မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူရာသွင်းမခံရ

လူရာသွင်းမခံရ

လူရာသွင်းမခံရ

“စပိန်နိုင်ငံမှာ မူလတန်းကျောင်းစတက်တုန်းက ကျွန်မဟာ အတန်းထဲက ကလေးတွေထက် အရပ်ပုတဲ့အတွက် ကျွန်မကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြတယ်။ နေ့တိုင်းလိုလို ငိုယိုပြီး အိမ်ပြန်ခဲ့ရတယ်။”—ဂျနီဖာ၊ တိုင်းတစ်ပါးသို့ ပြောင်းရွှေ့နေထိုင်သူ ဖိလစ်ပိုင်လူမျိုး၏သမီး။

“ကျွန်တော် ကျောင်းပြောင်းတုန်းက လူဖြူကျောင်းသားတွေဟာ ကျွန်တော့်ကို ရိုင်းပျတဲ့ နာမည်တွေနဲ့ ခေါ်ဆိုခဲ့ကြတယ်။ ကျွန်တော့်ကို ရန်စနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်ရဲ့ဒေါသကို တစ်နည်းနည်းနဲ့ ထိန်းချုပ်ထားပေမဲ့ အပယ်ခံရတဲ့အတွက် စိတ်ထိခိုက်ခဲ့တယ်။”—တိမသီ၊ အမေရိကန်နိုင်ငံသား အာဖရိကန်လူမျိုး။

“ကျွန်တော် အသက်ခုနစ်နှစ်အရွယ်တုန်းက နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့ အစ်ဂဘိုနဲ့ ဟောင်ဆာလူမျိုးတွေဟာ အချင်းချင်း ရန်ပြုတိုက်ခိုက်နေကြတယ်။ အဲဒီမုန်းတီးတဲ့စိတ်က ကျွန်တော့်ကို ကူးစက်ခဲ့တယ်၊ ဒါနဲ့ ကျွန်တော့်အတန်းထဲက ဟောင်ဆာကောင်လေးတစ်ယောက်ကို သူငယ်ချင်းဖြစ်ပေမဲ့လည်း သရော်လှောင်ပြောင်ခဲ့တယ်။”—ဂျွန်၊ အစ်ဂဘိုလူမျိုးစုဝင်တစ်ဦး။

“ကျွန်မရဲ့ ခရစ်ယာန်သာသနာပြုအဖော်နဲ့ ကျွန်မတို့ အိမ်နီးချင်းတွေကို ကျမ်းစာ သတင်းတရားဝေမျှနေတုန်း ဒေသခံခရစ်ယာန်ဘုန်းကြီးက ကလေးတွေကို မြှောက်ပေးလိုက်တဲ့အခါ ကလေးတွေဟာ ကျွန်မတို့နောက်က လိုက်လာပြီး ခဲတွေနဲ့ပေါက်ခဲ့ကြတယ်။ အဲဒီဘုန်းကြီးက ကျွန်မတို့ကို မြို့ကနေ ထွက်သွားစေချင်တယ်။”—အော်လ်ဂါ။

သင်သည် မလိုမုန်းထားမှုအပေါ် အခြေခံလေ့ရှိသည့် မမျှမတဆက်ဆံမှုကြောင့် စိတ်ကသိကအောက်ဖြစ်ခဲ့ဖူးသလော။ မလိုမုန်းထားမှုသည် အသားရောင်၊ ဘာသာတရား၊ စီးပွားရေးအဆင့်အတန်း၊ လိင် သို့မဟုတ် အသက်အရွယ်ကြောင့်ပင် ဖြစ်နိုင်ပါသည်။ မမျှမတဆက်ဆံခံနေရသူတို့သည် ယင်းသို့ ထပ်မံဆက်ဆံခံရမည်ကို စိုးရွံ့နေကြသည်။ သူတို့သည် လူအုပ်အနား လျှောက်သွားသောအခါ၊ စတိုးဆိုင်ထဲဝင်သွားသောအခါ၊ ကျောင်းပြောင်းသည့်အခါ သို့မဟုတ် မိတ်ဆုံပွဲတက်ရောက်သည့်အခါ စိုးရိမ်စိတ်ဖြင့် ဖိစီးခံနေရပေမည်။

ထို့ပြင် မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု ခံရသူတို့သည် အလုပ်ရရှိရန် ခက်ခဲပေမည် သို့မဟုတ် အလယ်အလတ်တန်းစား ကျန်းမာရေးစောင့်ရှောက်မှု၊ အဆင့်နိမ့်ပညာရေးတို့ကို ရရှိပြီး နည်းပါးသော လူမှုအခွင့်အရေးနှင့် တရားဥပဒေအခွင့်အရေးများကို ခံစားခွင့်မရဘဲဖြစ်ပေမည်။ အခွင့်အာဏာရှိသူတို့၏ ခွဲခြားဆက်ဆံမှုကိုခံရပါက မျိုးဖြုတ်သတ်ဖြတ်မှုအထိ ဆိုးရွားသွားစေနိုင်ပါသည်။ မျိုးဖြုတ်သတ်ဖြတ်ရန် ကြိုးပမ်းသည့် ရှေးခေတ်ပုံနမူနာတစ်ခုကို သမ္မာကျမ်းစာရှိ ဧသတာဝတ္ထုတွင် တွေ့ရသည်။ မုန်းတီးမှုနှင့် မလိုမုန်းထားမှုတို့၏ အခန်းကဏ္ဍကို သတိပြုပါ။—ဧသတာ ၃:၅၊ ၆

ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သော ဥပဒေများရှိသည့် နေရာများ၌ပင် တစ်ယူသန်သဘောထား တည်ရှိနေနိုင်သည်။ ယူအဲန်လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်းတစ်ဦးက ဤသို့ဆို၏– “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း . . . ၊ တန်းတူညီမျှမှုဆိုင်ရာမူတွေနဲ့ ခွဲခြားဆက်ဆံမှုမရှိရေး ဆိုတာတွေကို သဘောတူပြီးတဲ့နောက် ဆယ်စုနှစ်ခြောက်ခုအကြာမှာတောင် ဘယ်သူမှ ဘယ်နေရာမှာမှ ကျင့်သုံးတာမျိုးမရှိသေးပါဘူး။” တိုင်းတစ်ပါးမှပြောင်းရွှေ့လာခြင်းနှင့် ဒုက္ခသည်များ အလုံးအရင်းနှင့်ဝင်ရောက်လာခြင်းတို့က နိုင်ငံများစွာ၏ ဖွား၊ နာ၊ သေစာရင်းတို့ကို သိသိသာသာ ပြောင်းလဲသွားစေရာ ယင်းသည် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။

သို့ ဖြစ်၍ တန်းတူညီမျှမှုရှိသော လူ့အဖွဲ့အစည်းဖြစ်ရေးသည် အိပ်မက်မျှသာလော။ သို့မဟုတ် မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှုကို အောင်မြင်ကျော်လွှားနိုင်ပါသလော။ ယင်းမေးခွန်းများကို နောက်ဆောင်းပါးများတွင် ဖြေဆိုထားပါသည်။