မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

▪ “ယခုအချိန်၌ ဘေးအန္တရာယ်ဆယ်ခုတိုင်းတွင် ကိုးခုမှာ ရာသီဥတုနှင့်ဆက်နွှယ်နေသည်။ ဘေးအန္တရာယ်များကို စာရင်းပြုစုလိုက်ရာ လွန်ခဲ့သောအနှစ်နှစ်ဆယ်ကျော်အတွင်း အရေအတွက်အားဖြင့် တစ်နှစ်လျှင် အကြိမ် ၂၀၀ ဖြစ်ပွားရာမှ အကြိမ် ၄၀၀ ကျော်အထိဖြစ်ပွားခဲ့ရာ နှစ်ဆတက်သွားခြင်းဖြစ်၏။”—ဂျွန်ဟုမ်းစ်၊ UNITED NATIONS UNDER-SECRETARY-GENERAL FOR HUMANITARIAN AFFAIRS AND EMERGENCY RELIEF COORDINATOR.

ဒေသခံတိုင်းရင်းသားများအတွက် လူ့အခွင့်အရေး

၂၀၀၇ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သည့် ဒေသခံတိုင်းရင်းသားများ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ တရားဝင်ကြေညာချက်ကို ယခုအချိန်၌ မက္ကဆီကိုနိုင်ငံတွင် လူပြောအများဆုံး မာရာနှင့် နာဝါတယ်လ် တိုင်းရင်းသားဘာသာစကားနှစ်မျိုးဖြင့် ဘာသာပြန်ပြီးဖြစ်သည်။ “[မက္ကဆီကိုတွင်] အနည်းဆုံး လူ ၁၀ သန်းသည် ၎င်းတို့၏အခွင့်အရေးကို မသိရှိကြချေ။ ထို့ကြောင့် သူတို့သည် မတော်မတရားပြုခံနေရကြောင်း သိလေ့မရှိကြချေ” ဟုမက္ကဆီကိုမှ သတင်းစာတစ်စောင် (El Universal ) ကဆိုသည်။ ယင်းဘာသာပြန်ဆိုမှုများသည် လူတို့အား မိမိတို့၏ အခြေခံလူ့အခွင့်အရေးများကို အခြားသူများ လေးစားစေရန် ကူညီပေးသည့် ကိရိယာတစ်ခုဖြစ်လိမ့်မည်ဟုဆို၏။

အပျိုစင်ဘဝကို ရောင်းချခြင်း

ငွေအတွက် ဦးဆုံးအကြိမ်အနေဖြင့် သံဝါသပြုရန် အသင့်ရှိနေကြသည့် ပိုလန်လူငယ်အချို့ကြောင့် လူမှုဗေဒပညာရှင်များ ထိတ်လန့်တုန်လှုပ်သွားကြသည်ဟု ပိုလန်မဂ္ဂဇင်းတစ်စောင် (Newsweek Polska) ကဆိုသည်။ “နေရာတကာမှာ လူငယ်တွေကြားနေရတဲ့ ရိုးရှင်းတဲ့သတင်းတစ်ခုကတော့ အရာရာတိုင်းဟာ ရောင်းရန်အတွက်ဖြစ်သည်တဲ့” ဟု ဇာလိုနာ ဂူရာတက္ကသိုလ်မှ စိတ်ပညာရှင် ယာစက် ကူဇန်ပါ ကပြောသည်။ အင်တာနက်ပေါ်တွင် မိမိတို့၏အပျိုစင်ဘဝကို လေလံတင်ရောင်းချခြင်းသည်ပင် များသည်ထက်များလာနေသည်။ သို့သော် ထိုကဲ့သို့သောရွေးချယ်မှုကို ပြုလုပ်သည့်အတွက် လူငယ်များပေးဆပ်ရသည့်အဖိုးအခမှာ ကြီးမားပါသည်။ “အဲဒီဆုံးဖြတ်ချက်က ကျန်ရှိတဲ့ [သူ့ရဲ့] ဘဝအသက်တာ၊ အဖော်အဖက်နဲ့အနာဂတ်ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုရှိတယ်” ဟု ကူဇန်ပါက ပြောသည်။

