မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်မီလယ်ယာလုပ်ငန်းက ကမ္ဘာကို ပြောင်းလဲစေခဲ့ပုံ

ခေတ်မီလယ်ယာလုပ်ငန်းက ကမ္ဘာကို ပြောင်းလဲစေခဲ့ပုံ

ခေတ်မီလယ်ယာလုပ်ငန်းက ကမ္ဘာကို ပြောင်းလဲစေခဲ့ပုံ

အစားအစာကို သင်မည်သို့ရရှိသနည်း။ ဝယ်ယူခြင်းဖြင့်လော သို့မဟုတ် သင်ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့်လော။ မကြာသေးမီအချိန်က လူအများစုသည် မိမိတို့ကိုယ်တိုင် စိုက်ပျိုးသောအစားအစာများဖြင့် အသက်မွေးခဲ့ကြသော လယ်သမားများဖြစ်သည်။ သို့သော် ယခုအခါ စက်မှုထွန်းကားသောနိုင်ငံတချို့တွင် လူ ၅၀ ၌ ၁ ဦးသာ လယ်ယာစိုက်ပျိုးကြတော့သည်။ ယင်းသို့သောပြောင်းလဲမှု မည်သို့ဖြစ်ပေါ်လာသနည်း။

အစပိုင်း၌ လယ်ယာလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မှုနှုန်းမှာ နှေးကွေးခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် မြန်ဆန်လာသည်။ ပြောင်းလဲမှုတိုင်းသည် သန်းနှင့်ချီသောမိသားစုများ၏အခြေအနေကို အကြီးအကျယ် ပြုပြင်ပြောင်းလဲစေခဲ့ပြီး ထိုပြောင်းလဲမှုများမှာ ကမ္ဘာအနှံ့ ဆက်လက်ဖြစ်ပွားနေသည်။ လယ်ယာလုပ်ငန်းတိုးတက်ခြင်းက လူတို့အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့ပုံကို ဆန်းစစ်လေ့လာခြင်းက ယနေ့ကမ္ဘာကို နားလည်ရန် သင့်အား ကူညီပေးနိုင်ပါသည်။

ပြောင်းလဲမှုကြီးတစ်ခု စတင်

အံ့ဩစရာမှာ၊ ဥရောပတွင် လယ်ယာစိုက်ပျိုးခြင်းမှ လွတ်မြောက်စေသည့် အကြီးကျယ်ဆုံးခြေလှမ်းများအနက် တစ်ခုသည် မြင်းလည်ကွင်းကို စတင်မိတ်ဆက်ခဲ့သည့် ၁၂ ရာစုအတွင်း ဖြစ်ပျက်ခဲ့သည်။ ယင်းလည်ကွင်းသည် မြင်းတစ်ကောင်ကို အသက်ရှူမကျပ်ဘဲ အလုပ်လုပ်နိုင်စေသည်။ ယင်းအထူးလည်ကွင်းတပ်ဆင်ထားသော မြင်းများသည် ယခင်ကအသုံးပြုခဲ့သော နွားများထက် ပို၍အပင်ပန်းခံနိုင်ပြီး ပို၍မြန်ဆန်ကာ ပို၍ကြာကြာဆွဲသွားနိုင်သည်။ လယ်သမားများသည် မြင်းများကိုအသုံးပြုကာ သူတို့၏ကုန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ကြသည်။ ယခင်က ထွန်ယက်စိုက်ပျိုးရန်မဖြစ်နိုင်ခဲ့သော မြေပေါ်တွင် သံထယ်များကို အသုံးပြုနိုင်ကြသည်။ အစောပိုင်း နောက်ထပ်တိုးတက်မှုတစ်ခုမှာ မြေကြီးကို နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝစေသော ပဲတောင့်မျိုး၊ ပဲစေ့၊ သုံးရွက်ဆိုင်ပဲရိုင်းပင်နှင့် လူဆန်ပဲပင်ကဲ့သို့သော မြေဆီလွှာကို တိုးတက်ကောင်းမွန်စေသည့် ကောက်ပဲသီးနှံများ စတင်စိုက်ပျိုးလာကြခြင်းဖြစ်သည်။ အာဟာရဓာတ်ပိုကြွယ်ဝသော မြေဆီလွှာသည် ကောက်ပဲသီးနှံများကို အလျှံပယ် သီးပွင့်ဖြစ်ထွန်းစေသည်။

