မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတစ်ဦး ဆုံးပါးသွားတာကို ငါ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ

မိဘတစ်ဦး ဆုံးပါးသွားတာကို ငါ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ

လူငယ်များအမေး

မိဘတစ်ဦး ဆုံးပါးသွားတာကို ငါ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ

“အမေဆုံးတုန်းက ကျွန်မ လုံးဝ ဆုံးရှုံးသွားသလိုခံစားလိုက်ရပြီး ရင်ထဲမှာ ဟာတာတာကြီး ဖြစ်ကျန်ရစ်ခဲ့တယ်။ အမေဟာ ကျွန်မတို့မိသားစုရဲ့စည်းလုံးမှုကို ထိန်းသိမ်းပေးတဲ့သူပါ။”—ကာရင်။ *

မိဘတစ်ဦးသေဆုံးသွားခြင်းသည် သင်တွေ့ ကြုံသမျှ အနာကျင်ဆုံးအရာများထဲတွင် တစ်ခုဖြစ်ကောင်းဖြစ်ပေမည်။ သေဆုံးသွားသော မိဘတစ်ဦးကို ဆုံးရှုံးလိုက်ရ၍ အပြင်းအထန် နာကျင်စွာခံစားနေရရုံမက သင်မျှော်လင့်ခဲ့သည့်အနာဂတ်နှင့် တူနိုင်ဖွယ်မရှိသော အနာဂတ်ကိုပါ ရင်ဆိုင်ရတော့သည်။

သင်ချစ်မြတ်နိုးရသောမိခင် သို့မဟုတ် ဖခင်သည် သင်ဘွဲ့ယူသည့်နေ့တွင် တက်ရောက်လိမ့်မည် သို့မဟုတ် သင်လက်ထပ်သည့်နေ့တွင် ခံစားရသောရွှင်လန်းမှုကို အတူမျှဝေခံစားမည်ဟု သင်မျှော်လင့်ထားခဲ့နိုင်ဖွယ်ရှိသည်။ ယခုမူ အဆိုပါမျှော်လင့်ချက်များမှာ ပျက်ပြားသွားပြီး သင့်အား ဝမ်းနည်းစေကာ စိတ်ပျက်စေပြီး ဒေါသပင်ထွက်စေသည်။ သေခြင်းတွင် မိဘတစ်ဦးကို ဆုံးရှုံးလိုက်ရ၍ ခံစားရသော အဆိုပါစိတ်လှုပ်ရှားမှုများကို သင်မည်သို့ အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။

‘ငါ ပုံမှန်ဖြစ်နေရဲ့လား’

သင့်မိခင် သို့မဟုတ် ဖခင် သေဆုံးသွားသည့်အဖြစ်မှန်ကို ဦးဆုံးအကြိမ် သင်နားလည်သွားသောအခါ မည်သည့်အခါကမျှ သင်မဖြစ်ခဲ့ဖူးသည့် စိတ်လှုပ်ရှားမှုတသီတတန်းကြီးကို အားတင်းကာ ရင်ဆိုင်ရဖွယ်ရှိပေမည်။ နှလုံးရောဂါဖြင့် ဖခင်သေဆုံးခဲ့စဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် ဘရိုင်ယန်က “တစ်ညမှာ ကျွန်တော်တို့လုပ်နိုင်တာက တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ငိုဖို့ဆိုတာ သိလိုက်ရတယ်” ဟုဆိုသည်။ ကင်ဆာရောဂါဖြင့် ဖခင်သေဆုံးခဲ့စဉ်က အသက်ဆယ်နှစ်ရှိသည့် နာတာလီက “ဘယ်လိုခံစားရမှန်းကို မသိခဲ့ဘူး။ ဒါနဲ့ ကျွန်မ ဘာမှမခံစားလိုက်ဘူး။ ခံစားချက်မဲ့နေတယ်” ဟုပြန်ပြောပြ၏။

