသည်။ ယင်းကြောင့် အမေရိကန်လူမျိုး၊ ရုရှားလူမျိုး၊ တရုတ်လူမျိုး၊ အီဂျစ်လူမျိုး သို့မဟုတ် ပီရူးလူမျိုးသည် ပထမ၊ လူက ဒုတိယဟု လူတို့ယူဆကြသည်။” ယူအဲန်အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းတစ်ဦးက ဤသို့ရေးသားခဲ့၏– “ယနေ့ ကျွန်ုပ်တို့ရင်ဆိုင်နေရသော ဤမျှများပြားလှသည့် ပြဿနာများသည် မှားယွင်းသောသဘောထားများကြောင့်ဖြစ်၏၊ အချို့သောသဘောထားများကို အလိုအလျောက်နီးပါး ခံယူခဲ့ကြသည်။ ယင်းသဘောထားများအနက်တစ်ခုမှာ ‘မှားမှားမှန်မှန် ငါ့နိုင်ငံ’ ဟူသည့် မျိုးချစ်စိတ်အယူအဆဖြစ်သည်။”

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောက [လူသားအားလုံး] ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ‘ဘုရားသခင်ဟာ ငါအပါအဝင် လူမျိုးအားလုံးကို မျက်နှာမလိုက်ဘဲ ချစ်မြတ်နိုးတယ်ဆိုရင် ကိုယ်တော့်ကို တုပဖို့ ငါ မကြိုးစားသင့်ဘူးလား၊ အထူးသဖြင့် ကိုယ်တော့်ကို ရိုသေလေးမြတ်တယ်ဆိုရင် မတုပသင့်ဘူးလား’ ဟုကိုယ့်ကိုယ်ကိုမေးပါ။

လူမျိုးရေးစိတ်ဓာတ်။ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သူများက “လူမျိုးရေးဟူသည် လူ့စရိုက်လက္ခဏာ သို့မဟုတ် အရည်အချင်းမတူညီကြသည့်အတွက် ဖြစ်ပေါ်လာပြီး လူမျိုးတစ်မျိုးသည် အခြားလူမျိုးထက် သာလွန်မြင့်မြတ်သည်” ဟုယူဆကြကြောင်း အဘိဓာန်တစ်အုပ်ကဆို၏။ သို့သော် ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းတွင် ဖော်ပြထားသည့်အတိုင်း သုတေသီများသည် “[လူမျိုးရေး] သာလွန်မြင့်မြတ်မှုဟူသော ယင်းအဆိုအတွက် မည်သည့်သိပ္ပံဆိုင်ရာ အခြေခံအကြောင်းရင်းကိုမျှ မတွေ့ရှိခဲ့ကြချေ။” လူမျိုးရေးစိတ်ဓာတ်က လှုံ့ဆော်ပေးသည့် လူသားချင်းတို့ကို အခွင့်အရေး တမင်မပေးခြင်းကဲ့သို့သော အလွန်ဆိုးရွားသည့် တရားမမျှတမှုများသည် နာကြည်းစရာကောင်းသော သက်သေသာဓကဖြစ်သည်၊ ယင်းစိတ်ဓာတ်သည် လွဲမှားသောယူဆချက်များအပေါ် တည်မှီသည်။

သမ္မာကျမ်းစာအဆိုကား အဘယ်နည်း။ ‘အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်။’ (ယောဟန် ၈:၃၂) “ဘုရားသခင်သည် လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ” ၏။ (တမန်တော် ၁၇:၂၆) ‘ထာဝရဘုရားသခင်သည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ယေဟောဝါမူကား နှလုံးကိုကြည့်ရှုတတ်သည်။’ (၁ ဓမ္မရာဇဝင် ၁၆:၇) သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ– ‘လူသားအားလုံးကို ဘုရားသခင်ရှုမြင်သလို ငါ ကြိုးစားရှုမြင်သလား။ လူမျိုးချင်း ဒါမှမဟုတ် ယဉ်ကျေးမှုချင်းမတူတဲ့သူတချို့ကို ကိုယ်တိုင်ကိုယ်ကျ သိကျွမ်းအောင်လုပ်ပြီး သူတို့ဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကိုသိအောင် ငါကြိုးစားသလား။’ ကျွန်ုပ်တို့သည် တစ်ဦးချင်းစီကို သိကျွမ်းလာသည့်အခါ ၎င်းတို့နှင့်ပတ်သက်သော မှားယွင်းသည့်အမြင်ကို ဖယ်ရှားပစ်လိုက်ကြသည်။

