မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူဆိုးများ ငရဲကျမည်လော

လူဆိုးများ ငရဲကျမည်လော

သမ္မာကျမ်းစာရှုထောင့်

လူဆိုးများ ငရဲကျမည်လော

ပဲန်တီကော်စတဲလ် တရားဟောဆရာမတစ်ဦးဖြစ်သူ ဂါထရူးသည် ငရဲရှိသည်ကို အခိုင်အမာယုံကြည်ခဲ့၏။ ယင်းသို့သောနေရာမရှိဟုဆိုပါက သူသိရှိထားသော တရားမျှတမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေပေမည်။ အကယ်၍ လူဆိုးများ ငရဲမကျပါက ကြောက်မက်ဖွယ်ရာဇဝတ်မှုပုံစံအားလုံး အရေးယူခံရတော့မည်မဟုတ်ဟု သူဆင်ခြင်ခဲ့သည်။ ဂါထရူး၏ယုံကြည်ချက်သည် ခိုင်မြဲနေဆဲပင်။ သူက “လူဆိုးတွေအတွက် ငရဲမရှိဘူးဆိုရင် ဘုရားသခင်ကို ကျွန်မ ဝတ်ပြုကိုးကွယ်တော့မှာမဟုတ်ဘူး” ဟုဆိုခဲ့သည်။

ဘာသာတရားများစွာက သွန်သင်သည့်အတိုင်း လူဆိုးများ ငရဲကျမည်လော။ မကျပါက အဘယ်ပြစ်ဒဏ်ကို သူတို့ခံရမည်နည်း။

ဘုရားသခင်ပေးခဲ့သော ဦးဆုံးပြစ်ဒဏ်

သမ္မာကျမ်းစာအရ ဘုရားသခင်သည် ပထမဆုံး စုံလင်သောလူသားမောင်နှံကို ဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၁:၂၇; တရားဟောရာ ၃၂:၄) ကိုယ်တော်သည် သူတို့အား သာယာလှပသည့် ဥယျာဉ်တစ်ခုတွင် နေထိုင်စေ၍ ထာဝစဉ်အသက်ရှင်ခွင့်ပေးခဲ့သည်။ သို့သော် ပထမဆုံးလူသားများဖြစ်သော အာဒံနှင့်ဧဝတို့တွင် ကန့်သတ်ချက်တစ်ခုရှိသည်။ သူတို့ကို ဘုရားသခင် ဤသို့သတိပေးခဲ့၏– “ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။”—ကမ္ဘာဦး ၂:၁၆၊ ၁၇

ကျွန်ုပ်တို့၏ ကနဦးမိဘများသည် သစ္စာစောင့်သိမှုနှင့် နာခံမှုဆိုင်ရာ ဤရိုးရှင်းသည့်စမ်းသပ်မှုကို မအောင်မြင်ခဲ့ကြခြင်းမှာ ဝမ်းနည်းစရာပင်။ ဖန်ဆင်းရှင်သည် သူတို့ကို သေဒဏ်ပေးရန်လိုသည်။ “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။”—ကမ္ဘာဦး ၃:၁၉

အာဒံနှင့်ဧဝတို့သည် ငရဲကျမည့်အန္တရာယ်ရှိခဲ့ပါလျှင် ဘုရားသခင်သည် ထိုသို့သောပြစ်ဒဏ်နှင့်ပတ်သက်၍ သူတို့ကို သတိပေးခဲ့ပေမည်။ အမှန်မှာ ကိုယ်တော်သည် သေလွန်ပြီးနောက် ခံစားရမည့်အရာနှင့်ပတ်သက်၍ ဘာတစ်ခုမျှ မဖော်ပြခဲ့ခြင်းဖြစ်သည်။ သူတို့ ဝေဒနာခံစားနိုင်မည်မဟုတ်ပါ။ သူတို့သေလွန်ပြီးနောက် သူတို့၏ကိုယ်ခန္ဓာတွင် မသေနိုင်သည့်အစိတ်အပိုင်းတစ်ခု မကျန်ရစ်ခဲ့ချေ။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် ဤသို့ရှင်းလင်းစွာ ဖော်ပြထားသည်– “ပြစ်မှားသောဝိညာဉ် [“စိုးလ်၊” ကဘ] သည် အသက်သေရမည်။”ယေဇကျေလ ၁၈:၄ *