ထိုအစောပိုင်းတိုးတက်မှုများကြောင့် လယ်သမားအချို့သည် အစားအစာများကို ရောင်းချရန် ပိုလျှံအောင် စိုက်ပျိုးနိုင်ခဲ့ကြသည်။ ယင်းကြောင့် မြို့များဖွံ့ဖြိုးတိုးတက်လာခဲ့သည်၊ ထိုတွင် လူတို့သည် အစားအသောက်များကို ဝယ်ယူနိုင်ပြီး ကုန်ထုတ်လုပ်သူများနှင့် ကုန်သည်များအဖြစ် အလုပ်လုပ်နိုင်ကြသည်။ ထိုချမ်းသာကြွယ်ဝသည့် ကုန်ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် လယ်သမားများထဲမှတချို့သည် ပထမဆုံးလယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းများကို တီထွင်သူများဖြစ်လာကြသည်။

၁၇၀၀ ပြည့်နှစ်ခန့်တွင် အင်္ဂလိပ်လူမျိုး လယ်သမား ဂျက်သရို တယ်လ်သည် မျဉ်းဖြောင့်အတိုင်း အလိုအလျောက်မျိုးစေ့ကြဲပေးသည့် စက်တစ်မျိုး (horse-drawn seed drill) ကို တီထွင်ခဲ့သည်၊ ယင်းစက်သည် မျိုးစေ့များကို အလေအလွင့်ဖြစ်စေသော လက်ဖြင့်မျိုးစေ့ကြဲခြင်းတွင် အစားထိုးနေရာယူခဲ့သည်။ ၁၈၃၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စိုင်းရပ်စ် မက်ကောမစ်ခ်သည် ကောက်ပဲသီးနှံရိတ်သိမ်းစက်ကို တီထွင်ခဲ့သည်၊ ယင်းစက်သည် လူတစ်ဦး လက်ကိုင်တံစဉ်ဖြင့် ရိတ်သိမ်းနိုင်သည်ထက် ငါးဆပိုမြန်သည်။ ထိုအချိန်လောက်တွင် ကုန်သည်များသည်လည်း တောင်အမေရိက အင်ဒီးစ်ကမ်းရိုးတန်းမှ ဥရောပသို့ မြေသြဇာများ စတင်ယူဆောင်လာကြသည်။ စက်ပစ္စည်းများနှင့်မြေသြဇာများကို အသုံးပြုသောကြောင့် လယ်ယာထွက်ကုန်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သို့သော်၊ ယင်းသည် လူတို့အပေါ် မည်သို့ အကျိုးသက်ရောက်ခဲ့သနည်း။