ဘာသာတရား။ စာအုပ်တစ်အုပ် (The Nature of Prejudice) က ဤသို့ဆို၏– “လူတို့သည် မိမိတို့၏ဘာသာတရားကိုအသုံးပြု၍ [ကိုယ်ကျိုးရှာလမ်းစဉ်] နှင့် လူမျိုးစုအကျိုးကိုသာအာရုံစိုက်ခြင်းက တော်သင့်မှန်ကန်ကြောင်း ဖော်ပြသည့်အခါ စက်ဆုပ်ဖွယ်ရာများ ဧကန်ဖြစ်လာနိုင်ပါသည်။ ယင်းနောက် ဘာသာတရားနှင့် မလိုမုန်းထားမှု ရောယှက်သွားနိုင်သည်။” အထူးသဖြင့် ထင်ရှားသိသာသောအရာမှာ “ဘာသာတရားကိုင်းရှိုင်းခြင်းမှ မလိုမုန်းထားခြင်းသို့ ပြောင်းလဲ” ပုံသည် ဘာသာတရားကိုင်းရှိုင်းသော လူများစွာအတွက် မည်မျှလွယ်ကူခြင်းဖြစ်သည်ဟု ယင်းစာအုပ်ကဆိုသည်။ အဆိုပါစကားများကို ထောက်ခံသည့် သက်သေအထောက်အထားမှာ လူမျိုးရေးသီးသန့်ချာ့ခ်ျများ၊ မုန်းတီးမှုနှင့်အကြမ်းဖက်မှုများရှိသည့် ဘာသာရေးအုပ်စုများနှင့် ဘာသာရေးကြောင့်ဖြစ်သော ကြောက်မက်ဖွယ်လုပ်ရပ်များဖြစ်သည်။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။ “အထက်မှ [ဘုရားသခင်ထံမှ] ဉာဏ်ပညာမူကား . . . သင့်မြတ်စွာနေတတ်၏။ အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။ . . . မျက်နှာလိုက်ခြင်းမရှိ။” (ယာကုပ် ၃:၁၇) ‘စစ်မှန်သောကိုးကွယ်သူတို့သည် စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ်ရလိမ့်မည်။’ (ယောဟန် ၄:၂၃) ‘သင်တို့၏ရန်သူများကို ချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆုတောင်းပေးကြလော့။’ (မဿဲ ၅:၄၄) သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ– ‘ငါ့ရဲ့ဘာသာတရားက လူသားအားလုံး၊ ငါ့ကို ထိခိုက်စေချင်တဲ့သဘောရှိနိုင်တဲ့ သူတွေအပေါ်မှာတောင် စစ်မှန်တဲ့မေတ္တာ တင်ပြစေသလား။ လူမျိုး၊ အသားရောင်၊ ကျား/မ၊ ဝင်ငွေ ဒါမှမဟုတ် လူမှုရေးအဆင့်အတန်း ဘယ်လိုပဲဖြစ်နေပါစေ လူသားအားလုံးကို ငါ့ရဲ့ချာ့ခ်ျက လက်ခံသလား။’