လူတစ်ဦးစီအပေါ် သေခြင်းတရား၏သက်ရောက်မှုမှာ ကွာခြားပါသည်။ ယင်းကို စိတ်စွဲမှတ်လျက် သင့်မိဘ၏သေခြင်းသည် သင့်အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့ပုံကို ခေတ္တမျှ စဉ်းစားကြည့်လိုက်ပါ။ (၁) သင့်မိဘ၏သေခြင်းနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် သိရှိလိုက်ရသည့်အခါ မည်သို့ခံစားခဲ့ရပြီး (၂) ယခု မည်သို့ခံစားနေရသည်ကို အောက်တွင် ဖော်ပြပါ။ *

(၁) ․․․․․

(၂) ․․․․․

သင်၏စိတ်လှုပ်ရှားမှုများသည် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေကြောင်း သင့်အဖြေများက ဖော်ပြနိုင်ဖွယ်ရှိ၏။ ယင်းသည် ဖြစ်ရိုးဖြစ်စဉ်ပင်။ မိဘဖြစ်သူကို သင်မေ့လျော့သွားပြီဟု ယင်းကမဆိုလိုပါ။ သို့သော် သင်၏စိတ်လှုပ်ရှားမှုများသည် ဖြစ်မြဲအတိုင်းဖြစ်နေဆဲရှိပြီး ပို၍ပင်ဆိုးဝါးလာကြောင်း တွေ့ရပေမည်။ သင်၏ဝမ်းနည်းပူဆွေးမှုသည် ရေလှိုင်းကဲ့သို့ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်ပုံရကာ ယင်းနောက် မမျှော်လင့်သောအချိန်တွင် “ကမ်းကို ပြိုကျပျက်စီး” စေသလိုဖြစ်ပေမည်။ သင့်မိဘကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာ ဝမ်းနည်းနေသည့်တိုင် ယင်းသည်လည်း ဖြစ်ရိုးဖြစ်စဉ်ပင်။ မေးခွန်းမှာ မည်သည့်အကြောင်းကြောင့်ပင် သင်ဝမ်းနည်းပူဆွေးပါစေ ယင်းကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။

ကိုင်တွယ်ဖြေရှင်းနိုင်သည့်နည်းများ

ငိုကြွေးလိုက်ပါ! ငိုကြွေးခြင်းသည် ဝမ်းနည်းပူဆွေးရခြင်း၏ နာကျင်မှုကို သက်သာစေပါသည်။ သို့သော် မိခင်ဆုံးပါးသွားစဉ်က အသက် ၁၉ နှစ်ရှိသည့် အလစ်ရှာ ခံစားခဲ့ရသည့်အတိုင်း သင်လည်း ခံစားရပေမည်။ သူက “စိတ်လှုပ်ရှားမှုတွေကို အလွန်အမင်း ဖော်ပြခဲ့မယ်ဆိုရင် ကျွန်မမှာ ယုံကြည်ခြင်းမရှိဘူးလို့ တခြားသူတွေ ထင်သွားလိမ့်မယ်ဆိုပြီး ခံစားခဲ့ရတယ်” ဟုပြန်ပြောပြ၏။ သို့သော် စဉ်းစားကြည့်ပါ– ယေရှုခရစ်သည် ဘုရားသခင်အပေါ် ခိုင်ခံ့မြဲမြံသောယုံကြည်ခြင်းရှိသည့် စုံလင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့သော် မိမိချစ်ခင်သည့် မိတ်ဆွေလာဇရု သေဆုံးသွားသောအခါ ကိုယ်တော်သည် “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၅) သို့ဖြစ်၍ သင်မျက်ရည်ကျမိမှာကို မစိုးရိမ်ပါနှင့်။ ယင်းက သင်၌ ယုံကြည်ခြင်းမရှိဟု ဆိုလိုချေ။ အလစ်ရှာက ဤသို့ဆို၏– “နောက်ဆုံးတော့ ကျွန်မ ငိုကြွေးခဲ့တယ်။ အားရပါးရကို ငိုကြွေးလိုက်တယ်။ နေ့တိုင်းပဲ။” *