လယ်ယာလုပ်ငန်းတိုးတက်မှုက မြို့များအတွက် ဈေးချိုသောအစားအသောက်များကို အလျှံပယ်ထောက်ပံ့ပေးနိုင်ခြင်းကြောင့် စက်မှုတော်လှန်ရေး ဖြစ်ပွားခဲ့သည်။ ထိုတော်လှန်ရေးသည် ၁၇၅၀-၁၈၅၀ ပြည့်နှစ်ခန့်တွင် ဗြိတိန်နိုင်ငံ၌ ဦးဆုံးဖြစ်ပျက်ခဲ့သည်။ ထောင်နှင့်ချီသောမိသားစုများသည် ကျောက်မီးသွေးတွင်းများ၊ သံရည်ကျိုစက်ရုံများ၊ သင်္ဘောကျင်းများနှင့် အထည်အလိပ်စက်ရုံများတွင် အလုပ်လုပ်ရန် စက်မှုထွန်းကားသည့်မြို့များသို့ ပြောင်းရွှေ့ခဲ့ရသည်။ သူတို့တွင် ရွေးချယ်စရာမရှိခဲ့ချေ။ လယ်ယာစိုက်ပျိုးရေးနည်းသစ်များဖြင့် လုပ်ဆောင်ရန်မတတ်နိုင်သော နွမ်းပါးသည့်လယ်သမားများသည် သူတို့စိုက်ပျိုးခဲ့သည့် လယ်ယာခြံထွက်ပစ္စည်းများအတွက် ငွေအနည်းငယ်သာရရှိခဲ့သောကြောင့် မြေငှားခမပေးနိုင်ကြချေ။ သူတို့သည် ရောဂါများလျင်မြန်စွာပျံ့နှံ့သည့် ပြွတ်သိပ်နေသော ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်ရန် သူတို့၏လယ်ယာများကို စွန့်ခွာသွားခဲ့ရသည်။ မိသားစုများနှင့်အတူ လယ်ယာစိုက်ပျိုးရမည့်အစား ယခုအခါ ဖခင်များသည် အိမ်နှင့်ဝေးရာတွင် အလုပ်လုပ်ကြရသည်။ ကလေးများပင် စက်ရုံများတွင် နာရီပေါင်းများစွာ အလုပ်လုပ်ရသည်။ မကြာမီ အခြားနိုင်ငံများသည်လည်း အလားတူပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည်။

သိပ္ပံနည်းကျလယ်ယာစိုက်ပျိုးခြင်းက ပြောင်းလဲမှုများပိုဖြစ်စေ

၁၈၅၀ ပြည့်နှစ်ရောက်သော် နိုင်ငံအချို့သည် လယ်ယာစိုက်ပျိုးရေး သုတေသနလုပ်ငန်းကို ထောက်ပံ့ရန် ဓနအင်အားအလုံအလောက်ရှိလာသည်။ လယ်ယာစိုက်ပျိုးရေးကို သိပ္ပံနည်းကျလေ့လာမှုကြောင့် အပြောင်းအလဲမှာ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဥပမာ၊ ပျိုးပင်ဖောက်သူများသည် မျိုးရိုးဗီဇများကို လေ့လာကာ ပို၍အထွက်တိုးသည့် သို့မဟုတ် ရောဂါကိုကောင်းစွာ တွန်းလှန်နိုင်စွမ်းရှိသည့်အပင်များကို စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်။ သုတေသီများသည် ကောက်ပဲသီးနှံများနှင့် မြေဆီလွှာအမျိုးမျိုးအတွက် လိုအပ်သော နိုက်ထရိတ်နှင့် ဖော့စဖိတ်တို့၏ တိကျသည့်ပေါင်းစပ်မှုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ခြံလုပ်သားများသည် စိုက်ပျိုးရာသီတစ်လျှောက်လုံး ပေါင်းသင်ရှင်းလင်းရေးတွင် အလုပ်များခဲ့ကြ၏။ သို့သော် ပေါင်းပင်များ၏ ကြီးထွားနှုန်းကိုနှေးစေသော ခေတ်မီပေါင်းသတ်ဆေးများကို သိပ္ပံပညာရှင်များက တီထွင်လိုက်သောအခါ ယင်းအလုပ်သမားများ အလုပ်ဆုံးရှုံးသွားခဲ့ကြသည်။ အင်းဆက်ပိုးများ၊ ပိုးမွှားများနှင့် ကောက်နှံပိုးများသည်လည်း တောင်သူလယ်သမားများ၏ ရန်သူဟောင်းများဖြစ်သွားကြသည်။ သို့သော်လည်း ယခုအခါ လယ်သမားများသည် ပိုးမွှားအားလုံးနီးပါးကို သုတ်သင်ရန် ဓာတုပစ္စည်းအမျိုးမျိုးကို ရွေးချယ်နိုင်ကြသည်။ *

