မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ အကူအညီတွေ့ရှိနိုင်ပုံ

လူငယ်များ အကူအညီတွေ့ရှိနိုင်ပုံ

လူငယ်များ အကူအညီတွေ့ရှိနိုင်ပုံ

အကောင်းဆုံးမျှော်မှန်းထားရာ ကမ္ဘာတွင် မိဘမှန်သမျှသည် မိမိတို့၏သားသမီးများကို ပုံမှန်နှင့် မေတ္တာပါပါလမ်းညွှန်ကာ လေ့ကျင့်ပေးကြသည်။ သူတို့သည် ကလေးများနှင့် စကားပြောဆိုကြမည်၊ စာဖတ်ပြကြမည်၊ အတူတကွ အစာစားမည်၊ သူတို့လေးများကို နားလည်ပေးကြပေမည်။ သို့သော် မိဘများသည် မစုံလင်ကြချေ။ သမ္မာကျမ်းစာက ဤသို့မှန်ကန်စွာဆိုသည်– ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကိုမမီကြ။’—ရောမ ၃:၂၃

သင်သည် လူငယ်တစ်ဦးဖြစ်ပါက သင့်မိသားစုဘဝမှာ စိတ်တိုင်းကျပျော်ရွှင်မှုမခံစားရဟု ယူမှတ်ပေမည်၊ သင်မှန်ကောင်းမှန်ပေမည်။ သို့သော် သင့်စိုးရိမ်ပူပန်မှုကို လျှော့ချပြီး သင့်ပျော်ရွှင်မှုကို တိုးပွားစေရန် သင်လုပ်ဆောင်နိုင်သည့် အရာများစွာ ရှိပါသည်။ သင့်ကို ကူညီပေးနိုင်သော ကျမ်းစာမူများကို ကျင့်သုံးရာတွင် နည်းလမ်းတချို့ကို သတိပြုကြည့်ပါ။

အကြံပြုချက် ၁

တစ်သီးပုဂ္ဂလမနေဘဲ အခြားသူများနှင့် ပေါင်းသင်းပါ

“သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” (သု. ၁၈:၁သမ္မာ) လူငယ်တချို့သည် လူအများကြားတွင်ရှိနေရခြင်းက သက်သောင့်သက်သာမရှိဟုခံစားရပြီး ရုပ်မြင်သံကြားကြည့်ရှုရန် သို့မဟုတ် ဗီဒီယိုဂိမ်းကစားရန် ပို၍လွယ်ကူသည်ကို တွေ့ရှိရသည်။ အခြားသူတို့မူ အရှက်အကြောက် အလွန်ကြီးသဖြင့် တစ်သီးပုဂ္ဂလနေကြ၏။ လူငယ်တစ်ဦးဖြစ်သူ အဲလစ်ဇဘက်က သူသည် “အမြဲလိုလိုရှက်ရွံ့နေ” ကြောင်း ဖော်ပြခဲ့သည်။ “ကျွန်မရဲ့ရှက်ရွံ့မှုက ကြောက်တာနဲ့ သွားတူတယ်။ ကျွန်မအတွက် လူတွေဆီ ချဉ်းကပ်ပြီး စကားပြောဆိုဖို့ အရမ်းခက်တယ်” ဟုသူကဆို၏။

အဲလစ်ဇဘက်သည် ရှက်ရွံ့မှုကို မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကာ သူ၏ဝတ်ပြုမှုအစိတ်အပိုင်းဖြစ်သော ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်သည်။ အဲလစ်ဇဘက်က ဤသို့ဆို၏– “ကျွန်မ ရှက်ကြောက်နေပေမဲ့ အစည်းအဝေးတိုင်းမှာ လူတစ်ယောက်နဲ့စကားပြောဆိုဖို့ ပန်းတိုင်ထားတယ်။ ပျက်ကွက်သွားရင် စိတ်ပျက်မသွားအောင် ကြိုးစားတယ်။ အဲဒီအစား ကျွန်မရဲ့အောင်မြင်မှုတွေအပေါ် အာရုံစိုက်လိုက်တယ်။ တခြားသူတွေကို သိကျွမ်းလာခြင်းကနေ အမှန်ပဲ အကျိုးခံစားရတယ်ဆိုတာ ကျွန်မ တွေ့ရပါတယ်။”