အပြစ်ရှိသည်ဟူသော ခံစားချက်များကို ပြောပြပါ။ မိခင်ဆုံးပါးသွားခဲ့စဉ်က အသက် ၁၃ နှစ်အရွယ်ရှိ ကာရင်က “ကျွန်မ အမြဲ အပေါ်ထပ်ကိုသွားပြီး အမေ့ကို အနမ်းနဲ့နှုတ်ဆက်လေ့ရှိတယ်။ ဒါပေမဲ့ အဲလိုမလုပ်ခဲ့တဲ့အချိန်တစ်ချိန် ရှိခဲ့တယ်။ နောက်တစ်နေ့မနက်မှာ အမေဆုံးသွားတယ်။ မနေ့ညက အမေ့ကို သွားမတွေ့ ခဲ့တဲ့အတွက်၊ နောက်တစ်နေ့မနက်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေအတွက် အပြစ်ရှိတယ်လို့ မခံစားသင့်ဘူးဆိုတာ ကျွန်မသိတယ်။ အဖေဟာ စီးပွားရေးကိစ္စနဲ့ ခရီးထွက်သွားပြီး ကျွန်မနဲ့အစ်မကို အမေနေကောင်းမကောင်း ကြည့်ပေးစေချင်တယ်။ ဒါပေမဲ့ ကျွန်မတို့ အိပ်ရာဝင်နောက်ကျခဲ့တယ်။ အိပ်ခန်းထဲကို ကျွန်မဝင်သွားတဲ့အခါ အမေ အသက်မရှူတော့ဘူး။ ကျွန်မ ထိတ်လန့်သွားတယ်၊ ဘာကြောင့်လဲဆိုတော့ အဖေသွားတုန်းက အကောင်းကြီးရှိသေးတယ်” ဟုပြောပြ၏။

ကာရင်ကဲ့သို့ပင် သင်လုပ်ဆောင်ဖို့ လစ်ဟင်းသွားသည့်အရာများအတွက် အပြစ်ရှိသည်ဟု အတော်အတန်ခံစားရပေမည်။ အကယ်၍သာ ငါတစ်ခုခုလုပ်လိုက်မယ်ဆိုရင် အမေ ဒါမှမဟုတ် အဖေ ဆုံးမှာမဟုတ်ဘူးဟု အပျက်သဘောဖြင့် သင်တွေးကောင်းတွေးနေပေမည်။ ‘အကယ်၍သာ အဖေ့ကို ဆရာဝန်ပြဖို့ တိုက်တွန်းခဲ့မယ်ဆိုရင်။’ ‘အကယ်၍သာ အမေ့ကို စောစော သွားကြည့်လိုက်မယ်ဆိုရင်။’ ယင်းသို့သောအတွေးများက သင့်ကို စိတ်အနှောင့်အယှက်ပေးနေသည်ဆိုလျှင် ဤအချက်ကို သတိရပါ– ငါဒီလိုလုပ်ခဲ့ရင် အကောင်းသားဆိုသည့် သင်မလုပ်လိုက်မိသည့်ကိစ္စကို နောင်တရနေခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ အမှန်မှာ အဘယ်အရာဖြစ်ပျက်မည်ကို သင်သိရှိခဲ့ပါက ကိစ္စရပ်များကို အခြားနည်းနဲ့ သင်လုပ်ဆောင်မိပေမည်။ သို့သော် ဘယ်အရာဖြစ်ပျက်မည်ကို သင်မသိရှိခဲ့ပေ။ ထို့ကြောင့် အပြစ်ရှိသည်ဟု မခံစားသင့်ပါ။ သင့်မိဘဆုံးပါးသွားခြင်းအတွက် သင်၌တာဝန်မရှိချေ။ *