ကျွဲနွားတိရစ္ဆာန်များကို မွေးမြူကြသော လယ်သမားများ၏ဘဝလည်း ပြောင်းလဲသွားသည်။ နို့ညှစ်စက်ရုပ်များနှင့် တိရစ္ဆာန်များကို အစာကျွေးသောစက်ရုပ်များကြောင့် နွားကောင်ရေ ၂၀၀ ကို ကြည့်ရှုစောင့်ရှောက်ရန် နွားကျောင်းသားတစ်ဦးနှင့် အကူတစ်ဦးသာလိုအပ်သည်။ ထို့ပြင် လယ်သမားများသည် နွားပေါက်များနှင့် ဝက်များကို ကွင်းပြင်များတွင် မွေးမြူမည့်အစား ၎င်းတို့၏အပူချိန်နှင့် အစားအသောက်ကို ထိန်းချုပ်ပေးသည့် အမိုးအကာအောက်တွင် မွေးမြူလာနိုင်ခြင်းကြောင့် တိရစ္ဆာန်များသည် တစ်ခါနှင့်မျှမတူအောင် လျင်မြန်စွာ အသားတိုးလာကြသည်။

သိပ္ပံနည်းကျလယ်ယာစိုက်ပျိုးခြင်းမှ ထွက်ပေါ်လာသော ရလဒ်များမှာ အံ့မခန်းဖွယ်ဖြစ်လေ့ရှိ၏။ လယ်သမားတချို့သည် မိမိတို့၏ထုတ်လုပ်မှုပမာဏကို စက်မှုမထွန်းကားမီက လုပ်သားတစ်ဦးစီ ထုတ်လုပ်ခဲ့သည့်ပမာဏထက် အဆပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ပင် တိုးမြှင့်ခဲ့ကြသည်။ သို့သော် ထိုတိုးတက်မှုများက လူတို့၏အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။

လယ်သမားများ၏ ဘဝပုံစံပြောင်းလဲခဲ့

နေရာများစွာတွင် စက်ယန္တရားများကြောင့် လယ်သမားများ၏ဘဝပုံစံ ပြောင်းလဲသွားခဲ့လေပြီ။ လယ်သမားများနှင့် ခြံလုပ်သားအများစုသည် ယခုအခါ ခေတ်မီစက်ယန္တရားများကို ကိုင်တွယ်မောင်းနှင်ပြီး ပြုပြင်ထိန်းသိမ်းတတ်ကြရသည်။ ထို့ ပြင်၊ တစ်ဦးတည်းအလုပ်လုပ်ကြသည့် အလုပ်သမားများ တိုးများလာ၏။ အုပ်စုလိုက် ပျိုးကြဲခြင်း၊ ပေါင်းသင်ခြင်းနှင့် ရိတ်သိမ်းခြင်းတို့မှ ရရှိသော ခင်မင်ရင်းနှီးမှုလည်း ပပျောက်သွားခဲ့ပြီ။