သင်ပိုမိုသိကျွမ်းလိုသော ပုဂ္ဂိုလ်နှစ်ဦးသုံးဦး၏အမည်ကို ချရေးထားပါလေ။ လာမည့်ရက်သတ္တပတ်တွင် ယင်းကို ပန်းတိုင်အဖြစ်ထားပါ သို့မဟုတ် ၎င်းတို့ထဲမှတစ်ဦးနှင့်ပတ်သက်၍ အသစ်သောအရာတစ်ခုခုကို သင်ယူရန် ပန်းတိုင်ထားပါ။ ထို့နောက် လာမည့်လအတွင်း အဆိုပါပုဂ္ဂိုလ်တစ်ဦးစီအတွက် သင်လုပ်ဆောင်ပေးနိုင်သည့် ကောင်းသောအရာတစ်ခုကို ရေးသားထားပြီး ယင်းအတိုင်း လုပ်ဆောင်ပါ။—တမန်တော် ၂၀:၃၅

သင်သည် ပြဿနာများနှင့်ကင်းကင်းနေပြီး လူတို့ကို ရှောင်နေမည်ဆိုလျှင် သင်သည် ကိုယ့်ကိုယ်ကို လိုသည်ထက် ပို၍အာရုံစိုက်သူဖြစ်လာမည်မှာ အမှန်ပင်။ အခြားတစ်ဖက်တွင် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြ” ရန် အကြံပေး၏။ (ဖိလိပ္ပိ ၂:၄) သင့်မိသားစုဝင်တို့အပြင် သင့်အနီးအနားရှိသူတို့နှင့် ဆက်ဆံရာတွင် ယင်းမူကို သင်ကျင့်သုံးပါက သင့်ပြဿနာများကို မျှမျှတတ ရှုမြင်တတ်လာပြီး ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မည်။

အကြံပြုချက် ၂

လိင်အကျင့်ယိုယွင်းမှုမှ ထွက်ပြေးပါ

“မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့။ လူပြုတတ်သော အခြားအပြစ်ရှိသမျှသည် ခန္ဓာကိုယ်ပြင်ပ၌ရှိ၏။ မတရားမေထုန်ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏။” (၁ ကောရိန္သု ၆:၁၈) အခြားလူငယ်များအကြားတွင် အလွန်ပျံ့နှံ့နေသည့် လိင်အကျင့်ယိုယွင်းခြင်းတွင်ပါဝင်ရန် ဖိအားပေးခံရသည့်အခါ သင်မည်သို့ရှောင်ရှားနိုင်သနည်း။

ဦးစွာ၊ ဤကိစ္စကို ဖိအားပေးမခံရမီ သို့မဟုတ် သွေးဆောင်မခံရမီ သေချာသုံးသပ်ဖို့လိုသည်။ “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုပညာရှိနယပုံပြင်တစ်ခုက ဆို၏။ (သု. ၁၄:၁၅) တောင်အာဖရိကနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သူ အမ်ဘလီက ဤသို့ဆို၏– “အထက်တန်းကျောင်းမှာ ကျွန်မအတန်းက ယောက်ျားလေးတစ်ယောက်ရဲ့ အဆက်မပြတ် တောင်းဆိုမှုကို ခံခဲ့ရတယ်။ သူက ရုပ်ဖြောင့်တယ်၊ မော်ဒယ်လ်ဘွိုင်းလည်းဖြစ်တယ်၊ ကျောင်းဘောလုံးအသင်းမှာ ဝင်ကစားနေတဲ့သူလည်းဖြစ်လို့ အတန်းထဲက မိန်းကလေးတွေက ကျွန်မကို သူနဲ့ချိန်းတွေ့ဖို့ ဖိအားပေးကြတယ်။ သူဟာ ဆွဲဆောင်မှုရှိတယ်လို့ ကျွန်မထင်ပေမဲ့ ကျွန်မရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို မချိုးဖောက်မိဖို့ ဆုံးဖြတ်ပြီးသားပါ။ ကြုံရာကျပန်းလိင်ဆက်ဆံတာ မမှားဘူးလို့ ကျွန်မရဲ့ရွယ်တူချင်းတွေက ယူမှတ်ထားကြပေမဲ့ ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာကို ကျွန်မသိထားတယ်၊ ဒီလိုအခြေအနေမျိုးနဲ့ မရင်ဆိုင်ရခင် အစောကြီးကတည်းက ကျွန်မ ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ပြီးသားဖြစ်တယ်။”