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အသက်ပေးသောအရှင်ဖြစ်သောကြောင့် အသက်နှင့်သေခြင်းအကြောင်း အလုံးစုံသိရှိတော်မူ၏။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟု ကိုယ်တော်၏နှုတ်မြွက်တော်တွင် ဖော်ပြထားသည်။ (ဒေ. ၉:၅) ထို့ကြောင့် အာဒံနှင့်ဧဝသည် ၎င်းတို့သေလွန်ပြီးနောက် မီးငရဲတွင် ဝေဒနာမခံစားနိုင်ကြချေ။ သူတို့သည် မြေကြီးထဲသို့သာ ပြန်ရောက်သွားခဲ့ပြီး မတည်ရှိတော့ချေ။ သူတို့သည် “အဘယ်အရာကိုမျှ မသိ” ကြတော့ချေ။

ကျွန်ုပ်တို့ သေလွန်ပြီးနောက် ဝေဒနာခံစားနိုင်ပါသလော

ရောမ ၅:၁၂ တွင်သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ . . . သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” ထိုသို့ဆိုလျှင် လူသားမျိုးနွယ်တစ်ခုလုံးကို သေတွင်းသို့ ပို့ခဲ့သည့် အာဒံသည် သေလွန်ပြီးနောက် မြေမှုန့်သာဖြစ်သွားပါက လူတို့သည် မိမိတို့၏အပြစ်ကြောင့် ငရဲတွင် ဝေဒနာခံစားရသည်ကို ယုံကြည်ခြင်းက ကျိုးကြောင်းညီညွတ်ပါသလော။—၁ ကောရိန္သု ၁၅:၂၂

ကျွန်ုပ်တို့အားလုံး အာဒံရောက်ရှိခဲ့သည့် ပညတ်တရားအောက် ကျရောက်သွားခဲ့ကြသည်။ “အပြစ်တရား၏အခကား သေခြင်းဖြစ်၏။” ထို့အပြင် လူတစ်ဦးသေဆုံးသွားသည်နှင့် သူသည် “အပြစ်တရား၏လက်မှ ကင်းလွတ်” သည်။ (ရောမ ၆:၇၊ ၂၃) လူကောင်းနှင့်လူဆိုးတို့ သေဆုံးသွားကြကာ ယင်းနောက် မည်သူမျှ ဝေဒနာခံစားရခြင်းမရှိလျှင် ဘုရားသခင်သည် လူဆိုးတို့ကို တရားမျှတစွာ မည်သို့ပြစ်ဒဏ်ပေးပါမည်နည်း။

ဘုရားသခင် တရားမျှတစွာစီရင်ပုံ

ကနဦးလူသားမောင်နှံကို ဖန်ဆင်းပြီး သားသမီးများမွေးကာ မြေကြီးကို ကြည့်ရှုစောင့်ရှောက်ဖို့ ဘုရားသခင် ညွှန်ကြားခဲ့ချိန်မှစ၍ နာခံသည့်လူသားများအတွက် ကိုယ်တော့်ရည်ရွယ်ချက်မှာ မပြောင်းလဲခဲ့ပေ။ (ကမ္ဘာဦး ၁:၂၈) ယင်းသည် ကိုယ်တော့်ရည်ရွယ်ချက် ဖြစ်နေဆဲဖြစ်ကာ နောက်ပိုင်းတွင် ကိုယ်တော် ဤသို့ရှင်းလင်းစွာ ကြေညာခဲ့၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉

ဖြောင့်မတ်သောသူတို့သည် ဤကမ္ဘာမြေကြီးပေါ် နေထိုင်ကြရမည်ကို သတိပြုပါ။ သူတို့သည် ကျန်းမာရေးဒေါင်ဒေါင်မြည်ကာ ပျော်ရွှင်သည့်ဘဝအသက်တာကို ပိုင်ဆိုင်ရပါလိမ့်မည်။ ကမ္ဘာမြေကြီးကို ဖြောင့်မတ်သည့်လူသားမျိုးနွယ်ဖြင့် ပြည့်စေရန်ဟူသော ဘုရားသခင့်မူလရည်ရွယ်ချက်သည် အမှန်တကယ်ပင် “အထမြောက်” ပါလိမ့်မည်။ လက်ရှိဆိုးယုတ်သည့်လောကကို ကမ္ဘာသစ်ဖြင့် အစားထိုးချိန်တွင် ယင်းသို့ဖြစ်ပျက်လာပါလိမ့်မည်။—ဟေရှာယ ၅၅:၁၁; ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၂၁:၄