ယခုအခါ နယ်မြေဒေသများစွာတွင် လယ်သမားပုံစံအသစ်တစ်မျိုး ထွက်ပေါ်လာသည်၊ သူသည် လယ်ယာထွက်ကုန်အမျိုးအမည်အနည်းငယ် သို့မဟုတ် တစ်မျိုးတည်းကိုသာ အမြောက်အမြားထုတ်လုပ်ခြင်းကို အထူးပြုလေ့လာသည့် အဆင့်မြင့်ပညာတတ် စီးပွားရေးသမားတစ်ဦးလည်းဖြစ်သည်။ သူသည် မြေရာ၊ အဆောက်အအုံများနှင့် စက်ယန္တရားများတွင် ငွေကြေးများစွာရင်းနှီးမြှုပ်နှံထား၏။ သို့သော်၊ သူသည် အခြားသူများကို အားထားနေရတုန်းပင်ဖြစ်သည်။ အစားအသောက်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများနှင့် ပုဂ္ဂိုလ်တစ်ဦးတည်းကပိုင်သော ကုန်တိုက်ကြီးများသည် ၎င်းတို့ထုတ်ကုန်၏ ဈေးနှုန်းများကိုသာမက အမျိုးအစား၊ အရွယ်အစားနှင့် အရောင်အသွေးများကိုလည်း သတ်မှတ်ပေးသည်။ လယ်ယာစိုက်ပျိုးရေးအင်ဂျင်နီယာများသည် ထုတ်လုပ်မှုစနစ်ကို စီမံသတ်မှတ်ပြီး ပစ္စည်းတစ်မျိုးကိုသာ အထူးထုတ်လုပ်သောကုမ္ပဏီများက စိုက်ခင်း၏ သတ်သတ်မှတ်မှတ်အခြေအနေများအတွက် လိုအပ်သော မှန်ကန်သည့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစပ်ထားသည့် မျိုးစေ့များကို ထောက်ပံ့ပေးသည်။ သူသည် ဘိုးဘေးများ၏ လယ်ယာစိုက်ပျိုးရေးနည်းစနစ်များနှင့်မတူဘဲ ပြောင်းလဲမှုများစွာ ပြုလုပ်ရသည်။ သို့သော်၊ သူသည် ကြိုးစားရုန်းကန်နေရဆဲဖြစ်ပြီး တချို့က အချို့သောစိုက်ပျိုးရေးနည်းစနစ်များ၏ ဖြစ်နိုင်ဖွယ် ဆိုးကျိုးများကြောင့် စိုးရိမ်ပူပန်နေကြသည်။

လယ်သမားများ ဘေးကျပ်နံကျပ်ဖြစ်နေဆဲ

ချမ်းသာကြွယ်ဝသောနိုင်ငံများတွင် လယ်သမားများစွာသည် သူတို့၏လယ်မြေများကို ဆုံးရှုံးနေရဆဲဖြစ်သည်၊ အကြောင်းမှာ သူတို့၏ထွက်ကုန်များကို လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းကြီးများလောက် ဈေးနှုန်းချိုသာစွာ မရောင်းချနိုင်၍ဖြစ်သည်။ လယ်သမားအချို့သည် ကမ္ဘာလှည့်ခရီးသည်များအတွက် နေရာစီစဉ်ပေးခြင်းအပါအဝင် အားလပ်ရက်ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် အပျော်စခန်းချ ခရီးထွက်ခြင်း၊ ဂေါက်ရိုက်ခြင်းနှင့် ကျေးလက် လက်မှုပစ္စည်းများ ထုတ်လုပ်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်ခြင်းဖြင့်သာ မိမိတို့မြတ်နိုးသောဘဝပုံစံကို ထိန်းသိမ်းထားနိုင်ကြသည်။ အခြားသူများမူ အထူးထုတ်ကုန်များဖြစ်သည့် သဘာဝမြေသြဇာသုံး အစားအစာများ၊ ပန်းများကိုစိုက်ပျိုး၍ ငှက်ကုလားအုတ်များနှင့် ကုလားအုတ်မျိုးဝင်တိရစ္ဆာန်များကို မွေးမြူရန် ဆုံးဖြတ်ကြသည်။