ဒုတိယမှာ ဘုရားသခင့် ကိုယ်ကျင့်တရားစံနှုန်းများကို သစ္စာရှိရှိစွဲကိုင်ရာတွင် ကူညီပေးပါရန် ကိုယ်တော့်ထံ ဆုတောင်းပါ။ အင်္ဂလန်နိုင်ငံတွင်နေထိုင်သည့် လူငယ်တစ်ဦးဖြစ်သူ မဂ္ဂီက ဤသို့ဆို၏– “လိင်ဆက်ဆံဖို့ ဖိအားပေးခံရတာကို ကိုင်တွယ်ဖြေရှင်းဖို့ ဆုတောင်းခြင်းက ကျွန်မလိုအပ်တဲ့ ခွန်အားရရှိစေတယ်။ အခြေအနေကို ကိုယ့်ဘာသာကိုယ် ထိန်းချုပ်နိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ကျွန်မမိဘတွေကိုလည်း အဲဒီကိစ္စပြောပြတယ်၊ တစ်ခါတလေ တခြားရင့်ကျက်တဲ့ မိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။”

အကြံပြုချက် ၃

သင်၏မိဘများကို စာနာတတ်အောင် ကျင့်ယူပါ

“သင်တို့ရှိသမျှသည် တစ်သဘောတည်းရှိကြလော့။ စာနာစိတ်ပြကြလော့။ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း၊ သနားစာနာခြင်း . . . ရှိကြလော့။” (၁ ပေတရု ၃:၈) သင့်မိဘများ ခွဲနေသည်ဖြစ်စေ၊ အတူနေသည်ဖြစ်စေ၊ မိဘနှစ်ပါးစလုံး အချိန်ပြည့်အလုပ်လုပ်နေသည်ဖြစ်စေ ယင်းတို့ကို သင်မထိန်းချုပ်နိုင်ပါ။ သို့သော် သူတို့နှင့် သင့်ဆက်ဆံရေး ပျက်ပြားသွားစေရန် ယင်းအခြေအနေများကို သင်ခွင့်ပြုမပြုကိုမူ အတိုင်းအတာတစ်ခုအထိ သင်ထိန်းချုပ်နိုင်ပါသည်။ သင်၏စိုးရိမ်ပူပန်မှုကို လျော့နည်းစေပြီး သင်၏ပျော်ရွှင်မှုကို တိုးများလာစေနိုင်သည့် နည်းတစ်နည်းမှာ သင့်မိဘများကို ထောက်ထားစာနာတတ်ရန် လေ့ကျင့်ပြီး သူတို့ရင်ဆိုင်နေရသော စိန်ခေါ်ချက်များကို နားလည်ပေးရန် ကြိုးစားခြင်းဖြစ်သည်။