သင့်ခံစားချက်များကို ဝေမျှပါ။ နယပုံပြင် ၁၂:၂၅ က ဤသို့ဆို၏– “ကောင်းသောစကားမူကား ရွှင်လန်းစေတတ်၏။” သင့်ခံစားချက်များကို မျိုသိပ်ထားခြင်းက ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းရခက်စေနိုင်ပါသည်။ အခြားတစ်ဖက်တွင် သင့်ခံစားချက်များကို သင်ယုံကြည်စိတ်ချရသူတစ်ဦးနှင့် ဆွေးနွေးပြောဆိုခြင်းက သင်ဝမ်းနည်းနေချိန်တွင် အားပေးမှုဖြစ်စေသည့် “ကောင်းသောစကား” ကိုကြားသိနိုင်ရန် လမ်းဖွင့်ပေးပါလိမ့်မည်။ ထို့ကြောင့် အောက်ပါအကြံပေးချက်တစ်ခု သို့မဟုတ် ထိုထက်မကကို စမ်းကြည့်ပါလေ။

ကျန်ရစ်သူမိဘနှင့် စကားပြောဆိုပါ။ ယင်းသည် ကျန်ရစ်သူမိဘအတွက် ခက်ခဲသောအချိန်ကာလဖြစ်သော်လည်း သင်လိုအပ်သောအကူအညီကို သူပေးလိုဆဲရှိသည်မှာ သေချာပါသည်။ ထို့ကြောင့် သင်မည်သို့ခံစားနေရသည်ကို ကျန်ရစ်သူမိဘအား သိရှိစေပါ။ ယင်းသို့ဆွေးနွေးပြောဆိုခြင်းက သင်ခံစားနေရသော ဝမ်းနည်းပူဆွေးမှုကို လျော့ပါးသက်သာစေပြီး သင်တို့နှစ်ဦးအား ပို၍ရင်းနှီးကျွမ်းဝင်စေမည်မှာ သေချာပါသည်။

စကားစတင်ပြောဆိုနိုင်ရန် ဤအရာကို စမ်းကြည့်ပါ– ဆုံးပါးသွားသောဖခင် သို့မဟုတ် မိခင်နှင့်ပတ်သက်၍ သိခဲ့ရင်အကောင်းသားဟု သင်ထင်သည့်အကြောင်းအရာ နှစ်ခုသုံးခုကို စာရင်းလုပ်ထားပြီး ယင်းနောက် ထိုအရာများထဲမှတစ်ခုကို ပြောပြရန် ကျန်ရစ်သူမိဘကို တောင်းဆိုပါ။ *

․․․․․

ရင်းနှီးသောမိတ်ဆွေများနှင့် စကားပြောပါ။ သမ္မာကျမ်းစာက အပေါင်းအဖော်စစ်များသည် “ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟုဆိုသည်။ (သု. ၁၇:၁၇) “သင်မျှော်လင့်မထားတဲ့ပုဂ္ဂိုလ်ဟာ သင့်ကို ကူညီပေးတဲ့သူဖြစ်နိုင်တယ်။ ဒါကြောင့် စကားပြောဖို့ မကြောက်ပါနဲ့” ဟု အလစ်ရှာကဆို၏။ ဝန်ခံရမည်မှာ သင်နှင့် သင့်သူငယ်ချင်းသည် ပြောဆိုရန် သင့်တော်သည့်စကားလုံးများ ရှာမတွေ့သည့်အခါ ယင်းသို့စကားစမြည်ပြောဆိုခြင်းက အနည်းငယ် အူကြောင်ကြောင်နိုင်မည်ဖြစ်သည်။ သို့သော် ရေရှည်တွင် သင်ဝမ်းနည်းပူဆွေးနေကြောင်း အခြားသူများကို ပြောပြခြင်းက သင့်ကို အကျိုးပြုပေလိမ့်မည်။ ဖခင်ဖြစ်သူ နှလုံးရောဂါဖြင့် ဆုံးပါးသွားစဉ်က အသက်ကိုးနှစ်အရွယ်သာရှိသေးသည့် ဒေးဗစ်က ဤသို့ပြန်အမှတ်ရ၏– “ကျွန်တော့်ရဲ့ခံစားချက်တွေ အားလုံးကို မျိုသိပ်ထားခဲ့တယ်။ ကျွန်တော့်ရဲ့ခံစားချက်ကို ပိုပြီးထုတ်ဖော်ပြောဆိုခဲ့မယ်ဆိုရင် ကိုယ်စိတ်နှလုံး ပိုကျန်းမာလာမှာ။ ကျွန်တော့်ရဲ့ပူဆွေးမှုကို ကောင်းကောင်း ကိုင်တွယ်တတ်အောင် ကူညီပေးမှာ။”