လယ်ယာလုပ်ငန်းဖြင့် ဝမ်းစာရှာနိုင်သော လူဦးရေ ၈၀ ရာခိုင်နှုန်းအထိရှိသည့် ပို၍နွမ်းပါးသောနိုင်ငံများတွင် ဝမ်းစာဖူလုံရုံမျှရှိသည့် လယ်သမားများစွာသည်လည်း စိတ်ထိခိုက်ဖွယ်အပြောင်းအလဲများ ကြုံတွေ့နေရသည်။ စက်မှုလယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုသော အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများသည် ဝေးလံသည့်နေရာများတွင်ရောင်းချမည့် ကောက်ပဲသီးနှံများကိုစိုက်ပျိုးရန် အကောင်းဆုံးမြေနေရာအများစုကို ဝယ်ယူကြပေမည်။ ဝမ်းစာဖူလုံရုံမျှရှိသော တတ်နိုင်သည့်လယ်သမားများသည် မိမိတို့၏မိသားစုကိုထောက်ပံ့ရန် မဖြစ်ထွန်းသောမြေ သို့မဟုတ် မြေကွက်ကျဉ်းကျဉ်းလေးများတွင် စက်ပစ္စည်းအနည်းငယ်ဖြင့် အလုပ်လုပ်ရလေ့ရှိသည်။

ယခုအခါ နိုင်ငံများစွာတွင် ဖြစ်ပျက်နေသည့် ကျေးရွာများမှ လူအမြောက်အမြား မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်းမှာ လွန်ခဲ့သောဆယ်စုနှစ်များစွာက စတင်ခဲ့သော ဖြစ်စဉ်တစ်ခုကြောင့်ဖြစ်သည်။ တောဓလေ့ပုံစံမှ မြို့ကြီးပြကြီး ပုံစံသို့ပြောင်းလဲသွားခြင်းက လူတချို့ကို အကျိုးပြုပြီး အခြားသူများကိုမူ စိတ်သောကရောက်စေနေဆဲဖြစ်သည်။ နစ်နာခဲ့ရသူများကို ထိထိရောက်ရောက်နှင့် စာနာမှုရှိရှိ ကူညီပေးသော အာဏာပိုင်များ မရှိသလောက်ပင်။ ပိုမိုကောင်းမွန်သည့် ဘဝအသက်တာသို့ပြောင်းလဲစေမည့် ဘုရားသခင့်နိုင်ငံတော်ကို လူသားများ အလွန်လိုအပ်နေပါသည်။—ဟေရှာယ ၉:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 နိုးလော့! သည် လယ်ယာစိုက်ပျိုးနည်းတစ်မျိုးမျိုးကို ထောက်ခံနေခြင်းမဟုတ်ပါ။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လယ်ယာစိုက်ပျိုးခြင်း နည်းလမ်းနှစ်သွယ်

အော်စေဘယိုသည် အင်ဒီးစ်ဒေသတွင် နေထိုင်ကာ ထိုတွင် ကောက်ပဲသီးနှံများကိုစိုက်ပျိုးပြီး နွား ၁၄ ကောင်ကို ထိန်းကျောင်းသည်။ သူက ဤသို့ဆိုသည်– “သူတို့အားလုံးမှာ နာမည်ကိုယ်စီရှိကြတယ်။ လယ်လုပ်ရတာကို ကျွန်တော်နှစ်သက်တယ်။ ကျွန်တော်တို့စားမယ့် ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးတယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ အိမ်နီးနားချင်းတွေကို ဝိုင်းကူပြီး ထွန်ယက်စိုက်ပျိုးပေးတယ်၊ ရိတ်သိမ်းပေးတယ်၊ အဲဒီနောက် သူတို့က ကျွန်တော်တို့ကို ပြန်ကူညီတယ်။ ဘယ်သူ့ဆီမှာမှ စက်ယန္တရားတွေမရှိဘူး။ ကျွန်တော်တို့ဟာ နွားသိုးတွေနဲ့ ထွန်ယက်ပြီး ဂေါ်ပြားတွေနဲ့ တူးဆွကြတယ်” ဟု သူပြောပြသည်။