မာန်တက်ခြင်း။ မိမိကိုယ်ကို အထင်ကြီးလွန်းခြင်း သို့မဟုတ် အလွန်မာနထောင်လွှားခြင်းပုံစံဖြစ်သော မာန်တက်ခြင်းကြောင့် လူတစ်ဦးသည် မလိုမုန်းထားစိတ်ရှိရန် ပို၍လွယ်ကူနိုင်သည်။ ဥပမာ၊ မာန်တက်ခြင်းသည် လူတစ်ဦးကို ဘဝင်မြင့်စေနိုင်သည်၊ ကျောင်းပညာနည်းပါးသူ သို့မဟုတ် နွမ်းပါးသူများကို မတူမတန်ဆက်ဆံစေနိုင်သည်။ ထို့ပြင် မိမိလူမျိုး သို့မဟုတ် မိမိလူမျိုးစုကို မြှင့်တင်ပေးသည့် ဝါဒဖြန့်မှုကို ယုံကြည်လက်ခံတတ်သည့်သဘောထား သူ၌ရှိစေနိုင်သည်။ နာဇီအာဏာရှင် အဒေါ့ဖ်ဟစ်တလာကဲ့သို့သော ပါးနပ်သည့်ဝါဒဖြန့်ချိသူများသည် လူအများစု၏ ထောက်ခံအားပေးမှုအတွက် စည်းရုံးရန်နှင့် မနှစ်မြို့ဖွယ်ကောင်းသူ သို့မဟုတ် တစ်မူထူးခြားသူအဖြစ် သတ်မှတ်ခံရသူတို့ကို အပုပ်ချရန် ဇာတိမာန်၊ အမျိုးမာန်ကို အားပေးအားမြှောက်ပြုခဲ့ကြသည်။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။ ‘မာနကြီးသောသူအပေါင်းတို့ကို ယေဟောဝါ စက်ဆုပ်ရွံရှာတော်မူ၏။’ (သု. ၁၆:၅) “ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။” (ဖိလိပ္ပိ ၂:၃) သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ– ‘ငါ့လူမျိုး ဒါမှမဟုတ် ငါ့လူမျိုးစုနဲ့ပတ်သက်ပြီး မြှောက်ပင့်ပြောဆိုတဲ့စကားတွေ ဒါမှမဟုတ် တခြားသူတွေအကြောင်း ရှုတ်ချပြောဆိုနေတာတွေ နားထောင်ရတာကို ငါနှစ်သက်နေသလား။ ငါ့မှာမရှိတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့သူတွေကို ငါမနာလိုဖြစ်တတ်သလား ဒါမှမဟုတ် သူတို့ရဲ့အရည်အချင်းတွေကို ငါတကယ်ပဲ နှစ်သက်သလား။’

အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။” (သု. ၄:၂၃) ထို့ကြောင့် သင့်နှလုံးကို အမှန်ပင် တန်ဖိုးရှိသောအရာအဖြစ် ရှုမြင်ကာ ယင်းကို ဖျက်ဆီးရန် အဘယ်အရာကိုမျှ ခွင့်မပြုပါနှင့်။ ယင်းအစား စစ်မှန်သောဉာဏ်ပညာဖြင့် ဖြည့်ဆည်းထားပါလေ။ သို့မှသာ ‘စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်မှုက သင့်ကို ကာကွယ်စောင့်ရှောက်သဖြင့် ဆိုးသောလမ်း၊ ကောက်သောစကားကိုပြောတတ်သောသူထံမှ သင့်ကို ကယ်တင်လိမ့်မည်။’—သု. ၂:၁၀-၁၂

သို့သော် သင်သည် မလိုမုန်းထားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုကို ခံရပါက အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ ဤအကြောင်းအရာကို နောက်ဆောင်းပါးတွင် အသေအချာ စစ်ဆေးထားပါသည်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့သည် တစ်ဦးချင်းစီကို သိကျွမ်းလာသည့်အခါ ၎င်းတို့နှင့် ပတ်သက်သော မှားယွင်းသည့်အမြင်ကို ဖယ်ရှားပစ်လိုက်ကြ