အမ်ဘာအမည်ရှိ လူငယ်တစ်ဦးသည် ဤအကြံဉာဏ်ကို ကျင့်သုံးခဲ့သည်။ မိခင်နှင့်၎င်း၏ဆက်ဆံရေးသည် တစ်ခါတစ်ရံ စိတ်ဖိစီးမှု၊ နားလည်လွဲမှုနှင့် စိတ်ပျက်မှုတို့ဖြင့် ပြည့်နေကြောင်း သူဝန်ခံသည်။ သို့သော် သူက ဤသို့ဆို၏– “မေမေဟာ သူ့ဘဝမှာ အတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ သားသမီးလေးယောက်ကို မေမေပဲ ဒိုင်ခံကျွေးမွေးပြုစုခဲ့ရတယ်။ ကျွန်မတို့ စားဝတ်နေရေးအတွက် အမြဲစီမံပေးခဲ့တယ်။ မေမေ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ကျွန်မ တကယ်ပဲ အားကျတယ်၊ ကျွန်မလည်း အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ မေမေ့လို စိတ်ဓာတ်ကြံ့ခိုင်နိုင်ဖို့ မျှော်လင့်တယ်။”

သင်သည် သင့်မိဘများ၏ ခံစားချက်များကို ကိုယ်ချင်းစာပေးဖို့ ကြိုးစားမည်ဆိုလျှင် သင့်ပြဿနာများကို မှန်ကန်စွာရှုမြင်ရန် ယင်းက ထောက်ကူပေးနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းက သင့်မိဘများ၏ အရည်အသွေးကောင်းများကို အသိအမှတ်ပြု၍ အတုယူရန်လည်း ကူညီပေးနိုင်သည်။

ယုံကြည်အားထားရသောလမ်းညွှန်မှု၏ပင်ရင်း

အထက်ပါအကြံပြုချက်များသည် ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာတွင် တွေ့ရသည့် လက်တွေ့ကျဉာဏ်ပညာ၏ နမူနာမျှသာဖြစ်သည်။ ယင်းစာအုပ်ကို သင်ပိုမိုလေ့လာသည်နှင့်အမျှ ယင်းတွင်ဖော်ပြထားသော ယုံကြည်အားထားရသည့် လမ်းညွှန်မှု၏တန်ဖိုးကို သင်တန်ဖိုးထားလေးမြတ်ပါလိမ့်မည်။ *

သမ္မာကျမ်းစာကို သင်ပိုမိုလေ့လာသိရှိနိုင်သည့် နည်းတစ်နည်းမှာ ယေဟောဝါသက်သေများနှင့်ပေါင်းသင်း၍ သူတို့နှင့်အတူ ကျမ်းစာလေ့လာခြင်းဖြင့်ဖြစ်သည်။ ခက်ခဲသောကာလအတွင်း သင့်ကိုထောက်မပေးမည့် မိတ်ဆွေစစ်များကို သူတို့အလယ်တွင် ရှာတွေ့မည်ဖြစ်ကာ သမ္မာကျမ်းစာ၏ ပညာရှိအကြံဉာဏ်ကို သင့်ဘဝတွင် လက်တွေ့ကျင့်သုံးရန် ကူညီပေးပါသည်။ သမ္မာကျမ်းစာစံနှုန်းများအတိုင်း နေထိုင်ခြင်းက မလွယ်ကူသည်တော့ အမှန်ပင်။ သို့သော် ယင်းဘဝလမ်းစဉ်ကို သင်ရွေးချယ်ပါက သင့်ကို ရေရှည်အကျိုးပြုပါလိမ့်မည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 ယေဟောဝါသက်သေများ ထုတ်ဝေသည့် လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂ စာအုပ်သည် လူငယ်များရင်ဆိုင်နေရသော ဖိအားများကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့်ပတ်သက်၍ ကျမ်းစာအခြေပြုလမ်းညွှန်မှုပေးရာ အကောင်းဆုံးစာပေတစ်ခုဖြစ်သည်။ အလားတူအချက်အလက်များကို www.watchtower.org/ype အင်တာနက်ဝက်ဘ်ဆိုက်တွင်လည်း ထုတ်ဝေထားပါသည်။

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိဘများထံမှ ဆယ်ကျော်သက်များလိုအပ်ရာ