“တစ်ခါတုန်းက ရောဂါတစ်မျိုးကြောင့် ကျွန်တော့်နွား တော်တော်များများ သေသွားတယ်။ အဲဒီနောက် တိရစ္ဆာန်တွေကို ဂရုစိုက်စောင့်ရှောက်နည်း သင်ကြားပေးတဲ့ ရက်တိုသင်တန်းတစ်ခု ကျွန်တော်တက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး အနာရောဂါကြောင့် တိရစ္ဆာန်တစ်ကောင်ကိုမှ မဆုံးရှုံးတော့ဘူး၊ အခု တိရစ္ဆာန်တွေပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်းတွေကို ကျွန်တော်တို့ ကူညီပေးနိုင်ပြီ။ ရွာထဲကဈေးမှာ ကျွန်တော်တို့ ဒိန်ခဲတွေ ရောင်းချကြပေမဲ့ ဈေးနည်းနည်းပဲရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကလေးခြောက်ယောက်အတွက် အစားအသောက် အမြဲရှိတယ်။”

ရစ်ချတ်သည် ကနေဒါပရေရီမြက်ခင်းလွင်ပြင်တွင် နှစ်စတုရန်းမိုင်ကျော်ရှိသော လယ်မြေတွင် စိုက်ပျိုးလုပ်ကိုင်သည်။ ပျိုးကြဲရာသီနှင့် ရိတ်သိမ်းရာသီတို့တွင် အလုပ်သမားတစ်ဦးကို ငှားရမ်းကာ အတူတူလုပ်သည်မှလွဲ၍ ကျန်အချိန်များတွင် သူတစ်ဦးတည်း လုပ်ကိုင်၏။

သူက ဤသို့ပြောသည်– “ကနေ့အချိန်မှာတော့ လယ်ယာစိုက်ပျိုးခြင်းရဲ့ ဖိစီးမှုက ရုပ်ပိုင်းထက် စိတ်ပိုင်းမှာ ပိုများတယ်။ ကျွန်တော့်ရဲ့ထွန်စက်နဲ့ ရိတ်သိမ်းစက်နှစ်မျိုးစလုံးမှာ ကျွန်တော့်ကို ဖုန်နဲ့ အင်းဆက်ပိုးတွေကနေ ကာကွယ်ပေးတဲ့ လေအေးစက်တပ်ထားတဲ့ အခန်းတွေရှိတယ်။ ပေ ၃၀ ကျယ်တဲ့ စက်ယန္တရားတွေ ကျွန်တော့်မှာရှိတဲ့အတွက် တစ်စတုရန်းမိုင်ရဲ့ လေးပုံတစ်ပုံကို တစ်ရက်တည်းနဲ့ မျိုးစေ့ကြဲနိုင်တယ် ဒါမှမဟုတ် ရိတ်သိမ်းနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ စက်ယန္တရားတွေကိုပဲ လုံးလုံးအားထားရလို့ အဲဒါက စိတ်ဖိစီးစေတဲ့အကြောင်းရင်းပဲ။ တစ်ခါတလေ၊ ငွေချေးပြီး ပစ္စည်းတွေလဲရတယ်။ ချေးငွေတွေကို ကျွန်တော်ပြန်ဆပ်နိုင်၊ မဆပ်နိုင်ဆိုတာက ကျွန်တော်မထိန်းချုပ်နိုင်တဲ့ မိုးရွာသွန်းမှု၊ ဆီးနှင်း၊ ထုတ်ကုန်ရဲ့ဈေးနှုန်းနဲ့ ချေးငွေအတိုးနှုန်းတွေပေါ်မှာ မူတည်တယ်။ လယ်ယာစိုက်ပျိုးရာကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုက ဒီကလယ်သမားတွေကြားမှာ အိမ်ထောင်ရေးပြဿနာတွေ အများကြီး ဖြစ်ပေါ်စေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိတောင်ပဲ။”

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

၁၈၃၁ ခုနှစ်တွင် တီထွင်ခဲ့သော မက်ကောမစ်ခ် ရိတ်သိမ်းစက်သည် လယ်သမားများအား သီးနှံများကို ယခင်ကထက် ငါးဆပိုမြန်အောင်ရိတ်သိမ်းစေနိုင်ခဲ့

[Credit Line]

Wisconsin Historical Society, WHi-24854