ဘုရားသခင့်တောင်းဆိုချက်များကို မသိရှိဘဲ သေဆုံးသွားခဲ့ကြသည့် သန်းထောင်ပေါင်းများစွာသောသူတို့သည် ရှင်ပြန်ထမြောက်လာကြပြီး ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်နှင့်ဆိုင်သောညွှန်ကြားချက်များကို ရရှိကြပါလိမ့်မည်။ (ဟေရှာယ ၁၁:၉; ယောဟန် ၅:၂၈၊ ၂၉) အခြားတစ်ဖက်တွင် ဘုရားသခင့်ပညတ်များကို လိုက်နာရန် ငြင်းဆန်ကြသူ မည်သူမဆို “ဒုတိယသေခြင်း” ဖြင့် အပြစ်ပေးခံရကြမည်ဖြစ်သည်။ ယင်းသည် ဘယ်တော့မျှ နိုးထလာမည်မဟုတ်သော သေခြင်းဖြစ်သတည်း။—ဗျာ. ၂၁:၈; ယေရမိ ၅၁:၅၇

မေတ္တာရှင်ဘုရားသခင် ယေဟောဝါသည် လူတို့ကို မီးငရဲတွင် ညှဉ်းဆဲမည်မဟုတ်သည်မှာ ရှင်းနေပါသည်။ (၁ ယောဟန် ၄:၈) ကိုယ်တော်သည် ဆိုးယုတ်မှုများကို အစဉ်အမြဲ သည်းခံမည်လည်းမဟုတ်ပါ။ သို့ဖြစ်၍ ဆာလံ ၁၄၅:၂၀ [သမ္မာ] က ‘ယေဟောဝါသည် ကိုယ်တော်ကိုချစ်သောသူအပေါင်းတို့အား ကြည့်ရှုစောင်မတော်မူ၏။ ဆိုးသောသူအပေါင်းတို့ကိုမူကား ဖျက်ဆီးတော်မူ’ မည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။ ယေဟောဝါသည် မေတ္တာပြည့်ဝပြီး တရားမျှတသော ဘုရားသခင်ဖြစ်တော်မူ၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 သမ္မာကျမ်းစာတွင် “စိုးလ်” ဟူသည် လူကိုယ်ခန္ဓာမှ သီးသန့်ခွဲထွက်နေသည့်အရာကို မဆိုလိုဘဲ လူတစ်ကိုယ်လုံးကို ဆိုလိုသည်။ ကမ္ဘာဦး ၂:၇ ကဤသို့ဆို၏– ‘ယေဟောဝါဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ [“စိုးလ်၊” ကဘ] ဖြစ်လေ၏။’ အာဒံအား ၎င်း၏ကိုယ်ခန္ဓာမှ သီးသန့်ခွဲထွက်နေသောစိုးလ်တစ်ခု မပေးအပ်ခဲ့ချေ။ ယင်းအစား အာဒံကိုယ်တိုင်သည် အသက်ရှင်သောစိုးလ်ဖြစ်လေ၏။

သင်စဉ်းစားဖူးသလော

▪ ကျွန်ုပ်တို့တွင် မသေနိုင်သောစိုးလ် ရှိသလော။—ယေဇကျေလ ၁၈:၄၊ ကဘ။

▪ သေလွန်သူ၏အခြေအနေ မည်သို့ရှိသနည်း။—ဒေ. ၉:၅

▪ လူဆိုးများကို ဘုရားသခင် မည်သို့အပြစ်ပေးမည်နည်း။—ဆာလံ ၁၄၅:၂၀

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

“သေသောသူမူကား အဘယ်အရာကိုမျှမသိ။”—ဒေ. ၉:၅

[Picture Credit Line on page 10]

Photo: www.comstock.com

Photo: www.comstock.com