ဘုရားသခင်နှင့်စကားပြောပါ။ အလားတူ၊ သင်သည် ဆုတောင်းခြင်းဖြင့် ယေဟောဝါဘုရားသခင်ထံ “စိတ်နှလုံးကိုဖွင့်ပြ” ပြီးနောက် စိတ်သက်သာမှုများစွာ ရရှိပါလိမ့်မည်။ (ဆာလံ ၆၂:၈) ယင်းသည် သင့်အား စိတ်သက်သာမှုရရှိစေသည့် နည်းတစ်နည်းသာမဟုတ်ချေ။ ဆုတောင်းခြင်းဖြင့် သင်သည် ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတို့အား နှစ်သိမ့်ပေးသည့် နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်ထံ အသနားခံနေပါသည်။—၂ ကောရိန္သု ၁:၃၊ ၄

နှစ်သိမ့်မှုကို ဘုရားသခင်ပြင်ဆင်ပေးသည့် နည်းတစ်နည်းမှာ မိမိ၏ သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဖြစ်သည်။ ယင်းက သင့်အား “သာမန်ထက် ထူးကဲသော တန်ခိုးတော်” ကိုပေးနိုင်သဖြင့် သင်သည် ဝမ်းနည်းပူဆွေးရခြင်း၏ နာကျင်မှုကို ခံရပ်နိုင်ပါသည်။ (၂ ကောရိန္သု ၄:၇) ထို့ပြင် ဘုရားသခင်သည် ကျမ်းစာမှ နှစ်သိမ့်မှုရရှိနိုင်ရန် ပြင်ဆင်ပေးထားပါသည်။ (ရောမ ၁၅:၄) ထို့ကြောင့် ဘုရားသခင်ထံ ကိုယ်တော့်စွမ်းအားတော် တောင်းခံပြီး သမ္မာကျမ်းစာတွင်တွေ့ရှိရသော အားပေးမှုဖြစ်စေသည့်အရာများကို ဖတ်ရှုရန် အချိန်ယူပါ။ (၂ သက်သာလောနိတ် ၂:၁၆၊ ၁၇) အထူးသဖြင့် သင့်အတွက် နှစ်သိမ့်မှုဖြစ်စေသည့် ကျမ်းချက်များကို စာရင်းလုပ်၍ အရန်သင့်ဆောင်ထားပါလေ။ *

နာကျင်မှု အဆုံးတိုင်ပါမည်လော

ဝမ်းနည်းပူဆွေးခြင်းသည် အချိန်လိုသည်။ “အဲဒါက ပြီးပြီးပျောက်ပျောက် သဘောထားနိုင်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်မမှာ ငိုရင်း အိပ်ပျော်သွားတဲ့ အချိန်အခါတွေရှိပါတယ်။ တခြားအချိန်တွေမှာဆိုရင် ဆုံးရှုံးသွားတဲ့အရာပေါ်မဟုတ်ဘဲ ပရဒိသုမှာ အမေနဲ့အတူ ပျော်မွေ့ဖို့ ကျွန်မအတွက် ယေဟောဝါသိုမှီးထားတဲ့ ကတိတော်တွေအပေါ် အာရုံစိုက်ဖို့ကြိုးစားတယ်” ဟုအသက် ၁၆ နှစ်အရွယ်ရှိစဉ်က မိခင်ဖြစ်သူဆုံးပါးသွားခဲ့သည့် ဘရီယန်ကဆို၏။