အချိန်ဝေမျှမှု– ရှေးအစ္စရေးနိုင်ငံရှိ မိဘများသည် “အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ” မိမိတို့၏သားသမီးများနှင့် မကြာခဏ စကားပြောဆိုသင့်ကြောင်း ယေဟောဝါဘုရားသခင် မိန့်မှာခဲ့၏။ (တရားဟောရာ ၆:၆၊ ၇) ယင်းသို့ပြုလုပ်နိုင်ရန် မိဘများသည် မိမိတို့၏သားသမီးများကို အချိန်ပေးရမည်။ ကလေးသူငယ်များကို မိမိအချိန်ပေးဖို့လိုအပ်ကြောင်း ယေရှုသိခဲ့သည်မှာ ထင်ရှား၏။ ဥပမာ၊ “လူတို့သည် သူငယ်များကို တို့ထိတော်မူစေရန် အထံတော်သို့ ဆောင်ခဲ့” သည့်အချိန်တွင် ယေရှုမည်သို့ တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော်သည် “သူငယ်တို့ကို ချီပိုက်လျက် သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” (မာကု ၁၀:၁၃၊ ၁၆) မိဘများအတွက် အလွန်ကောင်းသောစံနမူနာပင်တည်း။

ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်မှု– သမ္မာကျမ်းစာက “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟုဆိုသည်။ (သု. ၁၅:၂၂) သင့်သားသမီးများနှင့် သီးသန့် နှီးနှောတိုင်ပင်ခြင်းသည် သူတို့ငယ်ရွယ်သည့်အချိန်မှာပင် လိုအပ်ပေသည်။ အထူးသဖြင့် အိမ်၌ရှိနေချိန် နည်းပါးပြီး ကျောင်းမှသူငယ်ချင်းများ သို့မဟုတ် အခြားသောအပေါင်းအသင်းများနှင့် ရှိနေချိန်များသည့် ဆယ်ကျော်သက်အရွယ်တွင် အရေးတကြီးလိုအပ်၏။ သားသမီးများနှင့် မိဘများစပ်ကြား ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်ခြင်း၊ သီးသန့် နှီးနှောတိုင်ပင်ခြင်းမရှိလျှင် ဆယ်ကျော်သက်များသည် အိမ်တွင် သူစိမ်းဆန်လာနိုင်သည်။

သင့်လျော်သော ဆုံးမပဲ့ပြင်မှု– ဆုံးမပဲ့ပြင်မှုဟူသည် လိုအပ်ပါက အပြစ်ပေးနိုင်သော်လည်း ပြုပြင်တည့်မတ်ခြင်းနှင့် သင်ကြားပြသခြင်းကို အဓိကရည်ညွှန်းသည်။ “မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ဆုံးမခြင်းကို နာခံသောသူမူကား ပညာသတိနှင့်ပြည့်စုံ၏” ဟု နယပုံပြင် ၁၅:၅ [သမ္မာ] ကဆိုသည်။ ဆယ်ကျော်သက်တစ်ဦးသည် ဆုံးမခြင်းမခံရပါက ယင်းကို နာခံနိုင်မည်မဟုတ်ပေ။ မှန်ပါသည်၊ မိဘတို့အနေဖြင့် ဆယ်ကျော်သက်များကို ဆုံးမသည့်အခါ၌ ဟန်ချက်ညီဖို့လိုသည်။ သားသမီးတို့ကို စိတ်ဆိုးစေသည်အထိ၊ သားသမီးတို့၏ ကိုယ့်ကိုယ်ကိုယုံကြည်မှု ထိခိုက်ပျက်စီးသည်အထိ အလွန်အမင်းတင်းကျပ်ခြင်း မရှိသင့်ပေ။ (ကောလောသဲ ၃:၂၁) သို့သော် အရေးကြီးသည့်လေ့ကျင့်မှု ကို ကလေးများမရရှိဘဲ ကြိုက်ရာပြုလုပ်ခွင့်ပေးသည်အထိလည်း ခွင့်လွှတ်သည်းခံလိုကြမည်မဟုတ်။ ထိုသို့ ခွင့်လွှတ်သည်းခံခြင်းဖြင့် ဘေးဒုက္ခရောက်စေနိုင်သည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများ ထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်၏ အခန်း ၅ နှင့် ကိုကြည့်ပါ။