အမေဇုန်တွင် တစ်ချိန်က မြို့ပြရပ်ကွက်ရှိခဲ့ဖူး

ကျယ်ပြောသည့် တောင်ပိုင်းအမေဇုန်ဒေသများရှိ သစ်တောရိုင်းများတွင် “တံတိုင်းကြီးများဖြင့် ဝိုင်းပတ်ထား” သော မြို့ပြရပ်ကွက်များ တစ်ချိန်က ရှိခဲ့ဖူးကြောင်း ယုံကြည်ကြသည်။ ယင်းသည် ဘရာဇီးနိုင်ငံ၊ မာတိုဂရော့ဆိုပြည်နယ်တွင် အလုပ်လုပ်နေသော မနုဿဗေဒပညာရှင်များ၏ သုံးသပ်ချက်ဖြစ်သည်။ ထိုတွင် သူတို့သည် ဒေသ၏ စတုရန်းမိုင် ၁၁,၆၀၀ ကို လွှမ်းခြုံထားနိုင်ဖွယ်ရှိသော အပူပိုင်းသစ်တောများ ပေါက်ရောက်နေသည့် “ကူးလူးဆက်သွယ်နိုင်သော တံတိုင်းခတ်ထားသည့် မြို့များနှင့် ရွာငယ်များ အစုအဝေး” ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ အချို့သောမြို့များသည် ဧက ၁၅၀ ရှိသည်။ အဆိုပါလူနေထိုင်ရာအစုအဝေးများသည် “၁၂၅၀ ပြည့်နှစ်မှ ၁၆၅၀ ပြည့်နှစ်ကဖြစ်ကြောင်း၊ ဥရောပကိုလိုနီနိုင်ငံသားများနှင့် ၎င်းတို့သယ်ဆောင်လာသော ရောဂါများက ဒေသခံအများစုကို သေဆုံးစေခဲ့ဖွယ်ရှိကြောင်း” ဖလော်ရီဒါတက္ကသိုလ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်က ဆို၏၊ ယင်းတက္ကသိုလ်မှ မနုဿဗေဒပညာရှင်များက ထိုသို့တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ခွဲစိတ်ပြီးနောက် ပြန်နာလန်ထူရာတွင် အပင်များသည် အထောက်အကူပြု

သဘာဝလောကနှင့်ထိတွေ့ခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး အပြုသဘောထားများရှိစေကာ ဖျားနာမှုဝေဒနာကို သက်သာစေနိုင်ကြောင်း ယူဆခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ မကြာသေးမီက ပြုလုပ်ခဲ့သည့် သုတေသနပြုချက်က ထိုယူဆချက်ကို အတည်ပြုလိုက်သည်။ “ခွဲစိတ်ကုသထားသည့် လူနာများအား သူတို့ ပြန်နာလန်ထူသည့်ကာလအတွင်း ဆေးရုံတွင် အပင်များရှိသည့်အခန်းနှင့် မရှိသည့်အခန်းများ၌ အလျဉ်းသင့်သလို နေခိုင်းသည်” ဟု ဝက်ဘ်ဆိုက်တစ်ခု (Science Daily) ကရှင်းပြသည်။ အပင်ရှိသည့်အခန်းများတွင်နေသော လူနာများသည် နာကျင်မှုလျော့နည်းပြီး အကိုက်အခဲပျောက်ဆေးလိုအပ်မှု သိသာစွာ လျော့နည်းသည်၊ နှလုံးခုန်နှုန်းနှင့် သွေးဖိအားမှာ ပိုကောင်းလာပြီး အပင်မရှိသည့်အခန်းတွင်နေသူများထက် ကျေနပ်ရောင့်ရဲမှု ပိုခံစားကြရသည်။ အပင်များနှင့်ထိတွေ့ခွင့်ရသူ ၉၃ ရာခိုင်နှုန်းခန့်က မိမိတို့အခန်း၏ “နှစ်လို့ဖွယ်အကောင်းဆုံး” မြင်ကွင်းမှာ ထိုအပင်များဖြစ်ကြောင်း ပြောခဲ့ကြသည်။