ဘရီယန်ရည်ညွှန်းသည့် ပရဒိသုတွင် “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်” ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား စိတ်ချစေပါသည်။ (ဗျာ. ၂၁:၃၊ ၄) သင်လည်း မိဘဆုံးရှုံးသွားခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ယင်းသို့သောကတိတော်များအပေါ် ဆင်ခြင်တွေးတောခြင်းက သင့်ကိုကူညီပေးမည်ဖြစ်ကြောင်း တွေ့ရပေမည်။

“လူငယ်များအမေး” အခန်းဆက်ဆောင်းပါးများမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် အမည်များကို ပြောင်းလဲထားပါသည်။

^ အပိုဒ်၊ 8 လောလောဆယ်တွင် ယင်းမေးခွန်းများကိုဖြေဆိုဖို့ အခက်တွေ့လွန်းနေသည်ဆိုပါက နောင်တစ်ချိန်ကျမှ ဖြေဆိုနိုင်ပါသည်။

^ အပိုဒ်၊ 13 သင်၏ဝမ်းနည်းပူဆွေးမှုကို ဖော်ပြရန် ငိုကြွေးရမည်ဟု မယူဆပါနှင့်။ လူတို့သည် ပုံစံအမျိုးမျိုးဖြင့် ဝမ်းနည်းပူဆွေးကြသည်။ အရေးကြီးသည့်အချက်မှာ သင်မျက်ရည်ကျတော့မည်ဟု ခံစားရလျှင် ယင်းသည် “ငိုရသောအချိန်” ဖြစ်နိုင်ကြောင်း နားလည်ထားပါ။—ဒေ. ၃:၄

^ အပိုဒ်၊ 15 ယင်းသို့သောအတွေးများက သင့်ကို ဆက်၍အနှောင့်အယှက်ပေးနေပါက သင့်ခံစားချက်များကို ကျန်ရစ်သူမိဘ သို့မဟုတ် အခြားလူကြီးတစ်ယောက်ကို ဖွင့်ပြောပြပါ။ အချိန်တန်လျှင် ပို၍မျှတမှုရှိသောအမြင် ရှိလာပါလိမ့်မည်။

^ အပိုဒ်၊ 18 သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးနှင့် ကြီးပြင်းလာခဲ့ပါက သို့မဟုတ် သင်၏ကျန်ရစ်သူမိဘနှင့် ပုံမှန်မတွေ့ရပါက ရင့်ကျက်သောလူကြီးတစ်ဦးထံ ရင်ဖွင့်ပြောဆိုနိုင်ပါသည်။

^ အပိုဒ်၊ 22 အချို့သောသူတို့အတွက် အောက်ပါကျမ်းချက်များသည် နှစ်သိမ့်မှုဖြစ်စေခဲ့ပြီ– ဆာလံ ၃၄:၁၈; ၁၀၂:၁၇; ၁၄၇:၃; ဟေရှာယ ၂၅:၈; ယောဟန် ၅:၂၈၊ ၂၉

ချင့်တွေးစရာ

▪ ဤဆောင်းပါးမှ အဘယ်အကြံပြုချက်များကို သင်အသုံးပြုမည်နည်း။

▪ ဝမ်းနည်းပူဆွေးမှုက သင့်ကို ဖိစီးနေပုံရလျှင် သင့်အတွက် နှစ်သိမ့်မှုဖြစ်စေမည့် ကျမ်းချက်အချို့ကို အောက်တွင် ဖော်ပြပါ။ ․․․․

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ငိုကြွေးခြင်းက ကောင်းပါသည်။ . . . သူတို့လည်း ငိုကြွေးခဲ့ကြသည်

အာဗြဟံ—ကမ္ဘာဦး ၂၃:၂

ယောသပ်—ကမ္ဘာဦး ၅၀:၁

ဒါဝိဒ်—၂ ဓမ္မရာဇဝင် ၁:၁၁၊ ၁၂; ၁၈:၃၃

လာဇရု၏အစ်မ မာရိ —ယောဟန် ၁၁:၃၂၊ ၃၃

ယေရှု—ယောဟန် ၁၁:၃၅

မာဂဒလမာရိ—ယောဟန် ၂၀:၁၁

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

နေ့စဉ်မှတ်တမ်းထားပါ

ဆုံးရှုံးလိုက်ရသည့် မိဘဖြစ်သူနှင့်ပတ်သက်သော အတွေးများကို ချရေးခြင်းက ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် များစွာထောက်ကူပေးနိုင်ပါသည်။ သင်ချရေးနိုင်သည့် အကြောင်းအရာများစွာရှိသည်။ အောက်ပါတို့မှာ အကြံပြုချက်တချို့ဖြစ်သည်။

▪ မိဘနှင့်ပတ်သက်၍ သင်၌ရှိထားသော ပျော်ရွှင်ဖွယ်အမှတ်ရစရာတချို့ကို စာရင်းလုပ်ပါ။

▪ မိဘအသက်ရှင်စဉ်က သူ့ကို ဤသို့ပြောခဲ့ရင်အကောင်းသားဟု သင်ထင်သောအရာကို ချရေးပါ။

▪ မိဘဆုံးပါးသွားသည့်အတွက် အပြစ်ရှိသည်ဟု ခံစားနေရသော မောင်ငယ်၊ နှမငယ် သင်၌ရှိသည်ဟု မြင်ယောင်ကြည့်ပါ။ သူတို့ကို မည်သို့နှစ်သိမ့်ပေးရမည်ကို ချရေးပါ။ ယင်းက သင်၌ အပြစ်ရှိသည်ဟူသော ခံစားချက်များကို ထိန်းချုပ်ရန် ကူညီပေးနိုင်ပါသည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျန်ရစ်သူမိဘ သတိချပ်စရာ

အိမ်ထောင်ဖက်ကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းပူဆွေးရခြင်းသည် နာကျင်ဖွယ်ကောင်းသော တွေ့ကြုံမှုတစ်ခုဖြစ်သည်။ သို့သော် သင့်အကူအညီကို သင်၏မြီးကောင်ပေါက်ကလေး လိုအပ်သည့်အချိန်အခါ ရှိလာပါမည်။ သင်၏ခံစားချက်များကို လျစ်လျူမရှုဘဲ ကလေး၏ ဝမ်းနည်းပူဆွေးမှုကို သူကိုင်တွယ်ဖြေရှင်းနိုင်ရန် မည်သို့ကူညီပေးနိုင်သနည်း။ *

သင့်ခံစားချက်များကို မျိုသိပ်မထားပါနှင့်။ သင့်ကလေးသည် သင့်ကို အကဲခတ်ကြည့်ခြင်းဖြင့် အဖိုးအတန်ဆုံး ဘဝသင်ခန်းစာ များစွာကို သင်ယူသိရှိခဲ့သည်။ ဝမ်းနည်းပူဆွေးမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကိုလည်း သင်ယူသိရှိပါလိမ့်မည်။ ထို့ကြောင့် သင်၏ဝမ်းနည်းပူဆွေးမှုကို သင့်ကလေးရှေ့တွင် ဖုံးကွယ်ထားခြင်းဖြင့် စိတ်ဓာတ်ကြံ့ခိုင်ရမည်ဟု မယူဆပါနှင့်။ ယင်းက အလားတူလုပ်ဆောင်ရန် သင့်ကလေးကို သင်ပေးနေခြင်းသာဖြစ်ပေမည်။ ယင်းနှင့်ဆန့်ကျင်လျက်၊ သင်စိတ်ထိခိုက်နေကြောင်း ဖော်ပြသည့်အခါ ခံစားချက်များကို မျိုသိပ်ထားသည်ထက် ထုတ်ဖော်ခြင်းက သာ၍ကောင်းလေ့ရှိကြောင်း၊ ဝမ်းနည်းမှု၊ စိတ်အနှောင့်အယှက်ဖြစ်မှု သို့မဟုတ် ဒေါသထွက်ခြင်းသည်ပင် သာမန်ဖြစ်ကြောင်း သူသင်ယူသိရှိလာသည်။

သင့်ကလေးကို စကားပြောရန်အားပေးပါ။ စကားပြောကိုပြောရမည်ဟု ကလေးအား ဖိအားပေးခြင်းမပြုလုပ်ဘဲ ၎င်းစိတ်ထဲရှိရာကို ဆွေးနွေးပြောဆိုဖို့ အားပေးပါ။ တွန့်ဆုတ်နေပုံရပါက ဤဆောင်းပါးကို အတူတကွဆွေးနွေးပါလေ။ ထို့ပြင် ကွယ်လွန်သူအိမ်ထောင်ဖက်နှင့်ဆိုင်သော သင်၌ရှိထားသည့် နှစ်သက်ဖွယ်အမှတ်ရစရာများကို ပြောဆိုပါ။ ခံရပ်နိုင်ဖို့ သင့်အတွက် မည်မျှခက်ခဲမည်ဖြစ်ကြောင်းကို အသိအမှတ်ပြုပါ။ သင့်ခံစားချက်များကို ထုတ်ဖော်ပြသခြင်းက သင့်ကလေးကိုလည်း အလားတူလုပ်ဆောင်ရန် ကူညီပေးပါလိမ့်မည်။

သင့်ကန့်သတ်ချက်များကို အသိအမှတ်ပြုပါ။ သင်သည် သင့်ကလေးအား ဤခက်ခဲသောအချိန်အတွင်း ထောက်မပေးလိုသည်ကို နားလည်ပေးနိုင်ပါသည်။ သို့သော် သတိရပါ၊ သင်သည် သင်ချစ်မြတ်နိုးရသောအိမ်ထောင်ဖက်ကို ဆုံးရှုံးလိုက်ရ၍ အကြီးအကျယ် စိတ်ထိခိုက်နေသည်။ ထို့ကြောင့် စိတ်လှုပ်ရှားမှုပိုင်း၊ စိတ်ပိုင်းနှင့် ကာယပိုင်းကြံ့ခိုင်မှုသည် အချိန်အတိုင်းအတာတစ်ခုအထိ အတော်အတန် လျော့နည်းနေနိုင်သည်။ (သု. ၂၄:၁၀) ထို့ကြောင့် အခြား အရွယ်ရောက်မိသားစုဝင်များနှင့် ရင့်ကျက်သောမိတ်ဆွေများ၏ ကူညီထောက်မမှုကို တောင်းခံဖို့လိုပေမည်။ အကူအညီတောင်းခံခြင်းသည် ရင့်ကျက်မှုလက္ခဏာတစ်ရပ်ဖြစ်သည်။ နယပုံပြင် ၁၁:၂ ကဤသို့ဆို၏– “စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။”

သင်ရရှိနိုင်သည့် အကောင်းဆုံးထောက်မမှုသည် ယေဟောဝါဘုရားသခင်ထံမှလာ၏၊ မိမိအားဝတ်ပြုသူများကို ကိုယ်တော် ဤသို့ကတိပြုထားသည်– “သင်၏ဘုရားသခင်ထာဝရဘုရားက ‘မစိုးရိမ်နှင့်။ ငါမစမည်’ ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကိုကိုင်မည်။”—ဟေရှာယ ၄၁:၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 53 လွယ်ကူစေရန် ကလေးကို ယောက်ျားလေးအဖြစ် ရည်ညွှန်းပါသည်။ သို့သော် ဆွေးနွေးထားသောမူများသည် မိန်းကလေးများနှင့်လည်း သက်ဆိုင်ပါသည်။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဝမ်းနည်းပူဆွေးမှုသည် မျှော်လင့်မထားသောအချိန်တွင် ကမ်းကို ရိုက်ခတ်သည့် ရေလှိုင်းများနှင့် တူနိုင်